14 December 2012

"အက္ခရာတွေ ကျပျောက်ခဲ့တဲ့ ပုံပြင်"





"အက္ခရာတွေ ကျပျောက်ခဲ့တဲ့ ပုံပြင်"

(၁)


"နှင်းဝေေ၀ ဆိုတာ မောင့် ဘ၀ရဲ့ အနက်ရှိုင်းဆုံးအထိစူးဝင်သွားတဲ့ ဆူးလေးတစ်ချောင်းပဲ။
ဘယ်လောက်ပဲ နာကျင်နေပါစေ အဲဒီ နာကျင်မှုတွေမှာပဲ သာယာနေမယ်။ ဘယ်တော့မှ ဆွဲမနှုတ်ဘူး"


မိုးတွေ ဖွဲဖွဲလေးရွာသွန်းနေတဲ့ နေ့လည်ခင်းတစ်ခုမှာပဲ အဲဒီစကားတွေကို မောင် ပြောခဲ့တယ်
ဆိုတာ မှတ်မိနေပါသေးတယ်။မှတ်မှတ်ရရ အဲဒီနေ့က မောင့်ကို အဖြေပေးလိုက်တဲ့နေ့ပါ။
အချစ်ဟာ ဘ၀ကိုဖွဲ့ဆိုရာမှာ မလိုအပ်တော့တဲ့ အက္ခရာ တစ်လုံးအဖြစ်နှင်း ယူဆခဲ့တယ်။
ဒါပေမယ့် နှင်းဘ၀ထဲကို မောင် ရောက်လာချိန်ကအစပြုလို့အရာအားလုံးဟာ ပြောင်းလဲခဲ့ရ
ပါတယ်။ အချစ်ဟာနှင်း ဘ၀ကိုထိုးစိုက်ဖို့ တိတ်တဆိတ်ပျံသန်းလာနေတဲ့ မြှားတစ်စင်းဆိုတာ
သတိမပြုနိုင်လောက်အောင်ပဲ မောင့် ရဲ့စကားလုံးလေးတွေကြားမှာနစ်မြောခဲ့ရပါတယ်လေ။

"တကယ်တော့ အချစ်ဆိုတာ ကစားစရာ အရုပ်ကလေးတစ်ရုပ်ပဲ
အဲဒီအရုပ်လေးကို တစ်ချို့က ကိုးကွယ်နေကြတာဟာ သိပ်ရယ်စရာ ကောင်းတယ်။"

"ဒါဆို မောင်က နှင်းကိုလည်း အရုပ်လေးတစ်ရုပ်လိုပဲသဘောထားတာပေါ့"

"မဟုတ်ဘူး၊ နှင်းက မောင့်ရဲ့ ကစားဖော်လေ
အဲဒီအရုပ်လေးကို နှင်းနဲ့မောင် အတူတူကစားကြတာပေါ့"

"ဘယ်အချိန်အထိ  အတူတူ ကစားခွင့်ရကြမှာလဲဟင်"

မောင်ဟာ နှင်းရဲ့မေးခွန်းကို မဖြေသေးဘဲ စွယ်တော်ရွက်ဝါလေးတစ်ရွက် ကြွေကျလာတာကို
ငေးကြည့်နေတယ်။
ပြီးမှ-

"တချိန်ချိန်အထိပေါ့ နှင်းရယ်"

အဲဒီတချိန်ချိန်ဆိုတာ ဘယ်အချိန်ထိလဲလို့တိတိကျကျသိလိုစိတ်ကို ချိုးနှိမ်ထားရင်း မောင့်
မျက်နှာကိုပဲ နှင်း ငေးစိုက်ကြည့်နေခဲ့လိုက်ပါတယ်။မောင်ဟာ နားလည်ရခက်တဲ့ ကဗျာဆရာလေး
တစ်ယောက်ပါလေ။ မောင့်ရဲ့ ကဗျာလေးတွေကိုနှင်း နားလည်ဖို့မကြိုးစားဘဲ နှစ်သက်ခဲ့မိသလို
မောင့် ကိုလည်း ဘယ်တုန်းကမှနားလည်ဖို့ မကြိုးစားဖြစ်ခဲ့ပါဘူး။မောင် ဟာ ကဗျာလေးတစ်ပုဒ်
ပါပဲကွယ်။

(၂)

ဆောင်းဦးလေပြေဟာ နှင်းတွေကိုတစ်ရွက်ပြီးတစ်ရွက် ခြွေနေတယ်။လေအဝှေ့မှာ ပါးပြင်ပေါ်မှ
မခြောက်သေးတဲ့ သနပ်ခါးပါးကွက်လေးတွေကအေးခနဲ ဖြစ်သွားတယ်။ဘယ်ဘက်လက်နဲ့ ဆွဲလာတဲ့
ကြိမ်လက်ဆွဲခြင်းလေးကို ညာဘက်နဲ့ပြောင်းဆွဲရင်း နှင်း ခြေလှမ်းတွေရဲ့ အမြန်နှုန်းကိုမြှင့်လိုက်ပါတယ်။
ဒီအချိန်ဆို လမ်းထိပ် လက်ဖက်ရည်ဆိုင်ရဲ့ ဘယ်ဘက်ထောင့်က ခုံလေးမှာ မောင် ရောက်နေပြီလား။
နှင်း နောက်ကျနေပြီလား.။ရင်ဖုံးအကျီင်္အဖြူ၊ ထမီအစိမ်း၊ စာအုပ်အချို့နဲ့ ထမင်းချိုင့်လေးကိုသယ်ဆောင်
လာတဲ့ ကြိမ်ခြင်းလေး စသည်တို့ဖြင့် ဖွဲ့စည်းထားတဲ့ နှင်းဝေေ၀ ဆိုတဲ့ငှက်မလေးဟာ မောင့်ကို ချစ်တဲ့
အချစ်တွေနဲ့ ပျံသန်းလာနေပါပြီ။


မနက်ခင်းတိုင်း လမ်းထိပ်က လက်ဖက်ရည်ဆိုင်လေးမှာ မောင် အမြဲတမ်းရှိနေတတ်ပါတယ်။ ထိုင်ခုံမှာ
ထိုင်နေရင်း အမြဲလိုလိုစာအုပ်တစ်အုပ်ကိုဖတ်နေတတ်တဲ့ မောင့် ကို အဝေးကြီးကတည်းက နှင်း မြင်ရ
ပါတယ်။နှင်း ဆိုင်ရှေ့ကနေဖြတ်လျှောက်သွားတာကို မောင် ငေးကြည့်နေမယ်လေ။နှင်းကတော့
လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ မောင့်ရဲ့အကြည့်တွေကို တုန့်ပြန်ကြည့်ဖို့ မ၀ံ့ရဲပါဘူး။

"နှင်းရဲ့ ယူနီဖောင်းလေးကိုတော့ လေးစားပေးပါ မောင်ရယ်၊
ကျောင်းဆရာမလေးတစ်ယောက် အနေနဲ့ နေ့စဉ်ဖြတ်သန်းသွားလာနေရတဲ့ ဒီလမ်းလေးမှာတော့
နှင်းနဲ့မောင်နဲ့ ချစ်သူတွေလိုနေကြဖို့ မသင့်တော်ဘူးထင်လို့ပါမောင်ရယ်..နော်"

"ဟုတ်ကဲ့ ဆရာမ"

မောင်က လက်ကလေးနှစ်ဖက်ကိုပိုက်ရင်း ကလေးတစ်ယောက်လိုပြန်ဖြေတော့ နှင်း ရယ်လိုက်ရ
တာလေ။မောင်ဟာ ဖြူစင်တဲ့ကလေးလေးတစ်ယောက်လိုပါပဲ။ ဒါပေမယ့် မောင့်ရဲ့စိတ်မှာ
ကဗျာဝိဥာည်ပူးကပ်နေချိန်မှာတော့မောင်ဟာ နှင်း နားလည်နိုင်စွမ်း မရှိတဲ့မှုန်ကုပ်ကုပ်ကောင်လေး
တစ်ယောက်အဖြစ်ပြောင်းလဲသွားပါတယ်။

 ဒီလိုနဲ့ပဲ နှင်းရဲ့ မနက်ခင်းတိုင်းဟာ မောင်ထိုင်နေတဲ့လက်ဖက်ရည်ဆိုင်လေးအရှေ့က ဖြတ်လျှောက်
သွားခွင့်ရရုံနဲ့ပဲ ပြီးပြည့်စုံခဲ့ရပါတယ်။နှင်းကိုငေးကြည့်နေမယ့်မောင့်မျက်ဝန်းတွေရဲ့ နွေးထွေးမှုမှာ
မနက်ခင်းရဲ့ဂီတဟာချိုမြိန်ခဲ့ရပါတယ်။

(၃)

ဘယ်သူကူလို့မှမနွေးနိုင်တော့ပါဘူး
ငါ
နှင်းဆူး စူးနေပြီ။

ပန်းနုရောင် စာရွက်လေးပေါ်မှာ လက်ရေးဝိုင်းဝိုင်းလေးတွေနဲ့ ရေးထားတဲ့ မောင့်ရဲ့ ကဗျာလေးပါ။
အကြိမ်ကြိမ်ပြန်ဖတ်နေမိလို့ စကားလုံးလေးတွဟာနှင်းရဲ့ နှလုံးသားမှာအမြစ်တွယ်နေပါပြီ။ နှင်းဆူး စူး
နေသတဲ့လားမောင်ရယ်။နှင်းကတော့ စကားလုံးတွေနဲ့ ယက်ဖွဲ့ထားတဲ့ မောင့်ရဲ့  ပိုက်ကွန်လေးထဲက
ငါးမလေးတစ်ကောင်ပါလေ။

သစ်ရွက်လေးတစ်ရွက် ဖြုတ်ခနဲကြွေသွားတာကို နှင်းငေးကြည့်နေမိတယ်။နှင်းလည်း သစ်ရွက်ကလေးလို
ကြွေဆင်းပစ်လိုက်ချင်ပါတယ်။တကယ်တော့ မိန်းမတစ်ယောက်ဟာ ကြွေချင်တိုင်းကြွေခွင့်မရှိတဲ့
သစ်ရွက်လေးတစ်ရွက်ပါ။အပင်ပေါ်မှာပဲ မွန်းကြပ်စွာစိမ်းလန်းနေရတဲ့သစ်ရွက်လေးတွေဘယ်လောက်
တောင်များနေပြီလဲလေ။

"နှင်း..ငါတို့မှာရည်ရွယ်ထားတဲ့ပန်းတိုင်ရှိတယ်။အတိုင်းတာတစ်ခုထိပြည့်စုံတဲ့တစ်ချိန်ချိန်မှာ
လက်ထပ်ကြဖို့ရည်ရွယ်ထားတာပဲ။အဲဒီပန်းတိုင်ကိုရောက်အောင်သွားကြရမယ်။လမ်းခုလပ်မှာ
မင်း ချန်နေရစ်ခဲ့မယ်ဆိုလည်း မင်း သဘောပဲလေ။အခုလက်ထပ်ကြဖို့ဆိုတာတော့မဖြစ်နိုင်ဘူး"

"ဒါဆို နှင်းက အိမ်ကစီစဉ်ပေးတဲ့သူနဲ့ လက်ထပ်လိုက်ရတော့မှာလား..မောင် "

"ဒါဟာ ၀တ္ထုရေးဆရာတွေ ဖန်တရာတေနေအောင်ရေးနေတဲ့ဇာတ်လမ်းကြီးပါကွာ။
ဒီကိစ္စဟာ မင်းရဲ့ရွေးချယ်မှုအပေါ်မှာပဲ မူတည်ပါတယ်။ငါဘာမှ ပြောစရာမရှိတော့ဘူး။ဒါပဲ။"

မောင့်ရဲ့ အသံဟာ ဖုန်းလိုင်းထဲမှပျောက်ကွယ်သွားပါတယ်။ဒါဟာ နှင်းဘ၀ထဲက ပျောက်ကွယ်သွားခြင်း
ရဲ့နိဒါန်းပဲလား......။နှင်းမှာ ရွေးချယ်ခွင့်ရှိတယ်လို့ မောင် ဘာကြောင့်ယုံကြည်သလဲဆိုတာမေးခွင့်ရမယ်
ဆိုရင်မေးကြည့်ချင်ပါရဲ့။ ကန့်သတ်ချက်တွေအောက်မှာ ရှင်သန်နေရတဲ့ မိန်းမတစ်ယောက်ရဲ့ဘ၀ကိုပဲ နှင်း စိတ်နာမိပါတယ်။မိန်းမတစ်ယောက်ဟာ တောင်းဆိုရုံကလွဲပြီးဘာမှမတတ်နိုင်ဘူးလား။ ယောင်္ကျား
တစ်ယောက်ရဲ့ရွေးချယ်မှုမှာ အရွေးချယ်ခံ အရာဝတ္ထုတစ်ခုမျှသာပဲလား။ မောင့်ဘ၀ထဲကို တိုးဝင်လာဖို့
စုစည်းထားတဲ့ နှင်းရဲ့အားမာန်တွေကို မောင် ဘာကြောင့်ရိုက်ချိုးပစ်ရက်ခဲ့ပါသလဲကွယ်။

(၄)


ညဟာ တိတ်ဆိတ်နေတယ်။လရောင်ကင်းမဲ့စွာ မှောင်မည်းနေတယ်။လရောင်မရှိတဲ့ ညဟာ အကျည်း
တန်နေသလား။နှင်းအတွက်တော့လရောင်လင်းလက်တောက်ပနေလည်း ညတွေဟာ မလှပနိုင်တော့
ပါဘူး။တိတ်ဆိတ်ခြင်းမှာ နာကျင်သံတွေ တ၀ုန်းဝုန်း ရိုက်ခတ်နေတယ်။လရောင်ဟာ အလွမ်းကိုပို
မိုလောင်ကျွမ်းအားကောင်းစေမလား။ အမှောင်ကိုနှင်း ကျေးဇူးတင်မိပါတယ်။ တချက်တချက်တိုးဝှေ့
လာတဲ့လေပြေဟာဆိတ်ဖလူး ပန်းရနံ့တွေကို သယ်ဆောင်လာတယ်။ ခြံထောင့်က ဆိတ်ဖလူးပင်ရှိ
ရာဆီကို လှမ်းကြည့်လိုက်မိတယ်။ ညရဲ့အမှောင်ကြောင့် အပင်ခြေမှာ ပွင့်ကြွေတွေဖွေးနေမယ့်
ဆိတ်ဖလူးပင်ကို နှင်း မမြင်ရပါဘူး။အပင်နဲ့အပွင့်လေးတွေကိုမမြင်ရပေမယ့်ရနံ့ က မွှေးနေပါတယ်။


"မောင်က ယောင်္ကျားလေးဖြစ်ပြီး ပန်းကြိုက်တယ်နော်"

"ဘာဆိုင်လဲ နှင်းရယ်...ယောင်္ကျားလေးဖြစ်တာနဲ့ပဲ ပန်းမကြိုက်ရတော့ဘူးလား.."

"မောင်...ဘယ်ပန်းကိုအကြိုက်ဆုံးလဲ..ဟင်"

"ဆိတ်ဖလူးပန်း"


ဒီလိုနဲ့  မနက်ခင်း ကျောင်းသွားတိုင်း နှင်းရဲ့ခေါင်းပေါ်မှာ ဆိတ်ဖလူးပန်းကုံးလေးတစ်ကုံး နေရာ
ယူခဲ့ပါတယ်။ဆိတ်ဖလူးပန်းရနံ့ ဟာနားလည်ရခက်စွာ ရီဝေသင်းပျံ့ တဲ့ ရနံ့  တစ်မျိုးလို့ မောင်
ပြောခဲ့ဖူးတယ်။မောင့်ရဲ့ ဆိတ်ဖလူးပန်းလေးတွေကြားမှာ နှင်း ရီဝေယစ်မူးခဲ့ရတာပါလေ။

အခုလည်း ညရဲ့ အမှောင်မှာ ဆိတ်ဖလူးပန်းလေးတွေကို မမြင်ရပေမယ့် ရီဝေတဲ့ ရနံ့  တွေမှာ
နှင်း ယစ်မူးနေရဆဲပါ။မောင်ဟာ နှင်းမမြင်နိုင်တော့တဲ့ဆိတ်ဖလူးပန်းပွင့်လေးတစ်ပွင့်ဖြစ်ပါတယ်။
ရနံ့  တွေ မွှေးနေဆဲ။ဒါပေမယ့် မောင်ဟာ နှင်းနဲ့အဝေးဆုံးကိုပျံသန်းသွားတဲ့ ဆိတ်ဖလူးပန်းပွင့်လေး ပါလေ။

နှင်း လက်ထဲမှာကိုင်ထားတဲ့ မောင်ရဲ့ ကဗျာစာရွက်လေးဟာ လေအဝှေ့မှာ တဖျက်ဖျက်တုန်ခါနေ
ပါတယ်။။မောင့်ရဲ့ကဗျာစာရွက်လေးကိုနှင်းဆက်လက်သိမ်းထားခွင့် ရှိသေးလား။ နှင်း သိမ်းထားသင့်
သေးရဲ့လား။ နှင်းမျက်လုံးအစုံကိုမှိတ်ချလိုက်တယ်။အဲဒီနောက် နှင်းရဲ့ သိမှု ခံစားမှုအာရုံတွေအားလုံး
ခေတ္ထ ရပ်ဆိုင်းသွားတယ်ထင်ပါရဲ့။ နှင်းဘာလုပ်လိုက်မိတယ် ဆိုတာ နှင်းကိုယ်တိုင်တောင် မသိ
လိုက်တော့ပါဘူး။နှင်း အသိစိတ်ကိုပြန်လည်ဆုပ်ကိုင်မိချိန်မှာတော့ တစစီကျဲပြန့်နေတဲ့ ကဗျာ
စာရွက်အပိုင်းစလေးတွေသာ ညအမှောင်မှာ လွင့်ဝဲနေပါတော့တယ်။

တချိန်က မောင် ပြောခဲ့ဖူးတဲ့စကားလေးတွေကို နှင်း တိုးတိုးလေးရွတ်ဆိုမိလိုက်ပါတယ်။



"ချစ်ခြင်းမေတ္ထာဟာ ဖန်တီးယူလို့မရသလို ဖျက်စီးပစ်လို့လည်းမရဘူး"

ဟိုး အဝေးဆီက ဆိတ်ဖလူးပန်းပွင့်တစ်ပွင့်ရဲ့ အော်သံသဲ့သဲ့ကြားလိုက်ရတယ်။ဒါပေမယ့်
အမှောင်ထုရဲ့ကြားမှာ နှင်း ဘာကိုမှမြင်နိုင်စွမ်းမရှိတော့ပါ။              ။

                                                                      လင်းဝေအိမ်
                                                                      စတိုင်သစ် မဂ္ဂဇင်း ၊ ဒီဇင်ဘာ ၊ ၂၀၁၂