“ငါ့ သူငယ်ချင်းရဲ့ ခြေဖ၀ါးတွေ”
ငါ့
သူငယ်ချင်း ရဲ့ အလောင်းကို သူ့ ရွာကလေးရဲ့ သုသာန်က ဇရပ်ကလေးထဲမှာ ပြင်ထားတယ်။ အလောင်းစင်
ပေါ်မှာ ငါ့ သူငယ်ချင်းဟာ ဖြူလျော်စွာ
လဲလျောင်း နေရှာတယ်။ စွတ်စွတ် ဖြူနေတဲ့ ရှပ်အကျီင်္ တစ်ထည်ကို လွှမ်းပေး ထားတယ်။ ငါ့ သူငယ်ချင်း
ရဲ့ မျက်နှာ ကလည်း
ဖြူလျော် နေတယ်။ ငါ့ သူငယ်ချင်း ရဲ့ လက်ချောင်း လေးတွေလည်း ဖြူလျော် နေတယ်။ ငါ့ သူငယ်ချင်းရဲ့ ခြေဖ၀ါးနဲ့ ခြေဖမိုးဟာ
အရောင် တစ်ရောင်တည်းလို့ ထင်မှတ် ရလောက်အောင် ဖြူလျော် နေတယ်။ ငါ့ သူငယ်ချင်းရဲ့
မျက်ခွံတွေ ဟာ မပိတ်ချင်ဘဲနဲ့ အတင်း အပိတ်ခံ ထားရ သလိုပဲ။ ငါ့သူငယ်ချင်းရဲ့ ဖြူလျော်လျော်
နှုတ်ခမ်းတွေ ကတော့ တင်းတင်း စေ့နေတယ်။ ငါ့ သူငယ်ချင်းရဲ့ အဖေက အလောင်းစင် ပေါ်မှာ ဘေးတစောင်း
ထိုင်ပြီး ငါ့ သူငယ်ချင်းရဲ့ ဖြူလျော်လျော် မျက်နှာကို ကြည့်ကာ ငိုနေတယ်။ ငါ့သူငယ်ချင်းရဲ့
အမေက အလောင်းစင် ပေါ်ကို လက်ထောက်ပြီး ငိုနေတယ်။ ကျန်တဲ့ သူတွေ ကိုတော့ ငါ မသိဘူး။ အသားညိုတဲ့
ငါ့ သူငယ်ချင်း ခမျာ သေမှပဲ ဖြူသွား တော့တယ် လို့ ၀မ်းနည်းမှုတွေ ပြေလျော့ သွားအောင်
တွေးလိုက် မိသေးတယ်။ ဒါပေမယ့် အဲဒီ အတွေးကပဲ ၀မ်းနည်း နေတဲ့ စိတ်ကို ပိုပြီး ၀မ်းနည်း
လာစေတယ်။
လေတိုက်တဲ့
အခါ ဇရပ် ခေါင်မိုးက သွပ်တွေ တဖြန်းဖြန်း အသံမြည် သွားကြတယ်။ ငါ့ သူငယ်ချင်း တခါတလေ
ဒေါသ ထွက်တဲ့အခါ လီဗာကို တဗြဲဗြဲ မြည်အောင် ဆွဲပြီး ဆိုင်ကယ်ကို မောင်းထွက် သွားတတ်
လေ့ရှိတာကို သတိရ လာမိတယ်။ ခုတော့ ငါ့သူငယ်ချင်း ခမျာ တဖြန်းဖြန်း မြည်နေတဲ့ သွပ်အမိုး
တွေရဲ့ အောက်မှာ ပက်လက် အနေ အထားနဲ့ပဲ နှုတ်ခမ်းတွေ တင်းတင်း စေ့ထားရင်း ဘာမှ မတုံ့ပြန်နိုင်
ရှာတော့ဘူး။ ငါ့သူငယ်ချင်းရဲ့ ခြေမ နှစ်ဖက်ကို ပူးချည် ထားတဲ့ ဆံပင်တွေဟာ သူ့ အမေရဲ့
ဆံပင်တွေ ဖြစ်မယ် ထင်တယ်လို့ တွေးမိတယ်။ ငါ့ သူငယ်ချင်းရဲ့ ခြေမနှစ်ဖက်ကို စုချည်ထားနိုင်
ပေမယ့် ခြေဖ၀ါး တွေက ဘေးကို ကားထွက်နေတယ်။ ရုန်းကန် နေတဲ့သဘောပဲ။ ငါ့သူငယ်ချင်းဟာ ဘယ်လို
ချည်နှောင် မှုမျိုးကိုမှ မကြိုက်တဲ့ သူပဲ။ ငါ မသိတဲ့ လူတစ်ယောက်က ငါ့သူငယ်ချင်းရဲ့
လက်တွေကို ရင်ဘတ်ပေါ်မှာ လက်ချင်း ယှက်ပြီး
ထားတဲ့ အနေ အထားမျိုး ပြင်ပေး လိုက်တယ်။ ငါသိနေတယ်။ ငါသူငယ်ချင်းဟာ အဲသလို ရိုရို ကျိုးကျိုး
အနေ အထားမျိုးကို သိပ်ကြိုက်တဲ့သူ မဟုတ်ဘူးဆိုတာ။ ဒါပေမယ့် ငါ့ သူငယ်ချင်း ခမျာ ဖြူလျော်လျော်
လက်ချောင်း လေးတွေ ကို ရင်ဘတ်ပေါ်မှာ တင်လျှက်သား ရိုရို ကျိုးကျိုးလေး နေပေး နေရရှာပြီ။
ငါ့သူငယ်ချင်းရဲ့ ပိတ်နေတဲ့ မျက်ခွံတွေကို ကြည့်နေရင်း ရုတ်တရက် မျက်ခွံတွေဟာ ဖျတ်ခနဲ
ပွင့်လာလေမလားလို့ ငါ မျှော်လင့် မိသေးတယ်။ ရုတ်တရတ် ဇရပ် ခေါင်မိုးပေါ်က အသံချဲစက်
ဆီက စူးစူး ၀ါးဝါး အော်လိုက်တဲ့ အသံ ထွက်လာတယ်။
"ကွယ်လွန်သူ
(---) ကို
ညနေ ၃ နာရီမှာ
သဂြိုလ်မှာ ဖြစ်သည့်အတွက်
အသုဘရှုရန်
ကြွရောက်ကြပါ ခင်ဗျားး"
ငါလန့်သွားတယ်။
နောက်ပြီး အံ့သြသွားတယ်။ အသံချဲ့စက်က အော်နေတဲ့ ပုဂ္ဂိုလ်ရဲ့ အသံဟာ ရွာထဲမှာ ရှိနေတဲ့ ငါ့သူငယ်ချင်းရဲ့
ဈာပန ကို လာကြမယ့် လူတွေကို အသိ ပေးလိုက်တာပဲ။ ငါ ဒီလိုမျိုး တစ်ခါမှ မကြားဖူးဘူး။
သူရဲ့ ရွာမှာ ဒီလို ဓလေ့ မျိုးရှိတယ်ဆိုတာလည်း ငါ့သူငယ်ချင်းက ငါ့ကို တစ်ခါမှ ပြောမပြခဲ့
ဖူးဘူး။ ပြောပြဖို့ကလည်း ဒီလို သူ့ဈာပန ကို သူ့ရွာကလေးရဲ့ သုသာန်လေးမှာ ပြုလုပ်နေတဲ့အချိန်
ငါက အသုဘ ရှုသူ တစ်ယောက် အနေနဲ့ လာရ လိမ့်မယ်လို့ ငါ့သူငယ်ချင်းရော ငါရော ကြိုမှ မသိခဲ့ကြဘဲ။
ငါတို့
ကြိုမသိခဲ့ ကြတာတွေ အများကြီး ပါပဲ။ အဲဒီညက ငါတို့ တစ်ခါမှတောင် မမြင်ခဲ့ဖူးတဲ့ လူတွေနဲ့
ရန်ဖြစ် ရလိမ့်မယ်လို့
ငါတို့ ကြိုမသိခဲ့ကြဘူး။
ငါ့ သူငယ်ချင်းက အနေအေးတယ်။ ရန်မဖြစ်တတ်ဘူး။ မသွက်ဘူး။ ထုံးစံ အတိုင်း တစ်ဖက်နဲ့ တစ်ဖက်
အဖွဲ့လိုက် ရိုက်ကြ နှက်ကြတယ်။ ရိုက်တယ် နှက်တယ် ဆိုတာ ဟာ ငါတို့ မြို့ကလေးမှာ လူငယ်
အချင်းချင်း ရန်ဖြစ်ကြတဲ့ အခါ ဖြစ်တတ်ကြတဲ့ ပုံစံပဲ။ ရိုက်ကြ ပြုကြရင်း ခဏ လူစုကွဲသွားတဲ့အခါ ငါ့သူငယ်ချင်းက နောက်ဆုံးမှာ ကျန်နေခဲ့တယ်။ တစ်ယောက်တည်း
နောက်မှာ ကျန်နေရစ်တဲ့ ငါ့သူငယ်ချင်းကို တစ်ဖက်အဖွဲ့က တစ်ယောက်က ဓားနဲ့ ပြေးထိုး လိုက် လိမ့်မယ်လို့ ငါတို့ ကြိုမသိခဲ့ကြဘူး။
ရန်ငြိုးရှိသူ
အချင်းအချင်း အချင်းများသလို ခန္ဓာကိုယ်ထဲ စိုက်ဝင်သွားတဲ့ ဓားသွားကို မွှေပစ်လိုက် လိမ့်မယ်လို့ ငါတို့ ကြိုမသိခဲ့ကြဘူး။
ငါ့သူငယ်ချင်းရဲ့ အပြာရောင် ဂျင်းဂျာကင် ကလေးမှာ သွေးတွေ ချင်းချင်း နီသွားလိမ့်မယ်လို့
ငါတို့ ကြိုမသိခဲ့ကြဘူး။ ငါ့သူငယ်ချင်းကို ပွေ့တင်ပြီး ဆေးရုံကို သယ်လာခဲ့ရတဲ့
အတွက် ဆိုင်ကယ် ကူရှင်ဟာ သွေးတွေနဲ့ စိုရွဲသွား
လိမ့်မယ်လို့ ငါတို့ ကြိုမသိခဲ့ကြဘူး။ ငါ့ သူငယ်ချင်းအတွက် လိုအပ်တဲ့ သွေးအမျိုးအစားဟာ
သိပ်ရှားတယ် ဆိုတာ ငါတို့ ကြိုမသိခဲ့ကြဘူး။ ငါ့သွေးဟာ ငါ့သူငယ်ချင်းရဲ့ သေရေးရှင်ရေး
လိုအပ်ချက်ကို ဖြည့်ဆည်း မပေးနိုင်ဘူး ဆိုတာ ကြိုမသိခဲ့ဘူး။
ငါ့
သူငယ်ချင်း ခမျာ ဆေးရုံ ကုတင်ပေါ်မှာ ပက်လက် အနေအထားနဲ့ မှိန်းနေရတယ်။ ခွဲစိတ်ခန်းက
ထွက်လာပေမယ့် ငါ့သူငယ်ချင်းရဲ့ ဓားဒဏ်ရာက သွေးမတိတ်သေးဘူး။ သိပ်နာသလားလို့ ငါ့သူငယ်ချင်းရဲ့
အမေက
မေးလာတဲ့အခါ “ အမေ ရိုက်သလောက်တောင်
မနာပါဘူး” လို့ ငါ့သူငယ်ချင်းက ပြန်ဖြေလိုက် တာကို ငါ သဘောကျခဲ့ မိသေးတယ်။ “ ဒဏ်ရာတွေက
သွေးမတိတ် သေးပေမယ့် နာကျင်ခြင်း ကိုတော့ သွေးတိတ် ထားရတယ် “ ဆိုတဲ့ ငါရေးခဲ့ ဖူးတဲ့ ကဗျာ အပိုင်းအစလေးကို ဖျတ်ခနဲ
သတိရမိတယ်။ ဒါပေမယ့် ငါ့ သူငယ်ချင်း ကိုတော့ ပြောမပြ ဖြစ်လိုက်ဘူး။ ဒုတိယ အကြိမ် ခွဲစိတ်ဖို့
လိုအပ်မယ် ဆိုတော့ ငါ့ စိတ်ထဲ ထင့်ခနဲ ဖြစ်သွားတယ်။
ဒုတိယ အကြိမ်
ခွဲစိတ်ခန်းက ထွက်လာတဲ့ အချိန်မှာတော့ ငါ့ သူငယ်ချင်း ခမျာ “ အမေ ရိုက် သလောက်တောင်
မနာပါဘူး” ရယ်လို့တောင် မပြောတော့ဘူး။ လုံးဝ မနာတော့ဘူး။ နာကျင် ခြင်းတွေ မရှိတော့ဘူး။ ငါ့သူငယ်ချင်း လည်း မရှိတော့ဘူး။ ငါ့
ကဗျာ ကိုလည်း ရွတ်ပြလို့ မရ တော့ဘူး။ ငါ့သူငယ်ချင်းရဲ့ နှုတ်ခမ်းတွေ တင်းတင်း စေ့သွားပြီ။
ငါ့ သူငယ်ချင်းရဲ့ မျက်ခွံတွေကို ပိတ်ပေး လိုက်ကြပြီ။ ဖြုတ်လိုက်တဲ့ ပိုက်တွေ ထဲမှာ
ငါ့ကို စိတ်တိုတိုင်း ဆဲတတ်တဲ့ ငါ့သူငယ်ချင်းရဲ့ ဆဲလုံး လေးတွေ ပါသွားပြီ။
“ နောင်...
ဝေ.... ဝေ....“
ရုတ်တရက် ကြားလိုက်ရတဲ့
ကြေးစည်သံကြောင့် လူတွေ အားလုံး လှုပ်လှုပ် ရွရွ ဖြစ်သွားကြတယ်။ ခဏ တိတ်နေတယ်လို့ ထင်ရတဲ့
ငိုသံတွေ ပြန်ဆူညံ လာတယ်။ ငါ့ သူငယ်ချင်းကတော့ ပက်လက် အနေ အထား အတိုင်း နှုတ်ခမ်းတွေ
တင်းတင်း စေ့လျှက်သား။ ငါ့ သူငယ်ချင်းရဲ့ အလောင်းကို လူတစ်စုက သူ နားခိုရမယ့် အုတ်ဂူ
ကလေး ရှိရာဆီ သယ်ဆောင် လာကြတယ်။ သယ်ဆောင် လာကြတဲ့ လူတွေရဲ့ လက်ထဲ မှာ ငါ့ သူငယ်ချင်းရဲ့
အလောင်းဟာ အောက်ကို ပျော့ခွေကျ နေတယ်လို့ ထင်တယ်။ စောင်နဲ့ ပတ်ပြီး သယ်ဆောင် လာတာ ဖြစ်လို့
ငါ့သူငယ်ချင်းရဲ့ ခန္ဓာကိုယ် ကိုတော့ မမြင်ရဘူး။
ခြေဖ၀ါး နှစ်ဖက်ကိုပဲ မြင်ရတယ်။
အုတ်ဂူရဲ့
အရှေ့မှာ ငါ့သူငယ်ချင်းရဲ့ အလောင်းကို ခဏ ချလိုက်ကြတယ်။ လူကြီး တစ်ယောက်က ငါတို့ သူငယ်ချင်း
တစ်စုကို လှမ်းပြောတယ်။ အမိန့် ပြန်စာ ဖတ်ဖို့။ ငါတို့ ဘယ်သူမှ မဖတ်ချင်ကြဘူး။ မဖတ်နိုင်
ကြဘူး။ မဖတ်ရဲ ကြဘူး။ မဖတ်ရက်ကြဘူး။ နောက်ဆုံး ငါမဟုတ်တဲ့ တခြား သူငယ်ချင်း တစ်ယောက်က
အမိန့် ပြန်စာကို ဖတ်ပေးတယ်။ ငါ့ သူငယ်ချင်းဟာ ငါတို့ တက္ကသိုလ်နဲ့ လုံးဝ မသက်ဆိုင်
တော့ပါ ကြောင်း..တဲ့။ သင်သွား လိုရာ သွားနိုင်ပြီ တဲ့။ အမိန့်ပြန်စာကို ပြီးအောင်မှ
ဖတ်နိုင်ရဲ့ လား မမှတ်မိ တော့ဘူး။ အမိန့်ပြန်စာ စာရွက် အခေါက်လေးကို ငါ့သူငယ်ချင်းရဲ့ အလောင်းပေါ်မှာ
တင်ပေးလိုက်တာ ကိုတော့ မှတ်မိတယ်။ အမိန့်ပြန်စာ ဖတ်နေတဲ့ အချိန်မှာ ငါ့ သူငယ်ချင်းရဲ့
အဖေ ဆီက ဆို့ဆို့ နင့်နင့် အသံကြီးကို ကြားလိုက်ရ သေးတယ်။ ငါ့ သူငယ်ချင်းရဲ့ အလောင်းကို
အုတ်ဂူထဲ ထည့်ပြီး သွားတဲ့ အချိန်မှာ အသုဘရှုလာတဲ့ လူတွေ တော်တော် များများ ပြန်သွားကြပြီ။
အုတ်ဂူရဲ့ ခြေရင်းဘက် အပေါက်ကလေးကို ပိတ်ဖို့ပဲ ကျန်တော့တယ်။ ငါ့ သူငယ်ချင်းရဲ့ ခြေဖ၀ါးတွေကို
မြင်နေရသေးတယ်။ အသက်ရှင်စဉ် ကာလ တစ်လျှောက်လုံး မြင်ရဖို့ သိပ်မလွယ်တဲ့ လူတစ်ယောက်ရဲ့
ခြေဖ၀ါးတွေ..။ ငါ့ သူငယ်ချင်းရဲ့ ခြေဖ၀ါး တွေ ကတော့ ဖြူဖွေး နေတာပါပဲ။
အပြန်ခရီးမှာ
သုသာန်လေးထဲက ထွက်လာတဲ့ လမ်းကျဉ်းကလေးရဲ့ အဆုံးကို ရောက်တော့ ဆိုင်ကယ်ကို ခဏရပ်ပြီး
သုသာန်ထဲက ဇရပ်ကလေး ဆီကို လှမ်းကြည့် မိတယ်။ ဘယ်သူမှ မရှိတော့ဘူး။ လူတစ်ချို့က ရွာဘက်ဆီကို တရွေ့ရွေ့ ပြန်နေကြတယ်။
ခပ်လှမ်းလှမ်းက လှမ်းမြင်နေရသေးတဲ့ ငါ့ သူငယ်ချင်းရဲ့ အုတ်ဂူလေး ပေါ်မှာ လွမ်းသူ့ ပန်းခွေ
ကို တင်ထားတယ်။ စောစောက အဲဒီ ပန်းခွေဟာ ဘယ်နားမှာ ရှိနေခဲ့တာလည်း ဆိုတာကို သတိ မထားမိခဲ့ဘူး။
ငါနဲ့ အုတ်ဂူရဲ့ ကြားက အကွာအဝေးအရ ပန်းခွေမှာ ရေးထားတဲ့စာကို မမြင်ရဘူး။ ဖတ်လို့ မရဘူး။
ဒါပေမယ့် ငါ သူငယ်ချင်းရဲ့ နာမည်နဲ့ အသက်ကို ရေးထား တယ်ဆိုတာ ငါသိနေတယ်။ ငါ မမြင်ဘူး။
ဒါပေမယ့် ငါ သိတယ်။
သုသာန်လေး
ဆီကထွက်လာတဲ့ မြေနီလမ်း ကျဉ်းကျဉ်းလေးရဲ့ အဆုံးမှာ ကတ္တရာလမ်းမကြီး ရှိတယ်။ ကတ္တရာ လမ်းမကြီးပေါ်
ရောက်တာနဲ့ ငါ့ ဆိုင်ကယ်ရဲ့ အမြန်နှုန်းကို မြှင့်လိုက်တယ်။ ငါ့ ဆိုင်ကယ်ဟာ ငါ့ကို
သယ်ဆောင်ကာ လမ်းမကြီးပေါ်မှာ တရိပ်ရိပ် ပြေးနေတယ်။ လမ်းမကြီး ဘယ်မှာ ဆုံးမယ် ဆိုတာ ငါ
မသိဘူး။ ငါ ရပ်ရမယ့် နေရာကို ရောက်ရင်တော့ ငါ့ ဆိုင်ကယ်ဟာ ရပ်သွားမှာပဲ။ ။
လင်းဝေအိမ်
၂၉-၀၆-၂၀၁၅
No comments:
Post a Comment