25 May 2013

"ဇာတ်ဟာ ဇာတ်လိုက်ရဲ့ နောက်ကို လိုက်နေရတယ်"

"ဇာတ်ဟာ ဇာတ်လိုက်ရဲ့ နောက်ကို လိုက်နေရတယ်"

အိုဇုန်းလွှာကြီးပေါက်နေတာရှာဖွေတွေ့ရှိခဲ့တဲ့ ဒေါက်တာဂျိုးဖာမန် သေသွားပြီ
အိုဇုန်းလွှာကြီးကတော့ မသေမြဲ မရှင်မြဲ ပေါက် ပေါက် ပေါက် ပေါက် ပေါက်
အင်ဂျလီနာဂျိုလီရဲ့ ဖြတ်ထုတ်လိုက်ရတဲ့ ရင်သားအစုံမှာ မေတ္တာတရားတွေ တစ်ပေါက်ပေါက် ယိုစီး
ကမ္ဘာကြီးကိုယ်တိုင်က အစွန်းအထင်းတွေနဲ့ ကမ်းပါးစွန်းမှာ ရပ်နေရ
တစ်ယောက်အိပ်မွေ့ယာလေးပေါ်မှာ ဖက်လုံးလေး ဖက်ဖက်ပြီးအိပ်ရတာ ကျောမလုံဘူး
တစ်နေ့ ကင်ဆာ တစ်နေ့ တုပ်ကွေး တစ်နေ့ ဗုံးကွဲ တစ်နေ့ မီးလောင်
တစ်နေ့တစ်နေ့၊  တစ်နေ့တစ်နေ့၊  တစ်နေ့  တစ်နေ့   တစ်နေ့   တစ်နေ့
မီးခိုး သွေးစ မျည်ရည် ပေါက်ကွဲသံ အိမ်ယာမဲ့ မိဘမဲ့ သားသမီးမဲ့ 
လက်နက် အသစ်အဆန်း ဗိုင်းယပ်စ် အသစ်အဆန်း ရောဂါ အသစ်အဆန်း 
ဘယ်တော့မှ မရိုးနိုင်တဲ့ သေခြင်းတရားရဲ့ အမြဲတမ်း ဆန်းသစ်ချင်နေတဲ့ ရောဂါ
သတင်းစာစက္ကူတွေရဲ့ အနံ့ဟာ အော်ဂလီဆန်စရာကောင်းလောက်အောင် စူးရှ
ဖတ်စရာသတင်းတွေ များများလာတယ် ဖတ်ချင်စရာသတင်းတွေ ရှားရှားလာတယ်
ရပ်ပြီးနားထောင်ကြည့် ရှိုက်သံ သွားပြီးနားထောင်ကြည့် ငိုသံ
တိုက်ချွတ်နေတဲ့ လက်နက်တွေက ကိုယ့်မျက်နှာကို နောက်ဆုံးကြည့်လို့ရနိုင်လောက်အောင် ပြောင်လက်
ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ တစ်ခုစီ ဆွဲဖြုတ်နေသလို သေခြင်းတရားက တစ်ရစ်ချင်း 
ရှင်သန်နေရမှုဟာ ပြတ်လုပြတ်ခင် ဖိနပ်လေးနဲ့ တရွေ့ရွေ့
ကျည်ဆံတွေကို ဘယ်ခလုတ်ကမှ အစိုးမရဘူး
ဇာတ်ဟာ ဇာတ်လိုက်ရဲ့ နောက်ကို လိုက်နေရတယ်။

                                                               လင်းဝေအိမ်(၂၅-၀၅-၂၀၁၃)

20 May 2013

"လမ်း (၄၀) ထိပ်က ပိတောက်ရိပ်မှာ 'ဇေ' တစ်လုံးနဲ့ ငါ့ကိုစောင့်ပါ"

"လမ်း (၄၀) ထိပ်က ပိတောက်ရိပ်မှာ 'ဇေ' တစ်လုံးနဲ့ ငါ့ကိုစောင့်ပါ"

တစ်နေ့တစ်နေ့ တစ်နေတဲ့ စိတ်ကြီးကိုပဲ ထွေးမရ မြိုမရ
ငါတို့ဟာ လွတ်လပ်ချင်တဲ့ စိတ်ကြီးထဲ ပိတ်မိနေကြတယ်
အရွက်လေးကို ခူး တယ်၊ အဖူးလေးကို ခြွေတယ်
ငွေကြေးစွဲလန်းမှုဟာ ငါတို့ကိုဆောင့်ဆောင့်ခါတယ်
ပေါ့ပေါ့ပါးပါး တီရှပ်လေးပဲ ကောက်စွပ်ထားလိုက်ချင်ပါပြီ
မျက်မှန်တစ်လက်ပေါ်မှာ မှီခိုနေရတဲ့ အမြင်အာရုံ
တစ်ခုခုဆို တစ်ယောက်ယောက်နာမည်ကို အော်ခေါ်လိုက်ဖို့ မနည်းစဉ်းစားရ
သပ်သပ်ရပ်ရပ်မြို့ကြီးထဲမှာ သပ်အရိုက်ခံထားရတဲ့ သားရဲ
ကြောက်ရင်လွဲ ရဲရင်လည်းလွဲ၊ မရှိတဲ့ ပစ်မှတ်ကြီးကိုပဲ မျက်စေ့စုံမှိတ်ပြီး ချိန်ချိန်နေရ
ထိုင်နေကျ ခုံပုလေးတွေလို စိတ်လွတ်ကိုယ်လွတ် ဆွဲထိုင်ပစ်ချင်တယ်
စန္ဒယားခလုတ်တွေသာ ကုန်သွားတယ် ကိုယ့်အသံကိုယ် ရှာမတွေ့ဘူး
လမ်းတွေက လမ်းပီသဖို့ ကွေ့ရ ကောက်ရ နိမ့်ရ မြင့်ရ
မနက်ဖြန်ရုံးတက်ရမယ်၊ တစ်ရွေ့ရွေ့ ရုန်းတက်နေကြရ
ပဲ့ကြွေကျသွားတဲ့ ပေါင်မုန့် အစအနလေးတွေ
သံပြိုင်သီဆိုရမယ့် အပိုဒ်ရောက်တိုင်း အဲဒီသီချင်းတွေထဲက ထွက်ထွက်ကျတယ်
မိတ်ဆွေစာရင်းမှာ နာမည်တွေ လျော့လျော့လာတာလည်း ပျော်စရာတစ်ခုပဲ
ငါတို့ရှေ့က စားပွဲခုံလေးပေါ်မှာ ကမ္ဘာကြီးဟာ ကာဗာကြီးနဲ့ ပကတိမဲ့
တစ်ခါသုံး ပလက်စတစ်ခွက်ကလေးရဲ့ ပေါ့ပါးမှုမျိုးနဲ့ တန်ဖိုးတွေကို စွန့်ပစ်မယ်
မုတ်ဆိတ်တွေ မရိတ်မသင်ဖြစ်သေးသရွေ့
မေးစေ့က အမာရွတ်လေးကိုဘယ်သူမှမမြင်နိုင်ကြဘူး
တစ်နေ့နေ့ ငါတို့ရဲ့ အသံကို သူတို့ကြားကြပါလိမ့်မယ်။

                                               လင်းဝေအိမ်(၂၀-၀၅-၂၀၁၃)

05 May 2013

"မြို့လား"

"မြို့လား"

မြို့ထဲကိုဝင်တာနဲ့ ဆိုင်ရာပိုင်ရာတွေကို ပူဇော်ပသပါ၊ မြို့က နက်တယ်
မြို့က မာယာများတယ်၊ မြို့ကောင်တွေရဲ့ အန္ထရယ်ကိုသတိထား
မြို့ဟာ ကူရာကယ်ရာမဲ့အောင် မှောင်တယ်၊ မြို့မှာ ကိုယ့်လမ်းကိုယ် ခုတ်ထွင်ရှင်းလင်း
မြို့ရဲ့ နေရာတိုင်းမှာ ငွေကြေးဟာ ချောင်းမြောင်းနေတယ်၊ မြို့မှာ လေညာ လေအောက် သတိပြု
မြို့မှာ ခြေရာတွေမထင်ကျန်စေနဲ့၊မြို့မှာ အပေါ့/အလေးစွန့်တာကအစ သတိရှိ
မြို့မှာ ဥပဒေသတွေကို မေ့လိုက်၊ မြို့မှာ အစာလုကြ၊ မြို့မှာ မိတ်လိုက်ကြ
မြို့မှာ လျင်သူစားစတမ်း၊ မြို့မှာ ဦးတဲ့သူ မုဆိုး၊ မြို့မှာ အုပ်စုဖွဲ့အနိုင်ကျင့်
မြို့မှာ မျိုးတူချင်းသတ်ဖြတ်၊ မြို့မှာ ရုပ်ဝတ္ထုချင်း တိုက်ခိုက်
မြို့ဘုရင်ဟာ အမြီးကောက်ကောက်နဲ့၊ မြို့ရဲ့ဗီဇစိတ်က ဘယ်ကျည်တောက်စွပ်စွပ်မဖြောင့်ဘူး
မြို့နက်ထဲရောက်တာနဲ့ သတိကို အသင့်ဆွဲထုတ်ထား၊ မြို့မှာ လက်ဦးမှုဟာ ရှင်သန်ခြင်းပဲ
မြို့မှာ တစ်ယောက်နာမည်တစ်ယောက်မခေါ်နဲ့၊  မြို့မှာ အသံတိတ်ဆက်သွယ်
မြို့မီးလောင် မြို့ကြောင်လက်ခမောင်းခတ်၊  မြို့မှာ အမှောင်တရားဟာ အမှန်တရား
မြို့မှာ တိတ်ဆိတ်ခြင်းတွေ ဆူညံ၊ မြို့မှာ ဦးတည်ရာအရပ် မရှိ
မြို့မှာ မမြင်နိုင်လောက်အောင် ဘာမှန်းမသိတဲ့အရာတွေနဲ့ အုပ်ဆိုင်း
မြို့မှာ ဘာမှန်းမသိလောက်အောင် မမြင်နိုင်တဲ့အရာတွေနဲ့ အုပ်ဆိုင်း
မြို့မှာ ...၊ မြို့မှာ ...၊ မြို့မှာ ...၊ မြို့မှာ...၊ မြို့မှာ...၊ မြို့မှာ...
မြို့မှာ ကိုယ့်ကိုယ်ကိုတောင် မယုံနဲ့။

                                             လင်းဝေအိမ်(၀၅-၀၅-၂၀၁၃)