“အိပ်မက်နာ”
၁။
မိချောင်းတွေဟာ
ဘယ်လိုလုပ်ပြီး အိပ်မက်ထဲကို ရောက်လာကြတာလဲ။ ရေမရှိဘဲ
ခြောက်ကပ်နေတဲ့ နေရာမှာ
သူတို့ အချိန်အကြာကြီး မနေနိုင်ကြဘူး
မဟုတ်လား။ အိပ်မက်ထဲမှာ ရေဆာလိုက်တာ။ အိပ်မက် ထဲမှာ ပူလောင်မှုဟာ အပြင် လောကထက်တော့
နည်းနည်း ပိုသက်သာနေသလိုပဲ။ အိပ်မက်ဟာ မျက်လုံးကို
မဖွင့်သေးမချင်း ရောက်ရာပေါက်ရာ လျှောက်သွားနေတယ်။ ဟထားတဲ့ မိချောင်းပါးစပ်ထဲမှာ ငွေထုပ်ကြီးက
ဝင်းလက် နေတာပဲ ။ အိပ်မက်ထဲမှာလည်း ငွေမက်တဲ့စိတ်က လျော့မသွားဘူး။ မောလိုက် တာ။ ချွေးစေးတွေပြန်နေပြီ။
ရင်ထဲမှာ ပူလောင်နေတယ်။ ညက သောက်ခဲ့တဲ့ ၀ီစကီတစ်ချို့ရဲ့ သက်ရောက် မှုကြောင့် ဖြစ်မယ်။
နောက်ဆုံးမနေနိုင်တော့တဲ့ အဆုံးမှာ ခေါင်းရင်းက ရေဗူးကို လက်နဲ့စမ်းပြီး ယူမော့ လိုက်ရတယ်။
မျက်လုံးကိုတော့ မှိတ်ထားလျက်သားပဲ။ အိပ်မက်ဟာ လူမိသွားတဲ့ သူခိုး တစ်ကောင်လို အခန်းထောင့်မှာ
ကုပ်ကုပ်ကလေးသွားပြီ ငြိမ်ဝပ်နေတယ်။
ရေသောက်ပြီး
သက်ပြင်းတစ်ချက်ချလိုက်တာနဲ့ အိပ်မက်ဟာ ပြန်ဝင်လာပြန်တယ်။ အမေက သူ့ရဲ့ သံသေတ္ထာလေးကို
ဖွင့်နေတယ်။ ကျွန်တော်နဲ့ အမေနဲ့ စကားတွေပြောကြတယ်။
"အမေ
ပိုက်ဆံနည်းနည်း လောက်ပေးပါဦး"
"ဘာလုပ်ဖို့တုန်း"
"အရက်သွားသောက်မလို့"
"ရော့
မအန်အောင်သောက်"
အိပ်မက်က
ချာချာလည်နေပြီ။ အိပ်မက်က ရေချိန်လွန်နေပြီ။ အိပ်မက်ဟာ အရမ်းပူတာပဲ။ အိပ်မက်ဟာ လူမှန်းသူမှန်းမသိတော့ဘူး။
အိပ်မက်ဟာ အလုအယက် မြိုချထားခဲ့တဲ့ လိုချင်တပ်မက်မှုတွေကို အကုန်လုံး ပြန်အန်ထုတ် ပစ်လိုက်ရတယ်။
အိပ်မက်ဟာ ခြေပစ်လက်ပစ် လဲကျသွားတယ်။
၂။
အစိမ်းရောင်နုနုလေးတွေ
တလက်လက်တောက်ပနေတဲ့ မြွေသေးသေးလေးတစ်ကောင်ဟာ ဦးခေါင်း ချွန်ချွန်လေးကို လေထဲမှာ မြှောက်ကာမြှောက်ကာနဲ့
လူးလွန့် ကစားနေတယ်။ သူ အချစ်ဆုံး (သို့မဟုတ်) စိတ်အ၀င်စားဆုံး သတ၀ါဟာ မြွေ ဖြစ်ကြောင်း
တစ်စုံတစ်ယောက်က မေးခဲ့ဖူးလို့ ဖြေခဲ့ဖူးတယ်။ သူ အမုန်းဆုံး သတ္တ၀ါက လူ ဖြစ်ကြောင်းကိုတော့
အခုအချိန်အထိ မေးမယ့်သူမရှိလို့ ဖြေခွင့်မရသေးဘူး။ အဲဒီ အဖြေဟာ အချိန်ကာလ ကြာမြင့်စွာ
သိုလှောင်ထားခြင်းခံလိုက်ရတဲ့အခါ ပုပ်သိုး သွားနိုင်မလား ဆိုတာကို တော့ သူစိတ်ပူမိတယ်။
ရက်လွန်ဆွေးမြေ့နေတဲ့ အဖြေတစ်ခုကိုတော့ ဘယ်လိုမေးခွန်းမျိုးကိုမှ သူ မပေးချင်ပါဘူး။
စာသင်ခန်းလေးရဲ့
ဘေးနားမှာ အမြဲတန်းလိုလို စိမ်းနေတတ်တဲ့ ခြုံပင်တန်းတွေရှိတယ်။ အဲဒီခြုံပင်တန်းတွေ
ဆီမှာ မြွေစိမ်းလေးတွေကို ခဏ ခဏ တွေ့ရတတ်တယ်။ တွေ့လိုက်တိုင်းလည်း သူ ကြည်နူးရတာပါပဲ။
သူတို့ကို မြင်ရတာနဲ့ တပြိုင်နက် မျက်စိအောက်ကနေ သူတို့ပျောက်ကွယ်သွားတဲ့ အချိန်အထိ
သူတို့ရဲ့ ရွေ့လျား မှုကို မျက်တောင်မခတ်စတမ်း လိုက်ကြည့်နေမိတတ်တယ် ။ တခြားတစ်ယောက်ယောက်က
သူတို့လေး တွေအပေါ် ရန်ပြုလာမှာကိုလည်း စိုးရိမ် ပူပန်စွာ စောင့်ကြည့်ပေးနေရင်းပေါ့
။ သေးသေး မျှင်မျှင်နဲ့ အစိမ်းရည်လဲ့နေတဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ကို သစ်ကိုင်းတစ်ခုခုမှာ
ခွေပတ်ထားရင်း လည်ပင်း သွယ်သွယ် လေးကိုဆန့်ထုတ်ပြီး ဦးခေါင်းချွန်ချွန်လေးကို လေထဲမှာ
ယိမ်းထိုး လှုပ်ခါ ကစားနေတတ်တဲ့ အဲဒီ အကောင်လေးတွေဟာ သူရဲ့ တစ်ဖတ်သတ် မိတ်ဆွေလေးတွေပါပဲ။
သူက သူတို့လေးတွေရဲ့ လှုပ်ရှားမှုကို တမေ့တမော ချစ်ခင် နှစ်လိုစွာ ရပ်ကြည့်ငေးမောနေတတ်ပေမယ့်
သူတို့လေးတွေရဲ့ သိမှု အာရုံ ထဲမှာတော့ သူ ရှိမနေလောက်ပါဘူး။
အိမ်မက်ထဲကို
လူးလွန့်ပြီးဝင်လာတဲ့ မြွေစိမ်းလေးကတော့ သူတို့ စူးစူးစိုက်စိုက် ကြည့်နေတယ် ။ စာသင်
ခန်း ဘေးနားက
ခြုံတန်းလေးရဲ့ရှေ့မှာ တစ်စုံတစ်ခုကို စိတ်ဝင်တစား ငေးမောကြည့်နေတဲ့ ဘောင်းဘီတို အစိမ်းလေးနဲ့
ကောင်လေးတစ်ယောက်ရဲ့ ပုံရိပ်ကို မြွေစိမ်းလေးရဲ့ မျက်လုံးနက်နက် လေးတွေထဲမှာ တွေ့ လိုက်ရတယ်။
ကောင်လေးရဲ့ ပုံရိပ်ဟာ အစွန်းအထင်းတွေနဲ့ မှုန်ဝါးလျော့ရဲ နေပါပြီ ။ မြွေကလေးတော့
သစ်သစ်လွင်လွင်စိမ်း
နေတုန်းပဲ။ မြွေကလေးက အရင်တုန်းလို လည်ပင်းသွယ်သွယ်လေးကို ဆန့်ထုတ်ပြီး ဦးခေါင်း ချွန်ချွန်လေးကို
ယိမ်းထိုး လှုပ်ခါ ကခုန်ပြတယ်။ ဒါပေမယ့် သူက စာသင်ခန်းဘေးနားက ကောင် လေးလို မြွေကလေးကို
ငေးမောကြည့်မနေနိုင်တော့ပါဘူး။ ရုတ်တရက် မြည်လာတဲ့ တယ်လီဖုန်းအသံက မြွေကလေးကို မောင်းထုတ်ပစ်လိုက်ပါတယ်။
“ ဟယ်လို ပြောပါ
ခင်ဗျာ”
ချွေးစေးတွေ
စိုစွတ်စေးကပ်နေတဲ့ လက်ထဲက တယ်လီဖုန်းဟာ လိုအပ်တာထက်ကို ပိုပူနေသလိုပါပဲ ။ နားထဲကို
စီးဝင်လာတဲ့ ဒိုင်ယာလော့တွေက အထက်စီးဆန်မှုတွေ ပေကျံနေတယ်။ တဖက်က ဘာတွေ ပြောနေတယ်ဆိုတာ
ဝေခွဲမရပေမယ့် သူကတော့ ဟုတ်ကဲ့ တစ်ခွန်းတည်းကိုပဲ အကြိမ်ကြိမ်အခါခါ ပြောနေ
မိပါတယ်။
“ ဟုတ်ကဲ့ပါ
ခင်ဗျာ”
“ ဟုတ်ကဲ့ပါ
ခင်ဗျာ”
“ ဟုတ်ကဲ့ပါ
ခင်ဗျာ”
၃။
အကြော်ပင်ကြီးက
အရွက် စိမ်းစိမ်း ဖားဖားကြီးတွေနဲ့ သိပ်လှတယ်။ ဟိုတစ်ချိန်က အကြော်ပင်ကြီးရဲ့ အောက်မှာ
အကြော်ပင်ကြီး ခြွေချပေးထားတဲ့ ရွက်ကြွေလေးတွေ ပွင့်ကြွေလေးတွေနဲ့ ကောင်ကလေး ကစားလေ့ရှိတယ်။
ကောင်လေး မြို့ကို ကျောင်းသွားတက်တော့မယ် ဆိုတဲ့နေ့က အကြော်ပင်ကြီးငိုတယ်။ ကောင်လေးအိမ်
ကထွက်လာတော့ အကြော်ပင်ကြီးက အခက်အလက်တွေ လှုပ်ခါပြီး အပြေး လိုက်လာ တယ်။ ပြေးလာရာ လမ်းတစ်လျှောက်
ပွင့်ကြွေတွေ ရွက်ကြွေတွေ လွင့်လွင့်ပြီးဝဲနေတာပဲ။ နောက်ဆုံးမှာ တော့ အကြော်ပင်ကြီးဟာ
ကောင်လေးကို သယ်ဆောင်သွားတဲ့ စက်သံခပ်ပြင်းပြင်းနဲ့ မော်တော်ကားကြီး မီးခိုးတွေ တလုံးလုံးနဲ့
တရွေ့ရွေ့ ထွက်ခွာသွားတာကို ပွင့်ကြွေတွေ ရွက်ကြွေတွေ တစစီ ပြန်လိုက် ကောက် နေရင်းနဲ့
မော့မော့ကြည့်ပြီး ကျန်နေရစ်ရှာတယ်။
အိမ်မက်ထဲကို
ရောက်လာတဲ့ အကြော်ပင်ကြီးကို ရုတ်တရက် သူက မမှတ်မိဘူး။ အကြော်ပင်ကြီးက အရင်လို အရွက်
စိမ်းစိမ်း ဖားဖားကြီးတွေနဲ့ မဟုတ်တော့ဘူး ။ အကြော်ပင်ကြီးမှာ အရွက်တွေ ခပ်ပါးပါးပဲ
ကျန်တော့ တယ်။ အပွင့်တွေ လည်းမရှိတော့ဘူး။
ဟိုးးးတုန်းကလို ကောင်ကလေး ကစားဖို့ အရွက်တွေ ခြွေချ မပေး နိုင်တော့ဘူး။ အပွင့်တွေ
ခြွေချမပေးနိုင်တော့ဘူး။ အကြော်ပင်ကြီးက ဟိုတုန်းကလို အသံ အကျယ်ကြီးနဲ့တော့ ရယ်ပြနေတယ်။
အကြော်ပင်ကြီးကို သူက သူရဲ့ တိုက်ခန်းကျဉ်းလေးရဲ့ ဧည့်ခန်းမှာ နေရာချပေးလိုက်တယ်။ အကြော်ပင်ကြီးက
သူရဲ့ တိုက်ခန်းကျဉ်းလေးထဲမှာ နေတတ်ပုံမရဘူး။ အကြော်ပင်ကြီးက မပျော်ဘူး။ အကြော်ပင်ကြီးက
ပြန်တော့မယ်လို့ပြောတယ်။ အဲဒီလိုပြောတဲ့နေတုန်းက သူ မငိုမိဘူး။ အကြော်ပင်ကြီး ပြန်သွားတော့
သူ အကြော်ပင်ကြီးရဲ့ နောက်ကို အပြေးအလွှား လိုက် မသွားမိဘူး။ အကြော်ပင်ကြီးက ခဏခဏ နောက်ကို
ပြန်ပြန် လှည့်ကြည့်ရင်း တရွေ့ရွေ့ ထွက်ခွာ သွားရှာတယ်။
၎။
ထွန်ယက်ပြီးကာစ
အနီရောင် ယာခင်းပြင်ကြီးဆီကနေ ကောင်လေး ထွက်ပြေးလာခဲ့တယ်။ အနီရောင် ယာခင်းပြင်ကြီးဟာ
အစိမ်းရောင် ယာခင်းပြင်ကြီး အဖြစ်ပြောင်းလဲသွားတယ်။ ကောင်လေးက ပြေးနေ တုန်းပဲ။ အစိမ်းရောင်
ယာခင်းပြင်ကြီးက အ၀ါရောင် ယာခင်းပြင်ကြီးအဖြစ်ပြောင်းလဲ ရင့်မှည့်သွားတယ်။ ကောင်လေးက
ပြေးနေတုန်းပဲ ။
ရွာကနေ ကောင်လေး
ထွက်တာတဲ့နေ့တုန်းက ရွာအ၀င်တံခါးလေးကို ပြန်ပိတ်ထားခဲ့မိတယ်။ ဒါကို မြင်တဲ့ တံခါး ရဲ့ဘေးနားမှာ
ရပ်နေတဲ့ တမာပင်ကြီးက နားမလည်နိုင်သလို အံအားသင့်စွာ ကောင်လေးကို ငေးကြည့် နေတယ်။
“ ဘယ်အချိန်ပြန်လာမှာလဲ”
လို့ တမာပင်ကြီးက ကောင်လေးကို မေးလိုက်တယ်။
ကောင်လေးက
ပြန်မဖြေခဲ့ဘူး။ ပိတ်လျက်သား ရွာအ၀င်တံခါးလေးကို ကျောခိုင်းပြီး ထွက်လာခဲ့တယ်။ ကောင်လေး
ပြေးထွက်လာရာ လမ်းပေါ်မှာ ချောင်းကလေးက ကန့်လန့်ဖြတ် စီးဆင်းနေတယ်။ ကောင်လေးက ချောင်းကလေးကို
တိုးတိုး တိတ်တိတ်လေးပဲ ကျော်ဖြတ်လာခဲ့ပါတယ်။ လမ်းပေါ်ကို ငုံကိုင်း နေတဲ့ ဒဟတ်ပင်ကြီးရဲ့အောက်ကို
ရောက်တဲ့အခါမှာတော့ ကောင်လေးက စာသင်ကျောင်းမှာ သင်ခဲ့ရဖူးတဲ့ ဒဟတ်ပန်းကဗျာကို တိုးတိုးလေး
ရွတ်လိုက်သေးတယ်။
“လူမရောက်၊
ဂူ ကျောက်ချောင် တောင်ကတုံးမှာ၊
စုရုံးကာ သူတို့ ပေါက်ရှာကြ၊
အခေါက်ဖြူဖြူကလေးရယ်နှင့်၊
အခြောက်ကြူကြူ မွှေးရှာဘု၊
ကျေးငှက် ပျော်စံ “ *
ကောင်လေးပြေးထွက်လာခဲ့တဲ့
ရာသီဟာ ဒဟတ်ပန်းတွေ ပွင့်တဲ့ရာသီမဟုတ်တဲ့အတွက် ကောင်လေးရဲ့ ကဗျာရွတ်သံကို ဒဟတ်ပင်ကြီးက
ဒဟတ်ပန်းရနံ့တွေနဲ့ ပံပိုး မွှမ်းထုံ မပေးနိုင်ခဲ့ပါဘူး။
ဒဟတ်ရွက် ရဲ့
မျက်နှာပြင်ဟာ သိပ်ကြမ်းရှတယ်။ ဒဟတ်အရွက်နဲ့ ပွတ်တိုက်မိတဲ့ အသားအရေဟာ ပွန်းရှပြီး
ခဏချင်းမှာ ပဲ ညိုမည်းလာတတ်တယ်။ ကောင်လေးရဲ့ အစ်ကိုက ကောင်လေးရဲ့ မျက်နှာကို ဒဟတ်ရွက်နဲ့
ပွတ်တိုက်ပြီး ကျီစယ်လေ့ရှိတယ်။ ဒဟတ်ရွက်နဲ့ ပွတ်မိတဲ့ နေရာဟာ ပွန်းရှပြီး ညိုမည်းလာတယ်။
ဒါဟာ အပေါ်ယံ ပွန်းရှရုံပါပဲ ။ သေရာပါမယ့် ဒဏ်ရာ မဟုတ်ပါဘူး။ မကြာခင်မှာပဲ ပျောက်ကွယ်
သွားမှာပါပဲ ။ ဒါပေမယ့် ပွန်းရှခြင်းကြောင့် ပူစပ်ပူလောင် ခံစားရမှုကို ကောင်လေးက နည်းနည်းတော့
ကြောက်ရွံ့တယ်။ တစ်သက်စာ ထမ်းပိုးထားရတဲ့ တနင့်တပိုး ဒဏ်ရာတွေကတော့ နာကျင်မှုတွေမှာ
သာယာပျော်မွေ့တတ်လာစေတယ် ဆိုတာကို အဲဒီအချိန်တုန်းက ကောင်လေး မသိရှာသေးဘူး။
သူရဲ့ အိပ်မက်ထဲမှာတော့
ဒဟတ်ပင်ကြီးက အပွင့်တွေ ဖွေးနေအောင်ပွင့်နေတယ်။ ဒဟတ်ပွင့်တွေ ဖွေးနေတာ မြင်ရပေမယ့်
သူကဗျာမရွတ်ချင်မိဘူး။ ဒဟတ်ပန်း ကဗျာကိုလည်း မေ့လျော့စပြုနေပါပြီ ။
တကယ်ဆို ဒဟတ်ပင်ကြီးရဲ့
ပုံပန်း သဏ္ဌာန် ၊ ဒဟတ်ရွက်တွေရဲ့ ပုံပန်း သဏ္ဌာန် ၊ ဒဟတ်ပွင့်လေးတွေ ရဲ့ ရနံ့ စသည်ဖြင့် တော်တော်များများကို
သူ မေ့လျော့စပြုနေပါပြီ ။ အရွက်စိမ်းစိမ်းနဲ့ သာမန် သစ်ပင်တစ်ပင် လိုလို မပီဝိုးဝါးတဲ့
ပုံပန်း သဏ္ဌာန်တစ်ခုကိုပဲ ဒဟတ်ပင်ရယ်လို့
သူ့အိပ်မက်ထဲမှာ ပြန်မြင် တွေ့နိုင်ပါ တော့တယ်။ ဒဟတ်ပန်းလေးတွေရဲ့ ရနံ့ကိုတော့ ဘယ်လိုမှ
ပုံဖော်လို့ မရတော့။ သူ ဒဟတ်ပန်း ကဗျာကို ရွတ်မပြနိုင်တော့ပေမယ့် ဒဟတ်ပင်ကြီးကတော့
အပွင့်တွေကို ဖွေးနေအောင်ပွင့်ပြပြီး သူ ကဗျာ
ရွတ်လေ မလား ရယ်လို့ စောင့်မျှော်နေရှာပါတယ်။
၅။
တစ်ညလုံးအိပ်ခဲ့တဲ့
အိပ်ယာဟာ ကိုယ့်အိပ်ယာကလေး မဟုတ်ဘူးဆိုတာ နိုးနိုးချင်းမှာပဲ အထိတ်တလန့် သတိပြုမိလိုက်တဲ့
မနက်ခင်းတွေရဲ့ လောင်ကျွမ်းမှုကို ကော်ဖီတစ်ခွက်နဲ့ ငြိမ်းသတ်နေရတယ်။
တချွင်ချွင်မြည်
နေတဲ့ ငွေသံကြေးသံတွေ ၊
သားရေတွေစီးကျနေတဲ့
မြေခွေးမျက်လုံးတွေ ၊
ပျစ်ချွဲချွဲ
ရယ်သံတွေ ၊
ကျောကိုလာသပ်တဲ့
အေးစက်စက် လက်တွေ ၊
ခေါင်းကိုလာပွတ်တဲ့
မာကျောကျော လက်တွေ ၊
တ၀ီဝီပျံသန်းလာတဲ့
ကျည်ဆန်တွေရဲ့ အလှတရားကို ငေးမောကြည့်နေမိတဲ့ အရူးတွေ ၊
ဆိုင်လင်ဇာတပ်ထားတဲ့
သေနတ်နဲ့ လူမသိသူမသိ ပစ်ခတ်ပြီးခါမှ
အကျယ်ကြီး
အော်ဟစ် ရယ်မောပြနေတဲ့ ဇာတ်လိုက်တွေ ၊
ဖက်လုံးလေးကိုပဲ
မလွတ်တမ်းပွေ့ဖက်ထားရတဲ့ တစ်ယောက်အိပ် အိပ်ယာခင်းလေးတွေ ၊
တစ်စုံတစ်ယောက်
(သို့မဟုတ်) တစ်စုံတစ်ရာကို အော်အော်ခေါ်နေမိတဲ့ ကယောင်ကတမ်းတွေ ။
အိပ်မက်တွေက
သူ့ကို အနက်ရောင် သွားတွေနဲ့ ပိန်းပိတ် မှောင်မည်းနေအောင် ကိုက်ခဲထားတယ်။
သူ မရုန်းမိဘူး။ ။
လင်းဝေအိမ်(၃၀-၀၇-၂၀၁၄)
* ဒဟတ်ပန်း - ဦးကြော့