31 October 2014

“သူစိမ်း ညနေ”

“သူစိမ်း ညနေ”


ညနေသည် တုန်ရီတိုးလျစွာ ရောက်ရှိ လာခဲ့ပြန်ပါပြီ။    

အိမ်ရှေ့က ကွင်းပြင်ကြီးထဲမှာ ကလေးတွေ စွန်လွှတ်နေကြတယ်။ ငယ်ငယ်တုန်းကတော့ စွန်လွှတ်တယ် ဆိုတာဟာ သိပ်ကိုစွန့်စားရတဲ့ အလုပ်ပဲဆိုတာ  မသိဘဲနဲ့  စွန်လွှတ်ခဲ့ကြတယ်။ အရွယ်ရောက် လာတော့ လည်း စွန့်စားရတဲ့ အလုပ်ဆိုတာ သိရက်နဲ့ပဲ စွန်လွှတ် နေကြတာပါပဲ။ ရုတ်တရက် ကြိုးပြတ်သွားတဲ့ စွန်ကလေးရဲ့ နောက်ကို ကောင်လေးတစ်ယောက်  အပြေးအလွှား လိုက်နေတယ်။ လေထဲမှာလွင့်နေတဲ့ ကြိုးပြတ် အစလေးကို သူ့ရဲ့ အရပ်ပုပုကလေးနဲ့ မမှီမကမ်းခုန်ဖမ်းဖို့ ကြိုးစားနေတယ်။ မမှီနိုင်တော့တဲ့ အဆုံးမှာတော့ ကောင်လေးဟာ တရွေ့ရွေ့နဲ့ လွင့်ဝေးသွားတဲ့ သူ့ရဲ့ စွန်ကလေးကို ရစ်ဘီးလုံလေး ပိုက်ရင်းနဲ့ပဲ ငေးကြည့် နေပါတော့တယ်။ ကောင်လေးဟာ သူ့ကိုကျောပေးထားတဲ့ အနေအထားနဲ့ ရပ်နေတာမို့ ကောင်လေးရဲ့ မျက်ဝန်းတွေမှာ မျက်ရည်စတွေ ဝေ့သီနေသလား ဆိုတာကိုတော့ သူ မမြင်ရပါဘူး။ ကောင်လေးခမျာ ၀မ်းနည်းနေမှာတော့ အသေအချာပဲ။

"ချာတိတ်ရေ..မင်းရဲ့ စွန်ကလေးကိုတစ်နေ့နေ့ ပြန် တွေ့ရင်တွေ့မှာပါကွာ"

အဲဒီလို ကောင်လေးရဲ့ စိတ်ထဲက ၀မ်းနည်းမှုတွေကို မျှော်လင့်ချက်လေး အနည်းငယ်နဲ့ပဲ ဖြစ်ဖြစ် ဖြေလျော့ ပေးလိုက်ချင်ပါရဲ့။ ၀မ်းနည်းမှုတွေထဲမှာ ကျွံကျ နစ်မြုပ်သွားတဲ့ စိတ်ဟာ မျှော်လင့်ချက်ကလေး တစ်ခု တစ်လေကို ဆွဲကိုင်ခွင့် ရလိုက်တဲ့အခါ နည်းနည်းပဲ ဖြစ်ဖြစ် သက်သာရာတော့ ရသွားမှာပဲ မဟုတ်လား။ ဒါပေမယ့် ငယ်ငယ်က ပျောက်ဆုံးခဲ့ရတဲ့ သူ့ရဲ့စွန်ကလေးကို သူကိုယ်တိုင်လည်း အခုအချိန်အထိ  ပြန်ရှာ မတွေ့နိုင်သေးဘူး ဆိုတာကိုတော့ ကောင်လေးမသိအောင် ဖုံးကွယ်ထားဖို့ လိုအပ်မှာပေါ့။ ကြိုးပြတ် လွင့်မျော သွားတဲ့ စွန်ကလေးရဲ့  နောက်ကိုလိုက်ရင်းနဲ့ သူဟာ နှစ်ပေါင်းများစွာ အိမ်ကို ပြန်မလာ နိုင်ခဲ့ဘူး ဆိုတာ အခုလိုအချိန်မျိုးမှာ ကောင်လေးကိုပြောပြဖို့ မသင့်လျော်တဲ့ ပုံပြင်အို တစ်ပုဒ်ပဲလေ။

အဲဒီအချိန်မှာပဲ သူရဲ့ မြင်ကွင်းထဲကို နွားလှည်းတစ်စီးက တရွေ့ရွေ့နဲ့ ဖြတ်မောင်း ၀င်လာပါတယ်။ လှည်းနောက်မှာ တလိမ့်လိမ့် ကပ်ပါလာတဲ့ ဖုန်လုံးကြီးတွေရဲ့အောက်မှာ စွန်ကလေးကို နှမြောတသစွာ ငေးမောနေတဲ့ ကောင်ကလေးရဲ့ ပုံရိပ်ဟာ ပျောက်ကွယ် သွားပါတယ်။ သူ့ရဲ့ အာရုံတွေကလည်း ကောင်လေး အပေါ်ကနေ ဖြတ်မောင်းသွားတဲ့ နွားလှည်းရဲ့ အပေါ်ကို ကူးပြောင်း ရောက်ရှိသွားပါတယ်။ ဖုန်လုံးကြီးတွေကိုကြည့်ရင်း သူဟာ နှာခေါင်းကို လက်ဖ၀ါးနဲ့ အုပ်ထားမိတယ်ဆိုတာ သူ့ကိုယ်သူ သတိ ထားလိုက်မိတယ်။ ဒါဟာ ဒီပတ်ဝန်းကျင် ဒီဒေသမှာ နေထိုင်အသားကျ နေတဲ့သူတွေ လုပ်လေ့လုပ်ထ သိပ်မရှိတဲ့ အမူအကျင့်တစ်ခုပဲ။ ဖုန်တွေသဲတွေကြားမှာ လှုပ်ရှားသွားလာနေကြသူတွေ အဖို့ ဒါဟာ မထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခုပဲလေ။ ဆိုတော့ သူဟာ  ဒီပတ်ဝန်းကျင် ဒီဒေသနဲ့ ကင်းကွာခဲ့ရတာ ဘယ်လောက် တောင်များ ကြာမြင့်ခဲ့ပြီတဲ့လဲ။ အချိန်ကာလတစ်ခု အတိအကျ မပြောနိုင်ရင်တောင် ဒီဒေသ ရဲ့ ဓလေ့စရိုက်တွေကို မေ့လျော့သွားလုနီးပါး ကြာမြင့်ခဲ့ပြီလို့ ဆိုရမှာပါပဲ။  သူ ဒီလို နွားလှည်းကို အပြင်မှာ မမြင်ရတာလည်း ကြာပြီကောလေ။

လေရူးတစ်ချက်က ဝှေ့ခနဲ တိုက်ခတ်လိုက်ပါတယ်။ သူ့ရဲ့ ရှည်လျား တွန့်လိမ်နေတဲ့ ကြမ်းထော်ထော် ဆံပင်တွေ တဖျတ်ဖျတ် လွင့်နေအောင် တိုက်ခတ်လိုက်တဲ့ အဲဒီ လေ’ ကို ‘လေရူး’ လို့ သုံးနှုန်း လိုက်ရ ခြင်းအပေါ်မှာ သူ တကယ်တော့ စိတ်မကောင်း ဖြစ်မိတယ်။ "တိုက်ခတ်စရာ ဦးတည်ရာအရပ် ပျောက်ဆုံး နေသော လေ" ရယ်လို့ စာအုပ်ကြီးတွေထဲက လေသံအတိုင်း သုံးနှုန်းလိုက်ဖို့ ကိုတော့ မရည်ရွယ် ပါဘူးလေ။ ဒါပေယ့် ဦးတည်ရာအရပ် ပျောက်ဆုံးခဲ့ရခြင်းကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ ဖြတ်သန်းခဲ့ရသူ တစ်ယောက်အဖို့ လေရူး’  လို့ ခေါ်ဆို လိုက်ရတာကိုတော့ စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ။

လေအဝှေ့မှာ သူ့အပေါ်ကို အုပ်မိုးနေတဲ့ သစ်ပင်ကြီးရဲ့ ကျိုးတို့ကျဲတဲ အကိုင်းတွေမှာ ခိုတွဲ ကျန်ရစ် နေကြတဲ့ ရွက်ဝါလေးတွေခမျာ တဖျောဖျော ကြွေကျကုန်ပါတော့တယ်။ ဒါဟာ နွေဦးလား။ နွေဦးရယ်တော့ ပီပီသသ မမြည်သေးဘူး ထင်ပါရဲ့။ ဆောင်းရဲ့ အအေးဓာတ်မှ လုံးလုံးလျားလျား မကုန်စင် သေးဘဲ။   အခု တိုက်ခတ်လိုက်တဲ့လေဟာ ဆောင်းကြွင်း မြောက်ပြန်လေ ဖြစ်မယ်ပေါ့။ တစ်ဝက် တစ်ပျက်ပဲ ဆွဲတင် ထားတဲ့ အနွေးထည်ရဲ့ ဇစ်ကို မေးဖျားအထိ အဆုံးဆွဲတင်လိုက်ပါတယ်။ သူဟာ ဘာမှ မပြောပလောက်တဲ့ အအေးဒဏ်ကိုတောင် ခံနိုင်ရည် မရှိတော့ဘူး။ ဆောင်းနဲ့ ထိတွေ့ခွင့်မရတာပဲ နှစ်တွေ မနည်းတော့ ဘူးလေ။

လွန်ခဲ့တဲ့ နှစ်ကာလတစ်ခုမှာပေါ့။ သူ့ရဲ့ အမေဟာ အိမ်ရှေ့မှာ ကြက်ကလေးတွေကို အစာကျွေးနေတယ်။ ပါးစပ်က တတီတီ နဲ့ ကြက်တွေကို အော်ခေါ်နေရင်းပေါ့။ အမေက အစာ လာစားကြတဲ့ ကြက်တွေကို ဘယ်နှစ်ကောင်လဲဆိုတာ ရေတွက်နေတယ်။ တစ်ကောင်ချင်းစီရဲ့ ဖြစ်နိုင်ချေ အလေးချိန်ကိုလည်း ခန့်မှန်း ကြည့်နေတယ်။ ဈေးကွက်မှာ အလေးချိန် တပိသာကို ဘယ်ဈေး ပေါက်သလဲဆိုတာနဲ့ ချိန်ထိုးပြီး ငွေကြေး အားဖြင့် ဘယ်လောက်ရမယ် ဆိုတာကိုပါ တွက်ချက်ကြည့်တယ်။အဲသလိုနဲ့ အမေမွေးထားတဲ့ ကြက်တွေ အကုန် ရောင်းထုတ်ပြီးသွားတဲ့ နောက်မှာပဲ အနွေးထည် တစ်ထည် ၀ယ်ဖို့ လုံလောက်တဲ့ ငွေကြေးပမာဏ ကို အမေက သူ့ကိုပေးခဲ့တယ်။ အဲဒါ အခုသူဝတ်ထားတဲ့ အနွေးထည်လေးပေါ့။ အနွေးထည်လေးခမျာ နှစ်ပေါင်းများစွာ သူ ချန်ထားရစ်ခဲ့ရတဲ့ ထင်းရူး သေတ္ထာလေးထဲမှာပဲ ပိုင်ရှင်ကင်းဝေးစွာ ခိုအောင်း နေခဲ့ရ ရှာပါတယ်။

လှေကားခြေရင်းက ဖိနပ်ခုံလေးပေါ်မှာ အနက်ရောင် ကတ္တီပါ ဖိနပ်ကလေး တစ်ရံကလည်း သူ ထားရစ် ခဲ့တဲ့အတိုင်း နေရာမယွင်း ရှိနေတယ်။ ဖိနပ်သဲကြိုးလေးတွေမှာ ပင့်ကူ မျှင်တွေတောင် သွယ်တန်းနေပါရဲ့။ သူ့ရဲ့ ခြေထောက်တွေဟာ ကတ္တီပါ ဖိနပ်ကလေးနဲ့  တော်မှတော်ပါဦးမလား ဆိုတဲ့ စိုးရိမ်စိတ် နဲ့ပဲ သူ ဖိနပ်ကလေးကို ပြန်မစီးဖြစ်တော့ပါဘူး။ ကတ္တီပါဖိနပ် စီးခဲ့ဖူးသော နေ့စွဲများဟာ ပြန်ရှာဖို့ မလွယ်ကူ တော့တဲ့ ဒိုင်ယာယီစာအုပ် အဟောင်းလေးတွေနဲ့အတူ ပျောက်ကွယ်ခဲ့ပါပြီလေ။

"ဟေးး ကြည့်စမ်းဟ... မန်ကျည်းရွက်ကလေးတွေတောင် အိပ်ကုန်ကြပြီ"

မှုန်ရီဝိုးဝါး ညနေခင်းတစ်ခုမှာ တစ်ယောက်ယောက်က အဲဒီလို ပြောလိုက်ပါတယ်။ ဘယ်သူက ပြောလိုက်တာလဲ။ ဘယ်တုန်းက ပြောခဲ့လိုက်တာလဲ ဆိုတာတော့ သူ့ရဲ့ မှတ်ဥာဏ်က ပြန်လည် ဖော်ပြ နိုင်စွမ်း မရှိတော့ဘူး။ အရွက် ရိုးတံ တစ်ဖက်တစ်ချက်စီက မန်ကျည်းရွက် သေးသေး ရှည်ရှည် လေး တွေဟာ ညနေရောက်တာနဲ့ တစ်ရွက်နဲ့တစ်ရွက် မျက်နှာချင်းဆိုင် ပူးကပ်သွားကြပါတယ်။ ဒါကိုပဲ မန်ကျည်းရွက် ကလေးတွေ အိပ်ကုန်ကြပြီလို့ တစ်စုံတစ်ယောက်က ပြောလိုက်တာပေါ့။ ဒါဟာ သိပ်ကိုလှ ပြီး သိပ်ကို ကဗျာဆန်တဲ့ စကားပဲဆိုတာ အဲဒီအချိန်တုန်းကတော့ သူ သတိမထားမိခဲ့ဘူး ထင်ပါရဲ့။ တကယ်တော့ ဒါဟာသိပ်ပြီးတော့ လူသားဆန်တဲ့ စကားလည်းပဲ ဖြစ်ပါတယ်။

မန်ကျည်းရွက်ကလေးတွေတောင်  အိပ်ကုန်ကြပြီ....” တဲ့။

ဟိုး...အဝေးဆီက လွင့်ပျံလာတဲ့ အသံချဲ့စက်အသံက ဟင်္သာတ ထွန်းရင်ရဲ့ လူကြီးတွေသိမှာစိုးတယ် သီချင်း ဖြစ်နေတယ်။ မှိုင်းရီနေတဲ့ ညနေခင်းတစ်ခုမှာ အဲဒီသီချင်းကို အသံချဲ့စက်ကနေ ကြားခဲ့ရဖူးတယ်။ အမှတ်မမှားဘူး ဆိုရင် အဲဒီညနေခင်းဟာ ဆောင်းညနေခင်းတစ်ခုပဲ။ ညနေ၀င်စ အချိန်မှာပေါ့။ လက်ဖျား မှာ စိုစွတ်နေတဲ့ ချွေးစတွေ၊ ဆောင်းညရဲ့ တဖြည်းဖြည်းချင်း တရွေ့ရွေ့ အေးစိမ့်လာမှု ၊ တလောကလုံး မှိုင်းဝေနေတဲ့အချိန် အသံချဲ့စက်ကနေ လွင့်ပျံလာတဲ့ သီချင်းသံ၊ ခြေထောက်အစုံက ထိတွေ့ခံစားနေရတဲ့ သဲလုံးကြမ်းကြမ်းတွေနဲ့မြေကြီးရဲ့ ဆောင်းဓာတ်ကြောင့် အေးစက်နေမှု၊  အနီးနားက အိမ်တစ်အိမ်အိမ်ရဲ့ မီးဖိုဆီက လွင့်လာတဲ့ ဟင်းအိုးကပ်ညှော်နံ့ အဲဒီ အရာတွေနဲ့ ယှက်ဖွဲ့ထားတဲ့ အာရုံ အစုအဝေး တစ်ခုဟာ သူ့ မှတ်ဥာဏ်ရဲ့  တစ်ထောင့် တစ်နေရာမှာ စွဲစွဲထင်ထင်ကြီး ငြိစွန်းနေခဲ့တာပေါ့။

          “လူကြီးတွေသိမှာစိုးတယ်
          တိုးတိုးလေး ဖွင့်ပြောစမ်းပါ့ကွယ်”

ဝှေ့ခနဲ တစ်ချက် တိုက်ခတ်လိုက်တဲ့ လေထဲမှာ ညမွှေးပန်းရနံ့တွေ လွင့်ပါလာတာကို သူ သတိပြုမိလိုက် တယ်။ ဟိုး တစ်ချိန်တုန်းကတော့ အိမ်ရှေ့မှာ ညမွှေးပန်းပင်လေး ရှိခဲ့ဖူးပါတယ်။ ညရောက်တာနဲ့ မွှေးရနံ့ တွေ လွှင့်ထုတ်ပေးနေကျ အဲဒီ ပန်းပင်ကလေး မရှိတော့တာဟာ အချိန်အတော် ကြာခဲ့ပါပြီ။ အခု ရနေတဲ့ ညမွှေးပန်းရနံ့ဟာ ဘယ်က လာတာပါလိမ့်။ ရနံ့ကိုတော့ ရတယ်။ ရနံ့ရဲ့ လာရာ ကိုတော့ မသိဘူး။

တစ်စုံတစ်ခုကို အတွေးလွန်နေရင်း ဆင်းရမယ့် မှတ်ကို ကျော်သွားတဲ့ ဘက်စ်ကားစီး ခရီးသည် တစ် ယောက်လို သူ့ရဲ့ စိတ်မှာ ထိတ်ခနဲ ဖြစ်သွားမိတယ်။ ညမွှေးပန်း လေးတွေ ပွင့်နေ မွှေးနေပြီ ဆိုတော့ ည ရောက်ပြီပေါ့။ ဒါဆိုရင်....။

ညနေဟာ တိတ်တဆိတ် ပြန်လည် ထွက်ခွာသွားပြန်ပြီပဲ။ သူ မျက်လုံး  အစုံကို ဘယ်တော့မှ ပြန်မဖွင့်တော့ မယ့်ပုံမျိုးနဲ့  ခပ်တင်းတင်းပဲ မှိတ်ချလိုက်မိပါတယ်။

ညနေဟာ မှုန်ရီဖျော့လျစွာပဲ ပြန်လည် ထွက်ခွါသွားခဲ့ပြန်ပါပြီ ။     

                                                                                          လင်းဝေအိမ်

23 October 2014

"ဆိုလက်စ သီချင်း"

"ဆိုလက်စ သီချင်း"

မမှည့်သေးတဲ့ အသီးထဲ အချိုတွေ ထိုးသိပ်ထည့်နေမိသလို
ကြွပ်ကြွပ်အိတ်နဲ့မဆန့်တဲ့ နာမည်က
အပြင်မှာ တွဲလောင်းကြီး ။

မိုးက လမ်းကြောင်း အဟောင်းအတိုင်းပဲ ထပ်ထပ်ရွာတယ်
မိုးရေအဟောင်းတွေ စိုကုန်တဲ့ ဂျင်းပင်(န်) အဟောင်းကို
လဲပစ်လိုက်ရတဲ့အထိ။

တံခါးကိုပိတ်လိုက်တာနဲ့ အသံကဘာလို့တိတ်သွားရတာလဲ
အော်ပြောလိုက်တော့ တံခါးက အသံတိတ် ပွင့်သွား။

လက်ကိုင်ဖုန်းထဲက ပြေးထွက်သွားတဲ့အသံဟာ နားထောင်မယ့်သူဆီ
မရောက်နိုင်တဲ့အခါ ပျက်ကျသွားတဲ့ လေယာဉ်တစ်စီးလို။

စားပွဲတစ်ဝိုင်းတည်းအတူတူထိုင်နေကြပြီး
မတူညီတဲ့ အရက်တွေကို
ကိုယ့်အကြိုက်နဲ့ကိုယ် သောက်နေကြသူ
ဖန်ခွက်တွေ။

မသိတဲ့ဖုန်းနံပါတ်တစ်ခုဆီက ၀င်လာတဲ့ ဖုန်းခေါ်သံကို
ဖြေသင့်မဖြေသင့် စဉ်းစားနေတုန်း တစ်ဖက်က ဖုန်းချသွား။

နာမည်တူတွေ များလွန်းလို့
နာမည်ခေါ်သံကြားတိုင်း လှည့်မကြည့်ဖြစ်တော့တာ။

စီးလာတဲ့ ဖိနပ်တွေကို အမှောင်ကဖုံးထားတော့
ချွတ်ထားတဲ့ ခြေထောက်တွေကို ဘယ်နားမှာ ထားရမယ်မှန်း
မသိတော့ဘူး။

လမ်းမီးတွေ 'လင်း' နေပေမယ့် လမ်းတွေက မ 'ပွင့်' နိုင်ကြသေး
ပါးပျဉ်းကိုထောင်ထားတဲ့ မြွေက ကိုက်ရမှာကို မေ့နေတယ်။

မောင်းထွက်သွားတဲ့ အငှားကားထဲမှာ
လိပ်စာမေ့နေသူကြီးဟာ တမေ့တမော
ထိုင်ရင်း ငေးလို့ ။         ။

                    လင်းဝေအိမ်

20 October 2014

"ဧည့်ခန်းနံရံမှာ ဘွဲ့ဓာတ်ပုံဟာ ခန့်ခန့်ကြီး"

"ဧည့်ခန်းနံရံမှာ ဘွဲ့ဓာတ်ပုံဟာ ခန့်ခန့်ကြီး"


နေသားမကျတဲ့ အပြုံးကြီးက ဘွဲ့ဝတ်ရုံကြီးကို လန့်နေပုံ
မျက်လုံးတွေက တစ်စုံတစ်ခု လစ်ဟာ ကင်းမဲ့နေပုံ
ဘယ်နားထားရမယ်မှန်းမသိခဲ့တဲ့ လက်တွေက ဓာတ်ပုံထဲပါမလာ။

ရီဟာဇယ် အကြိမ်ကြိမ်လုပ်ရတယ်။ ဘွဲလက်မှတ်ကို ယူဖို့။
ဂျင်းဘောင်းဘီဝတ်လာသူဟာ ရီဟာဇယ်လုပ်ခွင့်မရှိဘူးဆိုလို့
ဂျင်းဘောင်းဘီကို မချွတ်ချင်တာနဲ့ ရီဟာဇယ် မလုပ်တော့ဘူး။
ဘွဲ့ခန်းမဘေးက လက်ဖက်ရည်ဆိုင်မှာ ရုပ်ရှင် ထိုင်ကြည့်နေလိုက်တယ်။
ရုပ်ရှင်ကြည့်တာဆိုတော့ ဂျင်းဘောင်းဘီ ချွတ်စရာမလိုဘူး။
ပန်းနုရောင်ပိုးပုဆိုးနဲ့ ပန်းနုရောင် တိုက်ပုံဝတ်ပြီး ရင်ဘတ်မှာ
ပန်းတစ်ခက်ထိုးထားတဲ့ သူငယ်ချင်းက ရီဟာဇယ်တွေအကြိမ်ကြိမ်လုပ်နေမယ်။
စည်းဝိုင်းထဲဝင်မယ်။ ခေါင်းငုံမယ်။ လက်ဆွဲနှုတ်ဆက်မယ်။
ဇာတ်လိုက်က ၀ိုင်းထားတဲ့ရန်သူတွေကို ဖောက်ထွက်နေရတယ်။
သေနတ်ကိုဆွဲထုတ်တယ်။ (သေနတ်က ပြောင်းမပါပေမယ့် ကျည်အပြည့်ပဲ။)
လက်ခုပ်ကို တဖြောင်းဖြောင်းတီးကြတယ်။ ကင်မရာမီးတွေ တဖျတ်ဖျတ်။
ဇာတ်လိုက်က မျက်နှာငယ်လေးနဲ့ သတင်းထောက်တွေကို ဖြေရှင်းနေရတယ်။
တစ်ယောက်ကို တစ်ယောက် မြင်ပေမယ့် မကြည့်နိုင်ကြဘူး။
တစ်ယောက်ကို တစ်ယောက် ကြည့်ပေမယ့် မမြင်နိုင်ကြဘူး။
မိတ်ကပ်တွေပျက်မသွားခင် ဓာတ်ပုံကို အချိန်မှီရိုက်နိုင်ဖို့ လုံးပမ်းရတယ်။
ဇာတ်လိုက်က ချိန်ကိုက်ဗုံးထမကွဲခင် အခန်းထဲက ထွက်နိုင်ဖို့ ပြေးနေပြီ်။
ဘွဲ့ခန်းမထဲက ဘွဲ့ရမောင်မယ်တွေ ထွက်မလာနိုင်ကြသေးဘူး။
ထိုင်ရတာ ညောင်းလာလို့ အိမ်သာခဏသွားတဲ့အချိန်အတွင်းမှာပဲ
အားလုံးဟာ ပြီးဆုံးသွားတယ်။ ဇာတ်လိုက်နဲ့ အပေါင်းအပါတွေရဲ့
နောက်ကျောကိုပဲလှမ်းမြင်လိုက်ရတယ်။ နေလုံးက တဖြည်းဖြည်း ၀င်သွားပြီ။
အားလုံး ဘွဲ့ခန်းမထဲက ထွက်လာချိန်မှာပဲ လမ်းမီးတွေ လင်းလာတယ်။

ရီဟာဇယ်မလုပ်ဘဲ ယူခဲ့တဲ့ ဘွဲ့လက်မှတ်ကြီးဆိုတော့ 
တစ်ဘ၀လုံး ရီဟာဇယ် လုပ်နေရတာ
မပြီးတော့ဘူး။  ။

                              လင်းဝေအိမ်

16 October 2014

"FaceBook ကိုပဲ ရောက်ရောက်သွား"

"FaceBook ကိုပဲ ရောက်ရောက်သွား"

(Errorဟာ ဘယ်မှာလဲ။) တစ်လိုင်းပြီးတစ်လိုင်း
ပိုက်စိပ်တိုက်ရှာဖွေနေရဆဲမှာပဲ FaceBook ကို
ရောက်ရောက်သွား။  (Errorကို မေ့သွား။)
အောက်ကိုဆွဲဆွဲချနေရင်း ကိုယ်ပါ အောက်ကို ကျကျသွား။
ကျည်ဆန်တွေ ခလုတ်တိုက်။ မြင်မကောင်း ရှုမကောင်း
လူသေကောင်တွေ ဖျတ်ခနဲ ဖျတ်ခနဲ။ မြင်ပျော် ရှုပျော်
လူရှင်ကောင်တွေဆီမှာ ခဏရပ်။ ငေးမော။ ဆက်ရွေ့။
ဘာရှာနေတာလဲ။ ဘာမှမရှာဘူး။  ဆက်ဆွဲ။ မရပ်မချင်း
မဆုံးနိုင်တဲ့ အလုပ်။ (Error ကိုမေ့နေ။) Hi။ နေကောင်းလား။
မင်္ဂလာပါ။ ဘိုင့်ဘိုင်။ Online 3 minute ago။ ခဏနော်။
....tagged you in a status ။ ကဗျာတွေ ထိုးထိုးထောင်ထောင်။
စကားပြေတွေ ဖရိုဖရဲ။ ရှယ်ပေးကြပါ။ Like 1000 ပြည့်ရင် .........။
( Error ဟာ တန်းလန်းကြီး။) ဘယ်နားမှာ ရပ်ရမှန်း မသိ။ ဆက်ရွေ့။
ဗိုလ်ချုပ်ဓာတ်ပုံက အောက်ကိုကျသွား။ နောက်တစ်ပုံ တက်လာ။
သေသေ ချာချာစူးစိုက်ကြည့်။ ဘာမှမရှိ။ Like ကို အပျင်းပြေနှိပ်။
မီးလောင်နေတာ အပျင်းပြေကြည့်။ မုဒိန်းကျင့်ခံရတာ အပျင်းပြေဖတ်။
Chat Boxကို ပိတ်ထားတာ၊ Comment မရေးတာဟာ လူမှုဆက်ဆံရေး
တွေရဲ့ အပြင်ကို ရောက်နေတာ ဘာညာ။ အပျင်းပြေ။ လက်မထောင်။
(Error က ညှော်နံ့ထွက်နေပြီ။) Like ကို မနှိပ်မှီ ဘယ်သူတွေ
Likeထားသလဲ တချက်ကြည့်။ သင့်တော်သလို Like ။ ခပ်သုတ်သုတ်
ကျော်ပစ်လိုက်။ ခပ်မြန်မြန် ဖတ်။ တစ်နေရာဆီကို ရောက်သွားမှာမလို့
အရှိန်နဲ့ ပြေးနေတာလိုလို။ တစ်ခုပြီး တစ်ခု။ ဖြိုးခနဲ။ ဖျတ်ခနဲ။
မမြင်ရရင် ပြူးပြဲကြည့်။ ဒီပုံကို Like နှိပ်ပါ။ Comment Box မှာ စောက်ရူးလို့
ရေးပါ။ ပုံထဲမှာ ကိုယ့်ကိုယ်ကို ပြန်တွေ့ရမည်။(Error ကို မတွေ့သေး။)
တစ်စုံတစ်ယောက်ရဲ့ wall မှာသွားကြည့်။ ဘာလှုပ်ရှားမှုတွေရှိသလဲ။
ကိုယ်ရော အဲလို စောင့်ကြည့်ခံနေရလား။ တစ်ခါမှ အပြင်မှာ မပြောဘူးတဲ့
Birthday Wish တွေ ဖောဖော သီသီ။ Noti ကင်းစင် Facebookတစ်ခွင်
ဖြစ်ဖို့ ကြိုးစားနေသလိုလို။ ရုတ်ရုတ် သဲသဲ ဖြစ်နေတာတွေ အသာကြည့်။
ပျစ်ပျစ် နှစ်နှစ် ဆဲနေတာတွေ ငြိမ်နားထောင်။အကုန်လုံးက အကောင်တွေ
ချည်း(ချီး)ပဲ။ (Error က စူးစူးဝါးဝါးအော်နေ။) တော်သင့်ပြီ။ ရပ်သင့်ပြီ။
ပိတ်လိုက်တော့မယ်။ တွေးပြီးတာနဲ့ နောက်ဆုံးမိနစ်မပြည့်မီ
အသည်းအသန် လိုက်လုနေရတဲ့ ရှုံးနေတဲ့ ဘောလုံးအသင်းလို
အသည်းအသန်ဆွဲ။ ဘယ်နားမှာ ရပ်လိုက်ရမယ်မှန်း မသိတော့
မျက်စိကို စုံမှိတ်ချလိုက်ပြီးမှ Facebook ကိုပိတ်ချလိုက်ရ။
(Errorက စိမ်းစိမ်းကြီးကြည့်နေ။)

                                     လင်းဝေအိမ်

12 October 2014

"ပြတ်ကျသွားတဲ့ ဓာတ်ကြိုးထဲမှာ မေတ္တာတရားဟာ ဗို့အား ၁၅၀၀"

"ပြတ်ကျသွားတဲ့ ဓာတ်ကြိုးထဲမှာ မေတ္တာတရားဟာ ဗို့အား ၁၅၀၀"

လူမှုဆက်ဆံရေးတွေရဲ့ အပြင်ဘက်ကို ထွက်ထိုင်နေမိတဲ့ လိပ်ပြာဟာ
စံပယ်ပန်းခြောက်တွေနဲ့အတူ စာအုပ်ကြားမှာ ညပ်သေသွားတယ်
(အဲဒီစာမျက်နှာကို ဘယ်သူကမှ ပြန်ဖွင့်မကြည့်ဖြစ်တော့ဘူး)
သေနတ်ပြောင်းဝက ထွက်လာတဲ့ နှုတ်ခမ်းနီတောင့်နဲ့ ဖြူရော်နေတဲ့စိတ်ကို
ရဲရဲနီသွားအောင် ဆိုးတယ်။ ဇစ်ပျက်နေတဲ့ ပိုက်ဆံအိတ်ကလေးက
ဇစ်ကိုဆွဲပြီးပိတ်လိုက်ပေမယ့် တ၀က်တပျက် ပွင့်နေဆဲ
နာမည်တွေကို မခေါ်ကြတော့ဘဲ နာမ်စားတွေကို သုံးခဲ့ကြ
နာမ်စားတွေကို မသုံးကြတော့ဘဲ နာမည်တွေ ပြန်ခေါ်ကြ
အများသုံး တယ်လီဖုန်းနဲ့ ပြောဖြစ်ခဲ့ကြတဲ့ စကားတွေဟာ
လက်ကိုင်ဖုန်းတွေ ကိုယ်စီနဲ့ ပြောကြရတဲ့အခါ အံချော်နေတယ်
စိတ်မှာစွဲနေတဲ့ ရေမွှေးအနံ့က ဘယ်နှကြိမ်လျှော်လျှော် မပြယ်ဘူး
နှာခေါင်းထဲ နွားနို့အသံတွေ ဆူညံနေတဲ့ မနက်ခင်းမှာ
အဖြူရောင်တွေ အစအဆုံး မှောက်ကျသွားခဲ့တာ
စားပွဲအစွန်းကနေ တပေါက်ပေါက် စီးကျနေတဲ့ ရယ်သံအဟောင်းတွေ
စားပွဲခင်းကို နှစ်ဦးသဘောတူ စုတ်ဖြဲပစ်လိုက်တော့ စားပွဲဟာ ကိုယ်လုံးတီးနဲ့ 
ဓာတ်ခဲအားကုန်နေတဲ့ နံရံကပ်နာရီကို နံရံမှာ မကပ်တော့ဘဲ ကြိုးဖြည်ပေးလိုက်ပြီ
လွတ်သွားတဲ့ငါးအချင်းချင်း ဘယ်သူကပိုကြီးသလဲ ငြင်းနေချင်တာ ဟာသပဲ
နှစ်ယောက်စလုံးရဲ့ နာမည်ကိုထည့်ကြေငြာဖို့လိုအပ်မယ့် သတင်း
လဲသွားတဲ့ဆိုင်ကယ်ရဲ့ အရှိန်မသေသေးတဲ့ ဘီးက တ၀ှီးဝှီး လည်နေဆဲ
ဘယ်ကိုမှမရောက်တော့တဲ့ခရီးကို ဘယ်ကစခဲ့သလဲ ပြန်တွေးမနေနဲ့
မဖောက်ဖြစ်တဲ့ စာအိတ်ထဲမှာ ပိတ်မိနေတဲ့စာတစ်စောင်လို
သခင့်အမိန့်ကို နာခံချင်တဲ့ ခွေးက အိမ်ပြန်မလာတော့ဘူး
အချက်ပြမီးဟာ စိမ်းသွားပြီး နံပါတ်စဉ်ကို စတင် ရေတွက်တယ်
နောက်ဆုံးစက္ကန့်အရောက်မှာ လမ်းဟာ နံရံကိုခေါင်းနဲ့ပြေးဆောင့်ပစ်လိုက်တယ်
ပြီးပြီ။
လင်းဝေအိမ်

08 October 2014

"မနက်ဖြန်မှာ ဒီကဗျာ ရေးမယ်"


"မနက်ဖြန်မှာ ဒီကဗျာ ရေးမယ်"

တက်တူးထိုးချင်တဲ့စိတ်ဟာ 
အရေပြားပေါ်မှာ စွဲထင်နေတာ။

ဝှိုက်ဘုတ်ပေါ်မှာ ရေးထားတဲ့
ကိန်းဂဏန်းတွေကို မမြင်နိုင်ဘူး။

တီးနေတဲ့ ဂစ်တာဟာ ကြိုးမညီဘူးဆိုတာ
တီးနေတဲ့ ကောင်မလေးကမသိဘူး
တီးနေတဲ့ သီချင်းက လူးလွန့်လို့
တီးနေတဲ့ လက်ချောင်းတွေက ရှည်လွန်းတော့
တီးနေတဲ့ သံစဉ်တွေက လွတ်အောင်မပြေးနိုင်ဘူး။

အခန်းထဲကို ပြန်ဝင်တယ်
မီးဖွင့်တယ် ပန်ကာဖွင့်တယ်
စိတ်က ဘယ်လိုဖွင့်ဖွင့် မပွင့်ဘူး
အခန်းတံခါးကို လော့ခ်ချလိုက်ရတဲ့ အထိ။

ဖတ်လက်စစာအုပ်ရဲ့
ရောက်လက်စ စာမျက်နှာမှာ
မပျော်ဘူး။

အဓိပ္ပါယ်မသိတဲ့ စကားလုံးတွေကို
ပြုံရုံပဲ ပြုံးပြပြီး ကျော်ဖတ်ပစ်လိုက်တယ်။

ဝတ္ထုကပြီးသွားပြီလို့ 
ဝတ္ထုရေးဆရာမက ပြောတယ်
ဝတ္ထုရေးဆရာမကို 
စကားလုံးတွေက မယုံဘူး။

ညအိပ်မီး မှိန်မှိန်လေး ဖွင့်ထားတဲ့ အခန်းထဲ
ညဟာ မအိပ်နိုင်လို့ မှိန်းနေရတယ်။

လင်းဝေအိမ်

"မင်္ဂလာ မနက်ခင်းပါ"

  "မင်္ဂလာ မနက်ခင်းပါ"

                အိမ်ရှေ့က  ကွင်းပြင်ကြီးထဲမှာ  မြက်စားနေတဲ့      ငှက်ကလေးတွေဟာ
တချိန်ချိန်မှာ အဝေးဆီကိုပျံသန်းသွားဖို့ ဖိအားပေးခံရမယ် ဆိုတာကြိုမသိသေးတော့
စိတ်အေး   လက်အေး စားမြုံတောင်   ပြန်နေသေးတယ်။  ပါးစပ်ကနေ  တဖြုတ်ဖြုတ်  
ကျကျလာတဲ့ အမြုပ်ဖြူဖြူတွေဟာ တလှုပ်လှုပ် မေးရိုးတွေ မရပ်မချင်း။မြက်ပင်တွေက  
အစိမ်းရောင်ဆေး  မဆိုးရသေးဘူး။ တဖျတ်ဖျတ်။

                ရေစီးမှာ  မျောပါလာတဲ့ ကျောက်ခဲလေး ခမျာ ကြောက်ကြောက်နဲ့ခဲထား
လိုက်တာ သွားရာတွေ  အကွင်းလိုက်ကြီး  လက်မောင်းမှာ   ထင်ကျန်ေ နရစ်တယ်။
အဲသလို တံဆိပ်တွေ တသီကြီး လျှော်ကြိုးနဲ့ သီထားတာ ယင်ကောင်တွေ   တ၀ီဝီနဲ့
အပုပ်နံ့ဟာ  မပြုမပြင်  ရသေးမှီ အပုပ်နံ စစ်စစ်။  ပြုပြင်ပြီးသား  အပုပ်နံ  အတုတွေ
ကိုတော့  တရှိုက်ရှိုက်  ရှိုက်ကာ ရှိုက်ကာ။ အငိုမလွယ် အရှိုက်ခက်။  အရှိုက်  တည့်
တည့်ဆီ   အခတ်ခံ လိုက်ရပြီး နောက်မှာပဲ  ကျွဲချိုတွေကို တွေ့တိုင်း   ရင်ဘတ်ထဲက
အောင့်အောင့် လာတယ်။  ကျွဲချိုကို မှုတ်လိုက်ပြီ ဆိုတာနဲ့  အိပ်ယာထဲက လူးလဲထ။
ရန်သူက  အသင့်  အနေအထားနဲ့။  စောင့်နေပြီ။  လက်ဆွဲ နှုတ်ဆက်။  ဦးညွှတ်။

                "မင်္ဂလာ မနက်ခင်းပါ"

                သွေးညှီနံ့  သင်းနေတဲ့ ကော်ဖီခွက်နဲ့ စိတ်ကို လောင်းပေးလိုက်တယ်။
အလင်းရောင်က အိမ်ထဲကို ၀င်မလာနိုင်ဘူး။  ဖိနပ်ကို ပြောင်လက်နေအောင်တိုက်
ချွတ်။ ပြီးတာနဲ့ သေနတ်ကို ဆွဲထုတ်။

                ၀ီစီသံဟာ အကျယ်ကြီးပဲ။ ကွန်ပြုတာ စခရင်က ကျဉ်းကျဉ်းလေးရယ်။             

                                                                                      လင်းဝေအိမ်

01 October 2014

“သီချင်း အသေ"

“သီချင်း အသေ"


Intro: 

လှသွားတဲ့ မြင်ကွင်းလို့ နိုင်တဲ့သူက ပြောတယ်။
လုသွားတဲ့ မြင်ကွင်းလို့  ရှုံးတဲ့သူက ပြောတယ်။


Verse 1:

ဂစ်တာကြိုး နံပါတ်(၁) ထဲကိုတိုးဝင်သွားတဲ့ အရိပ်ဟာ အင်္ဂါမစုံတဲ့ ချစ်ခြင်းမေတ္ထာနဲ့ သစ္စာတရားကို ခေါစာ ပစ်ကျွေးခဲ့သူ ။ ညာသံစူးစူးရှရှတွေနဲ့ ယှက်ဖွဲ့ထားတဲ့ အနက်ရောင် နှင်းဆီတစ်ပွင့်ကို ရင်ဘတ် တည့်တည့် ဆီချိန်ရွယ်ပြီး ခလုတ်ကိုဖြုတ်ချလိုက်တယ်။ လူတစ်ယောက် သေတယ်ဆိုတာ  ဂစ်တာကြိုး တစ်ချောင်း ထောင်းခနဲ ပြတ်သွား သလောက်ပါပဲ။ သီချင်းအသစ်အတွက် ကြိုးအသစ် တစ်ချောင်း လဲလှယ် တပ်ဆင် လိုက်ပါလေ။ သီချင်းအဟောင်းနဲ့ ကြိုးအဟောင်းလေးကို အမှိုက်ပုံးက စောင့်ကြိုနေပါလိမ့်မယ်။ တခုတ် တရ ပြောဆိုချစ်ခင်ခြင်းခံခဲ့ရတဲ့ လက်ချောင်း သွယ်သွယ် လျလျလေးတွေဟာ ဂစ်တာ ဖလက်တံပေါ်မှာ ကော့ဒ် တွေကို သေသပ် လှပစွာ ပုံဖော် ဖန်တီးနိုင်တတ်ခဲ့ပေမယ့် ငွေစက္ကူတွေ အထပ်လိုက်စီထားတာ သိပ်များလွန်းနေရင် မရေတွက် တတ်ရှာဘူး။ ရှက်လွန်းလာတဲ့အခါ အုတ်ခုံလေး ပေါ်မှာ ဂစ်တာလေး ကြေမွသွားတာပါပဲ။ ပြန့်ကျဲနေတဲ့ သီချင်းစာရွက်တွေပေါ်မှာ သီချင်းစာသားတွေဟာ အော်ဟစ် အက်ကွဲ တုန်ခါနေတယ်။

 တံခါးမရှိတဲ့ အခန်းကျဉ်းလေးထဲက  ယိုင်နဲ့နဲ့ ခေါက်ကုတင်လေးဟာ အိပ်ယာခင်း အလွတ်ကလေးကိုပဲ ထမ်းပိုးထားရတဲ့ ညတွေ များလာတဲ့အခါ ၀မ်းနည်းသံတွေ တကျွီကျွီ ထွက်လာတယ်။ အလင်းဆိုင်လေး တွေမှာ ညလုံးပေါက် ထိုင်နေရင်း အလင်းကို ရှာဖွေမတွေ့နိုင်သူ တစ်ယောက်အဖို့ မိုးလင်းသွားပေမယ့် မှောင်နေဆဲပါပဲ။ အပြန်လမ်းပေါ်မှာ မျက်ရည်တွေ လွှမ်းပြီး ပိတ်ဆို့နေတယ်။ ဂျင်းဘောင်းဘီကို အနား ခေါက်ပြီး ဒူးခေါင်းအထိ လိပ်တင်လိုက်တယ် ။ ခြေသလုံးသားပေါ်က ဆာမူရိုင်း တက်တူးအရုပ်ရဲ့ လက်ထဲ မှာ  ကိုင်မြှောက်ထားတဲ့ ဓားသွားတလျှောက် မာနတွေ နီရဲ စိုစွတ် စွန်းထင်း နေတယ်။ ဆာလောင်မှု၊ တပ်မက်မှု တွေကို မာနနဲ့ တောင့်ခံရတဲ့အခါ အံသွားတွေ နာကျင်လွန်းလှပါတယ်။



Verse 2:

စန္ဒယားကို ခလုတ်အဖြူလေးတွေနဲ့ပဲ အသုံးပြု တီးခတ်တတ်ခဲ့သူကို ခလုတ်အနက် ကလေးတွေကိုပါ အသုံးပြု တီးခတ်တတ်လာအောင် သင်ကြားပေးခြင်းခံခဲ့ရပြီး နောက်မှာပဲ နာကျင်စရာတွေဟာ သံစုံမြည် လာခဲ့ပါတယ်။ John Lennon ရဲ့ Imagine သီချင်းကို တီးခတ်နေတဲ့ နူးညံ့သိမ်မွေ့သော လက်ချောင်းဖြူဖြူ သွယ်သွယ်လေးတွေ..။ မဟာဂီတ ကြိုးသီချင်း တစ်ပုဒ်ပုဒ်ကို တီးခတ်နေတဲ့ မာကျော သိမ်မွေ့သော လက်ချောင်း ညိုညို ရှည်ရှည်လေးတွေ..။ တည်ငြိမ်မှုတွေနဲ့ အိနြေ္ဒရနေတဲ့  စန္ဒယားအိုကြီးကတော့ လက်ချောင်းကလေးတွေရဲ့ ပုံပြင်ကို မသိနားမလည်ချင်စွာ  လက်ချောင်းကလေးတွေရဲ့ ဖန်တီး စေခိုင်းမှု အတိုင်း ဂီတသံတွေကိုသာ အန်ထုတ်ပေးနေပါတယ်။

အနက်ရောင် နှင်းဆီပွင့် တစ်ဆယ့်သုံးပွင့်ကို စန္ဒယားခလုတ်တွေပေါ်မှာ တင်ထားတယ်။ အသံတစ်သံ အတွက် နှင်းဆီပွင့် တစ်ပွင့်နှုန်းဆိုရင် စန္ဒယားကြီးမှာ အသံ တဆယ့်နှစ်သံပဲ ရှိတဲ့အတွက် ပိုတဲ့ နှင်းဆီ တစ်ပွင့်ဟာ ကံဆိုးသူတစ်ယောက်အတွက်ပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။ နှင်းဆီအနက်ကို ကံဆိုးခြင်း လို့ နိမိတ်ကောက်ယူလိုက်လို့ရမလား။ ဒါဆို စန္ဒယား ခလုတ်အနက် ကလေးတွေကရော နာကျင်စရာ တွေကို သယ်ဆောင် လာခဲ့ကြသူတွေပဲလား ။ အနက်ရောင် စန္ဒယားကြီးကတော့ တိတ်ဆိတ်ခြင်းကို တွေတွေကြီး ငေးစိုက်ကြည့်နေပါတယ်။ မျက်ဝန်း နက်နက်ကလေးတွေက ဘာကိုမှ နားမလည်နိုင်စွာ ချာချာလည်လို့ ။


Pre Chorus:

အနက်ရောင်တွေဆီက လွင့်ထွက်လာတဲ့ အသံဟာ လိပ်ပြာလေးရဲ့ အတောင်ပံတွေကို ထိုးခွဲသွားတယ်။
တ၀ီဝီလည်နေတဲ့ ပန်ကာလေး ရပ်သွားမယ့် အချိန်ကို စက္ကန့်လက်တံတွေပေါ်မှာ ထိုင်လိုက်ရင်း စောင့်စား နေရ။ နွေဦးကိုစောင့်ရ။ ညစာ ကိုစောင့်ရ။ ရောက်မလာမယ့်ခြေသံကို စောင့်ရ။  နောက်ဆုံးတစ်နေ့ ကို စောင့်ရ ။ ပုဒ်မချလိုက်ရ မလိုလို ။ ပုဒ်ထီးချလိုက်ရ မလိုလို ။ ရွေးချယ်ခွင့်မရှိတဲ့ သေခြင်းတရား သည်သာ လူတွေအပေါ် ဒုက္ခပေးမှု အနည်းဆုံးအရာပဲ။


Chorus:

လည်နေတဲ့ ဓာတ်ြ့ပားက ရပ်သွားပြီ။လွင့်နေတဲ့ သီချင်းက မရပ်နိုင်သေးဘူး။ ချိုးငှက်တကောင်ရဲ့ တကူးကူး ကူသံက  ပြတင်းတံခါးမှန်ကို တိုးတိုးလေးလာခေါက်နေတယ်။ တစ်စုံတစ်ရာကို ကြောက်ရွံ့စွာ ခန်းဆီးစ လေးတွေက တဖျတ်ဖျတ်တုန်ခါလို့ ။


ကျေးဇူးပြုပြီး ကိုစောညိန်းရဲ့ ပွင့်ဦးသီချင်းကို ဖွင့်မပေးကြပါနဲ့။
ကျေးဇူးပြုပြီး နာမည်ကို မခေါ်ကြပါနဲ့။
ကျေးဇူပြုပြီး အိမ်ခြံမြေဈေးကွက်အကြောင်း (မစားရ၀ခမန်း) အော်ကြီးဟစ်ကျယ် လာလာမပြောကြပါနဲ့ ။
ကျေးဇူးပြုပြီး ကဗျာမရွတ်ပါနဲ့။
ကျေးဇူးပြုပြီး သော့ခတ်ထာတဲ့ စန္ဒယားကြီးရဲ့ အဖုံးကိုမဖွင့်ကြပါနဲ့။
ကျေးဇူးပြုပြီး ဘာအကြောင်းကြောင့်မှ အော်ဟစ်မရယ်မောကြပါနဲ့။

တိမ်တွေကို ဘယ်သူမှ မပိုင်ဆိုင်ဘူး။
တိမ်တွေကို လူတိုင်း  ပိုင်ဆိုင်တယ်။


Verse 3:

“စာရွက်ပေါ်မှာ ရေးထားပြီးသား ဂီတ သင်္ကေတ တွေကို
ကြည့်ပြီး တီးခတ်ရသလို ဘ၀က  လွယ်ကူမှာမဟုတ်ဘူး”

လက်ချောင်းဖြူဖြူလေးတွေရဲ့ ပိုင်ရှင်က အဲဒီလိုပြောလိုက်တယ်။

“လွယ်ကူခြင်းမှာ သာယာပျော်မွေ့မယ်ဆိုရင်
ခုလို စန္ဒယားခုံပေါ်မှာထိုင်ပြီး စန္ဒယားကို ဘယ်တီးခတ်နေပါ့မလဲ
သက်တောင့်သက်သာဖြစ်မယ့် ဆိုဖာ တစ်ခုခုမှာထိုင်ပြီး
အလွယ်တကူရနိုင်တဲ့ တစ်ယောက်ယောက်ရဲ့ စန္ဒယားလက်သံကိုပဲ
အေးအေးလူလူ နားထောင်နေလိုက်တော့မှာပေါ့”

လက်ချောင်း ညိုညိုလေးတွေရဲ့ ပိုင်ရှင်က အဲဒီလို ပြန်ပြောလိုက်တယ်။ အဲဒီနေ့တုန်းက ဘယ်သူမှ စန္ဒယား မတီးဖြစ်ကြဘူး။

ခါတိုင်း စန္ဒယား ခလုပ်တွေပေါ်မှာ စုန်ချည် ဆန်ချည် ပြေးလွှားလှုပ်ရှားရင်း ဂီတသံစဉ်တွေကို ဖန်တီးနေကျ လက်ချောင်းလေးတွေဟာ အခု လုပ်နေကျအလုပ်ကို မလုပ်ကြရတဲ့အခါ ယောင်တောင်တောင် ဖြစ်နေ ကြရှာတယ်။ လက်ချောင်းညိုညိုလေးတွေက စန္ဒယားကြီးရဲ့အဖုံးကို တဒေါက်ဒေါက်မြည်အောင် လေးလေး တွဲ့တွဲ့စည်းချက်နဲ့ ခေါက်နေတယ်။ လက်ချောင်းဖြူဖြူလေးတွေကတော့ လက်ချောင်းရဲ့ လက်ဆစ် ကလေးတွေကို တဖျောက်ဖျောက်မြည်အောင် ချိုးပြီး ဆော့ကစားနေတယ်။ အပြင်မှာရွာနေတဲ့ မိုးရေတွေ ဟာ ဘာအရောင်လဲဆိုတာကို လက်ချောင်းဖြူဖြူလေးတွေရော လက်ချောင်းညိုညိုလေးတွေပါ တွေး ဖြစ်ကြပုံမပေါ်ဘူး။

အပြင်ဘက်မှာ မိုးဟာ တဝေါဝေါနဲ့။ အသိုက်ထဲက ထွက်လာမယ့် သားကောင်လေးတွေ ကို စောင့်ဆိုင်း နေတဲ့ ၀ံပုလွေတစ်ကောင်လို မိုး ဟာ အပြင်မှာ စောင့်ဆိုင်းနေတယ်။ မိုးရေတွေထဲမှာ စိုရွှဲ စုတ်ပြဲ ပျက်စီး သွားရတော့မယ့် သီချင်းစာရွက်တစ်ရွက်လို တရွေ့ရွေ့သွားနေတဲ့နာရီဟာ တအိအိ ပျော့တွဲ ကျလာ နေတယ်။

Ending :

တိမ်တွေကို ဘယ်သူမှ မပိုင်ဆိုင်ဘူး။
တိမ်တွေကို လူတိုင်း  ပိုင်ဆိုင်တယ်။

Fade Out

                                                                        လင်းဝေအိမ်