20 October 2014

"ဧည့်ခန်းနံရံမှာ ဘွဲ့ဓာတ်ပုံဟာ ခန့်ခန့်ကြီး"

"ဧည့်ခန်းနံရံမှာ ဘွဲ့ဓာတ်ပုံဟာ ခန့်ခန့်ကြီး"


နေသားမကျတဲ့ အပြုံးကြီးက ဘွဲ့ဝတ်ရုံကြီးကို လန့်နေပုံ
မျက်လုံးတွေက တစ်စုံတစ်ခု လစ်ဟာ ကင်းမဲ့နေပုံ
ဘယ်နားထားရမယ်မှန်းမသိခဲ့တဲ့ လက်တွေက ဓာတ်ပုံထဲပါမလာ။

ရီဟာဇယ် အကြိမ်ကြိမ်လုပ်ရတယ်။ ဘွဲလက်မှတ်ကို ယူဖို့။
ဂျင်းဘောင်းဘီဝတ်လာသူဟာ ရီဟာဇယ်လုပ်ခွင့်မရှိဘူးဆိုလို့
ဂျင်းဘောင်းဘီကို မချွတ်ချင်တာနဲ့ ရီဟာဇယ် မလုပ်တော့ဘူး။
ဘွဲ့ခန်းမဘေးက လက်ဖက်ရည်ဆိုင်မှာ ရုပ်ရှင် ထိုင်ကြည့်နေလိုက်တယ်။
ရုပ်ရှင်ကြည့်တာဆိုတော့ ဂျင်းဘောင်းဘီ ချွတ်စရာမလိုဘူး။
ပန်းနုရောင်ပိုးပုဆိုးနဲ့ ပန်းနုရောင် တိုက်ပုံဝတ်ပြီး ရင်ဘတ်မှာ
ပန်းတစ်ခက်ထိုးထားတဲ့ သူငယ်ချင်းက ရီဟာဇယ်တွေအကြိမ်ကြိမ်လုပ်နေမယ်။
စည်းဝိုင်းထဲဝင်မယ်။ ခေါင်းငုံမယ်။ လက်ဆွဲနှုတ်ဆက်မယ်။
ဇာတ်လိုက်က ၀ိုင်းထားတဲ့ရန်သူတွေကို ဖောက်ထွက်နေရတယ်။
သေနတ်ကိုဆွဲထုတ်တယ်။ (သေနတ်က ပြောင်းမပါပေမယ့် ကျည်အပြည့်ပဲ။)
လက်ခုပ်ကို တဖြောင်းဖြောင်းတီးကြတယ်။ ကင်မရာမီးတွေ တဖျတ်ဖျတ်။
ဇာတ်လိုက်က မျက်နှာငယ်လေးနဲ့ သတင်းထောက်တွေကို ဖြေရှင်းနေရတယ်။
တစ်ယောက်ကို တစ်ယောက် မြင်ပေမယ့် မကြည့်နိုင်ကြဘူး။
တစ်ယောက်ကို တစ်ယောက် ကြည့်ပေမယ့် မမြင်နိုင်ကြဘူး။
မိတ်ကပ်တွေပျက်မသွားခင် ဓာတ်ပုံကို အချိန်မှီရိုက်နိုင်ဖို့ လုံးပမ်းရတယ်။
ဇာတ်လိုက်က ချိန်ကိုက်ဗုံးထမကွဲခင် အခန်းထဲက ထွက်နိုင်ဖို့ ပြေးနေပြီ်။
ဘွဲ့ခန်းမထဲက ဘွဲ့ရမောင်မယ်တွေ ထွက်မလာနိုင်ကြသေးဘူး။
ထိုင်ရတာ ညောင်းလာလို့ အိမ်သာခဏသွားတဲ့အချိန်အတွင်းမှာပဲ
အားလုံးဟာ ပြီးဆုံးသွားတယ်။ ဇာတ်လိုက်နဲ့ အပေါင်းအပါတွေရဲ့
နောက်ကျောကိုပဲလှမ်းမြင်လိုက်ရတယ်။ နေလုံးက တဖြည်းဖြည်း ၀င်သွားပြီ။
အားလုံး ဘွဲ့ခန်းမထဲက ထွက်လာချိန်မှာပဲ လမ်းမီးတွေ လင်းလာတယ်။

ရီဟာဇယ်မလုပ်ဘဲ ယူခဲ့တဲ့ ဘွဲ့လက်မှတ်ကြီးဆိုတော့ 
တစ်ဘ၀လုံး ရီဟာဇယ် လုပ်နေရတာ
မပြီးတော့ဘူး။  ။

                              လင်းဝေအိမ်

No comments:

Post a Comment