ပုဒ်ထီးပုဒ်မတွေနဲ့ ချုပ်နှောင်ထားခြင်းမရှိမယ့်ဝါကျတစ်ကြောင်းမှာပဲ အက္ခရာရိုးရိုးလေးတစ်လုံးဖြစ်ချင်ပြီ မေမေရယ်.....
31 August 2012
"မြို့မှာ အောက်ကမြင့် မပါရင် မြိုသွားမယ်"
ဘောလုံးဟာ မျက်နှာတည့်တည့်ဆီ
ပြေးဝင်လာတယ်၊ မရှုနိုင်မကယ်နိုင်
နေ့စွဲတွေအကြောင်းရေးခြစ်စရာ စာမျက်နှာလွတ်များ
မရှိတော့တဲ့ ဒိုင်ယာယီအဟောင်းလေး
သူ့ကို Blue Jean တစ်ထည်ဝယ်ပေးရန်-
ငါ့ကောင်းကင်ဟာ မပြာသေးဘူး
ကျွန်တော့်ကို အိပ်ယာခင်းလေးတစ်ရွက်လောက်ခူးပေးပါ
သစ်ပင်တွေက လေတိုက်တိုင်းလှုပ်ခါ
နေတော့ မလွယ်ဘူး
ရှင်သန်မှုက ဓာတ်ကြိုးပေါ်မှာ စီရရီ ခိုနားနေရုံပဲလား
သူမဟာ အဖြူရောင်ဂစ်တာတစ်လက်
ပဲပြုတ်ပူပူလေးနဲ့ မနက်ခင်းမရှိတော့
ဒေါက်ဖိနပ် တက်နင်းသွားသော ကဗျာစာရွက်လေး
ကျုပ်တို့ရွာမှာဆိုရင် ကျီးကန်းတွေမရှိပါဘူး
ခိုစာရောင်းနေသူအဘွားအိုရဲ့ လက်ကလွတ်ကျသွားတဲ့
ပြောင်းဖူးစေ့လေးဟာ အတောင်အလက်မစုံ
ရေစီးရေလာမကောင်းတဲ့ရေမြောင်းတွေမှာ
ငါးမရ ခြေဆေးပြန်ကြသူများ
ကတ္တရာလမ်းတွေဟာ မည်းချင်ယောင်ဆောင်ပြီး
ကျွန်တော့်ကို လှောင်ပြောင်နေကြတယ် မေမေ
ဓာတ်ကြိုးတွေ ဘယ်ကစပြီး
ဓာတ်ကြိုးတွေ ဘယ်မှာဆုံးသလဲ
ဓာတ်တိုင်တွေ မသိဘူး
တိုက်ခန်းကမြင့်လွန်းတော့ ခဏခဏ ခေါင်းလောင်းကြိုးမှားဆွဲတယ်
ပလက်ဖောင်းမပါတဲ့လမ်းတွေလျှောက်ရင်း
ကျပျောက်ခဲ့တဲ့ အကြွေစေ့လေး ဘယ်မှတ်တိုင်မှာ
ဘယ်ကားစီးရင် ဘယ်ကိုရောက်မယ်
မသိ/နိုးနိုးနဲ့ အိပ်ပျော်နေသောနာရီတစ်လုံး
Bus ကားဟာ ဘယ်မှာဂိတ်ဆုံးမလဲ
ကော်ဖီတွေပျံသန်းရာ လမ်းတစ်လျှောက်
စံပယ်ပွင့်တွေ လိုက်ကောက်မယ် ဟန်နီ
ဒီအချိန်ဆို လိုင်းကားမရှိတော့တာ သေချာတယ်။ ။
လင်းဝေအိမ်(၃၁-၀၈-၂၀၁၂)
24 August 2012
"လှည်း"
ဖုန်းလုံးကြီးတွေတလိမ့်လိမ့်
လွတ်အောင် ပြေးမထွက်နိုင်ဘူး
ဟဲ့ဆိုကာ နှင်တံမြှောက်လျှင်
ကျောပေါ်ကဒဏ်ရာလေးတွေ ခြူသံတလွင်လွင်
ဘယ်လိုပဲရုန်းရုန်း
အမှန်တရားဟာ ပခုံးပေါ်မှာပါမလာဘူး
လှည်းဟာ
လှည်းလမ်းကြောင်းအတိုင်းလိုက်
လှည်းလမ်းကြောင်းဟာ
လှည်းနောက်ကိုလိုက်
ဖုန်လုံးကြီးတွေက ထပ်ကြပ်မကွာ
ပန်းတိုင်မရှိတာကလွဲရင်
လှည်းဟာ
တရွေ့ရွေ့။
လင်းဝေအိမ်(၂၄-၀၈-၂၀၁၂)
17 August 2012
"မကွေး"
" မကွေး"
ဖြောင့်မတ်ခြင်းကို
နာမည်မှာထည့်ရေးထားတဲ့မြို့
ဧရာဝတီအရှေ့ဘက်ကမ်းမှာ
ငုတ်တုတ်ထိုင်ငေးနေတယ်
မြသလွန်ခြေတော်ရင်းဆီမှာတော့
သစ္စာစကားတွေက ၀ရုန်းသုန်းကား
ကမ်းနားလမ်းတစ်လျှောက်
ချစ်ခြင်းမေတ္တာကို
ရောင်းဝယ်ဖောက်ကားကြ
ကုန်သည်ပွဲစားတို့ရယ်...
မြို့လေးကိုတော့
ရောင်းမစားကြပါနဲ့
မီးခိုးနံ့သင်းနေတဲ့ နှင်းတွေ
နေကျဲကျဲအောက်က ထနောင်းပွင့်တွေ
မိုးရွာရင်
စက်ဘီးပတ်စီးဖို့ပြန်လာချင်တယ်။ ။
လင်းဝေအိမ်
စာပွင့်လွှာ မဂ္ဂဇင်း ၊ သြဂတ်လ ၊ ၂၀၁၂
01 August 2012
အိပ်တန်း
"အိပ်တန်း"
ညနေခင်း..။
မိုးစက်မှုန်မှုန်လေးများ ကပိုကရို ရွာသွန်းနေသည်။
ဟိုး.အဝေးဆီတွင် ငှက်ဖြူတစ်အုပ် ပျံသန်း နေကြ၏။ အိပ်တန်းပြန် ငှက်များ ဖြစ်ကြလိမ့်မည်။
ငှက်ကလေးများ မိုးစိုကြတော့မည်ဟု မဆီမဆိုင် တွေးပူမိလိုက်သည်။ တကယ်တော့ ကိုယ့်အိပ်တန်းဆီ
ကိုယ်ပြန်ခွင့်ရကြသော ငှက်ကလေးများအနေဖြင့် မိုးရေထဲမှာပင် ပျော်ရွှင်နေကြပါလိမ့်မည်။
ဟိုးတစ်ချိန်က တက္ကသိုလ်ကျောင်းသားဘ၀တွင်
ကျောင်းပိတ်ရက် အိမ် ခဏပြန်စဉ် အမေပြောခဲ့ ဖူးသော စကားများကို သတိရမိသည်။
"လူတွေဟာဘယ်နေရာကိုပဲရောက်နေပါစေ
ငှက်အိပ်တန်းတက်ချိန်ရောက်ရင်တော့ ကိုယ့်အိမ်ကိုသတိရတတ်ကြတာပဲ"
အိပ်တန်းပြန် ငှက်ကလေးများ၏ အတောင်ပံလေးတွေမှာ
သူ့ရဲ့ အိမ်လွမ်းစိတ်ကလေးကို ချိတ်ဆွဲပေးလိုက်ပါသည်။
သူ ငယ်ငယ်တုန်းက ဘောလုံးကွင်း အဟောင်းကြီးထဲမှာ
စွန်လွှတ်ခဲ့ရတာကို သတိရမိသည်။ တရွေ့ရွေ့ မြင့်တက်သွားသော စက္ကူစွန်လေးကို ငေးကြည့်ရင်း
ပျော်ရွှင်ကြည်နူးခဲ့ရသည်။ ရစ်ဘီးလုံးလေး၏ ထိန်းချုပ်မှုဖြင့် ပျံဝဲနေသော စွန်ကလေးကို
ငေးမောကြည့်နေခဲ့ရသော အရသာကို နှစ်နှစ်သက်သက် စွဲလန်းခဲ့သည်။ အိမ်ပြန်ချိန်ရောက်လျှင်
ရစ်ဘီးလေးဖြင့် ကြိုးပြန်ရုပ်သည်။ထို့နောက် စွန်ကလေးကိုပိုက်ကာ အိမ်ပြန်ခဲ့ရသည်။
ဖေဖေသည်လည်း သူ့ကို စက္ကူစွန်လေးလို လွှတ်တင်ခဲ့သည်။သူ
အမြင့်ဆုံးနေရာတွင် ပျံဝဲနိုင် အောင် လွှတ်တင်ပေးခဲ့ပါသည်။ အမြင့်တစ်နေရာတွင် သူ ပျံဝဲနေသည်ကိုကြည့်၍
ဖေဖေ ကြည့်နှုး နေခဲ့ပါလိမ့်မည်။ သို့သော် ဖေဖေသည် ရစ်ဘီးလေးဖြင့် သူ့ကို ကြိုးပြန်မရုပ်ခဲ့။
ထို့အပြင် ရစ်ဘီးမှ ကြိုးလေးကိုပင် ဖြတ်တောက် ပေး လိုက်သည်။ ထိုအခါ သူသည် ငှက်ကလေး
တစ်ကောင်ဖြစ် သွား၏။ အတောင် တဖျတ်ဖျတ် ခတ်ကာ ပို့၍မြင့်မား ကျယ်ပြန့်ရာ ကောင်းကင် ဆီသို့ ပျံတက် ခဲ့ရသည်။
တောင်သူတစ်ပိုင်း ကျောင်းဆရာတစ်ပိုင်း ဖြစ်သူ
ဖေဖေသည် အဝေးရောက် သားသမီးများ ကို လွမ်းတိုင်း ယာခင်းလေးများဆီသို့ သွားရောက်၍ အလွမ်းများကို လွှတ်တင်လေ့ရှိသည်။
ယခုဆိုလျှင်ပင် ဖေဖေသည် ပဲ၊နှမ်း စသဖြင့် သီးနှံ တစ်မျိုးမျိုး စိုက်ပျိုးထားသော ယာခင်းလေးထဲတွင်
ရောက်ရှိနေလိမ့်မည် ထင်သည်။ ထို့နောက် သူ ရှိမည် ထင်သောအရပ်ဆီသို့ မျက်နှာမူ၍ အလွမ်းတို့ကို
လွှတ်တင် နေပေလိမ့်မည်။ မိုးချုပ်လာလျှင်မူ အလွမ်းများကို ကြိုးပြန်ရုပ်၍ ရင်မှာပိုက်ကာ
ဖေဖေ အိမ်ပြန်လိမ့်မည်။
သူ၏ အတောင်ပံများ ပင်ပန်း နွမ်းနယ် လာသည့်အခါတိုင်း
ဖေဖေ ရစ်ဘီးလေး ဖြင့်ကြိုး ပြန်ရုပ် မည်ကို မျှော်လင့်မိတတ်ခဲ့သည်။ ထိုအချိန်တိုင်းတွင်
ဖေဖေသည်လည်း ရစ်ဘီးလုံးလေးကို ပိုက်ရင်း သူရှိမည့်အရပ်ဆီသို့ ငေးမောနေလိမ့်မည်မှာ အသေအချာပင်ဖြစ်သည်။သို့သော်
သူသည် စက္ကူစွန်လေး မဟုတ်တော့ ။ ငှက်ကလေး တစ်ကောင်ဖြစ်နေလေပြီ။
နှင်းတွေ ဆိုင်းညို့နေသော မနက်ခင်းတစ်ခုမှာ
သူ အိမ်ကိုစတင် စွန့်ခွာခဲ့ရသည်။ ဆယ်တန်း အောင်ပြီးနောက် တက္ကသိုလ် ဆက်တက်ရန် အိမ်မှထွက်ခွါ
ခဲ့ရခြင်းဖြစ်သည်။ ရထားဘူတာလေးဆီသို့ လမ်းလျှောက်လာရင်း အဝေးဆီမှာ ကျန်ရစ်ခဲ့သော ရွာကလေးကို
လည်ပြန်ငေးကြည့်မိစဉ် စိတ်ထဲတွင် ၀မ်းနည်းမှုအချို့ ယှက်သန်းလာခဲ့သည်ကို သတိရမိသေးသည်။
အိပ်တန်းတစ်ခုကို ထာဝရ စွန့်ခွါ ရတော့ မည့် ငှက်တစ်ကောင်၏ ခံစားချက်ဖြစ်ကြောင်း ထိုစဉ်က သူ နားမလည်ခဲ့ပါ။
ရထားကြီးတစ်စီးက သူ့ကို အိမ်မှဝေးရာဆီသို့
သယ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ ဇာတိရွာ ကလေးမှ
ပထမဆုံး ထွက်ခွာခဲ့ရခြင်းဖြစ်သော သူ့အတွက် ထိုရထားကြီး၏ ဥသြသံသည်ပင် ပထဆုံး ကြားဖူးသော
ရထား ဥသြသံဖြစ်သည်။ အက်ကွဲရှတသော ရထားသြဥသံသည် ရထားတစ်စင်း၏ ငိုသံ ဖြစ်နိုင်ကြောင်း
ကိုလည်း ထိုစဉ်က သူ မတွေးမိခဲ့ပါ။
ရထားဘူတာအနီးတွင် လှည်းတစ်စီး ဖြတ်မောင်း
သွားသည်ကိုလည်း သတိရမိသည်။ လှည်းပေါ်တွင် ၀က်တစ်ကောင်ကို ကြိုးများဖြင့် ချည်နှောင်လျက်သား
သယ်ဆောင် လာကြသည်။ စူးစူးနစ်နစ် အော်ဟစ်နေသော ၀က်အော်သံကြောင့် ကြားရသူတိုင်း နားမခံနိုင်အောင်ပင်
ဖြစ်ကြရ၏။
သူကတော့ တရွေ့ရွေ့ ထွက်ခွါလာသော ရထားပေါ်တွင်
ပျော်ရွင်တက်ကြွစွာပင် လိုက်ပါ သွားခဲ့ ပါသည်။ ရထားသံ တဂျူန်းဂျူန်း အောက်တွင် ထိုစိတ်ပျက်ဖွယ်ရာ
ဝက်အော်သံကို သူ မကြားရတော့ပါ။ ထိုစဉ်က သူ့ဆီတွင် တစ်စုံတစ်ခုအပေါ် ယုံကြည်မှုများ အခိုင်အမာ
ရှိနေခဲ့သည်ဟုထင်၏။
တစ်နေ့က သူ၏ ငယ်သူငယ်ချင်း တစ်ယောက်နှင့်
လက်ဖက်ရည်ဆိုင်တွင် ဆုံဖြစ်ကြသည်။
"လင်းဝေ..မင်းအိမ်ပြန်ဖြစ်သေးလား"
ထိုမေးခွန်းမှာ သူတို့သူငယ်ချင်းများ တစ်ယောက်နှင့်တစ်ယောက်
မတွေ့တာကြာမှ ပြန်တွေ့ ကြလျှင် မေးဖြစ်ကြသော မေးခွန်းတစ်ခုဖြစ်သည်။
"မပြန်နိုင်ပါဘူးကွာ"
သူ တိုးညင်းညင်သာစွာ ပြန်ဖြေ လိုက်သည်။ တကယ်တော့
အားအင်ကင်းမဲ့စွာ သူ၏စကားသံများ တိုးတိမ် နေခြင်းပင် ဖြစ်ပါသည်။
စီးကရက်တစ်လိပ်ကို ကောက်၍ရှိုက်ဖွာရင်း
တလွင့်လွင့် ဝေ့၀ဲသွားသော မီးခိုးငွေ့တွေထဲမှာ တစ်စုံတစ်ခုကို တွေ့လိုတွေ့ငြား သူ ငေးမောကာ
လိုက်ရှာ ကြည့်နေမိသည်။ ထို တစ်စုံတစ်ခုသည် မည်သည့် အရာဖြစ်ကြောင်းကိုမူ သူ သေသေချာချာ
မသိပါ။ ထိုသို့ ဘာမှန်းမသိသော အရာများကို ရှာဖွေဖို့ ကြိုးစား နေရင်းဖြင့်ပင် သူ့လက်ထဲမှ
စီးကရက်သည် တစ်ဝက်နီးပါး လောင်ကျွမ်း သွားခဲ့ပြီ။ ထို့နောက် စီးကရက်ကို ပြာခြွေခွက်ထဲသို့
ထိုးချေလိုက်ကာ သူငယ်ချင်း၏ မျက်နှာကို စိုက်ကြည့်ရင်း (သူ စကားပြော လျှင် တခြားသူ၏မျက်လုံးများကိုစိုက်ကြည့်ပြီးပြောလေ့ရှိသည်)-
"တကယ်တော့အိမ်ပြန်တယ်လို့တောင် ပြောလို့မရတော့ဘူးကွ၊
အိမ်ကို အလည်သွားတယ်လို့တောင် ပြောရတော့မလို
ဖြစ်နေပြီ။
မင်းတို့ငါတို့ငယ်ငယ်က အတူတူကစားရင်း မိုးချုပ်လာလို့
ကိုယ့်အိမ်ကို ပြန်ခဲ့ကြရသလိုမျိုး
မဟုတ်တော့ဘူးလေ"
သူငယ်ချင်းက သူ့ကို ဘာမှပြန်မပြောတော့ဘဲ
လက်ဖက်ရည်ဆိုင်ရှေ့တွင် ဆိုင်ရှင်ဖြစ်သူ၏ သားလေးနှင့် အခြားကလေးတစ်ယောက် ဆော့ကစားနေကြသည်ကိုသာ
ငေးကြည့်နေသည်။
တစ်ချိန်တုန်းက သူတို့ သူငယ်ချင်းနှစ်ယောက်သည်လည်း
ကစားဖော်ကစားဖက် တွေ ဖြစ်ကြ သည်။ ထိုစဉ်က အနီးနားဝန်းကျင်မှ အခြား သူငယ်ချင်း တစ်ယောက်၏
အိမ်သို့ သွားရောက်ကာ သူတို့ အတူတူ ကစားကြသည်။ မိုးချူပ်လာသောအခါ "အိမ်ပြန်တော့မယ်
" ဟုပြောကာ သူတို့ ကိုယ်စီ ကိုယ်စီ ကိုယ့်အိမ်ကို ပြန်ကြရသည်။ ထို ငယ်ဘ၀နေ့စွဲများမှ
အိမ်ပြန်ခြင်း၏ အဓိပ္ပါယ်သည် ယခုအခါ အမှည့်လွန် သစ်သီးတစ်လုံးသာ ဖြစ်နေလေပြီ။
"တက္ကသိုလ်တက်ဖို့ ငါတို့အိမ်က
ထွက်လာခဲ့ကတည်းက တဘ၀စာ အပြီးအပိုင် ထွက်ခွာ ခဲ့ရတာ ပဲကွ၊အခု ငါတို့ရဲ့အိမ်ကို ငါတို့ရှာဖွေရတော့မယ်။
နယ်မြေသစ်တစ်ခုမှာ အိပ်တန်းတစ်ခုကို ငါတို့ တည်ဆောက် ရတော့မယ်။ တကယ်တော့ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နိယာမတစ်ခုပါပဲလေ"
ကလေးများကို ငေးကြည့်နေရင်း ရုတ်တရက် ပြောလိုက်သော
သူငယ်ချင်း၏ စကားသံကြောင့် သူ့စိတ်များ ဖြန်းခနဲ အက်ကွဲသွားသလို ခံစားလိုက်ရသည်။ သူတစ်ခုခုပြန်ပြောဖို့
ဟန်ပြင်လိုက်စဉ်မှာပင် လက်ဖက်ရည်ဆိုင်ရှေ့တွင် ရပ်ထားသော ထီလှည်းမှ ရုတ်တရတ်ဖွင့်လိုက်သော
သီချင်းသံကြောင့် ခေါင်းကိုသာ အသာညိတ်ပြလိုက်မိပါသည်။
"အပူအပင်ကင်းတဲ့ ကလေးလေးဘ၀ကို တစ်ခါပြန်ပြီးရချင်သေးတယ်..
အပြစ်မရှိသေးတဲ့ ကလေးလေးဘ၀ကို တစ်ခါပြန်ပြီးရချင်သေးတယ်..."
နောက်ဆုံး သူငယ်ချင်းနှင့်သူ လက်ဖက်ရည်ဆိုင်မှအပြန်
လမ်းခွဲကြသောအခါ "ငါ အိမ်ပြန်တော့မယ်" ဟု သူ မပြောဖြစ်ခဲ့တော့ပါ။ သူ၏ သူငယ်ချင်းသည်လည်း
မှီခိုနေထိုင်ရာ ဘုန်းကြီးကျောင်းဆီသို့ ရောက်မည့် ဘက်စ်ကား မှတ်တိုင်ရှိရာဆီ တရွေ့တရွေ့
ထွက်ခွာသွားလေသည်။
ထိုနေ့က သူ ငှားရမ်း နေထိုင်ရာအဆောင်သို့
ပြန်ရောက်ချိန်တွင်မူ အဆောင်တံခါးကို ပိတ်ထား လေပြီ။ ။
လင်းဝေအိမ်
Subscribe to:
Posts (Atom)