Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

02 April 2015

"အကြိမ်ကြိမ် ပြန်လှည့်ကြည့်မိပေမယ့် အဲဒီမှာ သူ မရှိတော့"

"အကြိမ်ကြိမ် ပြန်လှည့်ကြည့်မိပေမယ့် အဲဒီမှာ သူ မရှိတော့"


အနက်ရောင်ဟာ ခေါင်းတလားထဲမှာ ငြိမ်သက်စွာ
ပျံနေတဲ့ငှက် ပြန်ပြီ
ပုလင်းအခွံလေးကို အခန်းထောင့်မှာ ကပ်ထားပေးလိုက်ကြ
ပွကျဲပြီးကျန်နေတဲ့ အခန်းကျဉ်းလေးထဲ
ပြောလက်စ စကားတွေ ဆိုလက်စ သီချင်းတွေ
စာဖတ်နေတုန်း ရုတ်တရက်မီးပျက်သွားသလို
ဇာတ်ကောင်ဟာ စာသားတွေရဲ့ ထိန်းချုပ်မှုကနေ လွတ်ထွက်သွား
ဇာတ်လမ်းက မြွေအရေခွံတစ်ခုလို ပျော့စိစိကြီးကျန်နေခဲ့ရ
ကမ်းမှခွာသွားတဲ့ သင်္ဘောတစ်စင်းဆီက လွင့်ကျတဲ့ ဥသြသံ
တိုးတိုးလျလျလေး တဖြည်းဖြည်း ပျောက်ကွယ် လွင့်ပါး
ပစ်ပြီးခါစ သေနတ်ပြောင်းဝက ယမ်းငွေ့လေးများ
မျက်နှာချင်းဆိုင်က ထိုင်သူမဲ့ ပက်လက်ကုလားထိုင်လေးပေါ်မှာ
ပုဆိုးအဟောင်းတစ်ထည်ကို လွှမ်းပေးထားလိုက်တယ်
စီးနေတဲ့ချောင်းကလေးဘေးနားမှာ ထိုင်နေတုန်း
ရေစီးမှာ မျောပါသွားရှာတဲ့ မြက်ပင်လေးရဲ့ ခရီး
မပြီးဆုံးသေးပဲနဲ့ ရပ်သွားရတဲ့ သီချင်းကို
ခွေးလေခွေးလွင့် တစ်ကောင် ကိုက်ချီသွားတာ
လရောင်က ပစ်မှတ် တည့်တည့်ဆီ စိုက်ဝင်သွားတဲ့ သန်းခေါင်
အိမ်မပြန်နိုင်တော့တဲ့ ဂစ်တာတစ်လက် ရဲ့ ခြေသံ
တေးသွားမပါဘဲနဲ့
မြက်ပင်တွေ ခြောက်ကပ်ကပ်ကြီး ကနေကြရရှာတယ်။     ။

လင်းဝေအိမ် (၀၂-၀၄-၂၀၁၅)

06 January 2015

" ကျောပိုးအိတ်ကြီး "

" ကျောပိုးအိတ်ကြီး "

ကျောပိုးအိတ်ထဲ ထည့်လွယ်လာတဲ့ နာမည်ကို
လူတွေ့တိုင်း ထုတ်ထုတ်မပြချင်တာနဲ့
နာမည်ဟာ ကျောပိုးအိတ်ထဲမှာပဲ ပိတ်လှောင်
မွန်းကြပ်နေရင်း အသက်အရွယ်ရလာတယ်။
ကျောပိုးအိတ်ကြီးကိုတော့ လွယ်ထားတုန်းပဲ။
ဘယ်သွားသွား ကျောပိုးအိတ်ကြီး ပါတယ်။
ကျောပိုးအိတ်ကြီးထဲမှာ နာမည်ပါတယ်။
လူတွေ့တိုင်း ထုတ်မပြဖြစ်တာကလွဲရင်
နာမည်ဟာ ကျောပိုးအိတ်ကြီးထဲမှာ
ပိတ်မိနေတုန်းပဲ။ ကျောပိုးအိတ်ထဲမှာ
ပိတ်မိနေတာကလွဲရင် နာမည်ဟာ
နေရာဒေသ အများကြီးကို ရောက်တယ်။
နာမည်က တစတစကြီးထွားလာတာနဲ့အမျှ
ကျောပိုးအိတ်ကြီးက လေးလေးလာတယ်။
လွယ်တော့ လွယ်ထားတုန်းပဲ။ နာမည်က
ကျောပိုးအိတ်ရဲ့ အကျယ်အ၀န်းထက် ပိုကြီးလို့မရ။
ကျောပိုးအိတ်ကြီးကို မဖွင့်သရွေ့ နာမည်ဟာ
လူမသိ သူမသိ ကြီးနေရ။ သွားလေရာ
ကျောပိုးအိတ်ကြီးကို လွယ်လွယ်သွားနေတော့
ကျောပိုးအိတ်ကြီးနဲ့ အတူ နာမည်လည်း ရွေ့နေ။
နာမည်နဲ့အတူ ကျောပိုးအိတ်ကြီးလည်း တရွေ့ရွေ့။ ။

လင်းဝေအိမ် (၀၆-၀၇-၂၀၁၄)

10 November 2014

"ပျော့အိတွဲကျနေတဲ့ အပျော်တွေ"

"ပျော့အိတွဲကျနေတဲ့ အပျော်တွေ"

မိုးပေါ်ကို မော့ကြည့်မိတဲ့ အကြည့်က မိုးမျှော်တိုက်အမြင့်ကြီးတွေကို
လွတ်အောင် မပျံနိုင်ဘူး။ လမ်းဘေးမှာ ခိုတစ်ကောင် သေနေတယ်။
စိတ်က ရုပ်ကို ပြန်ရုပ် သွားတော့  ကြိုးတန်းပေါ်မှာ ကျန်ရစ်ခဲ့တဲ့
ညနေခင်းဟာ ခိုကိုးရာမဲ့။

မပျော်ဘူးလို့ မပြောနဲ့။
မပျော်ဘူးလို့ မပြောချင်နဲ့။

ဓာတ်လှေကားဟာ ဆင်းရမယ့် အထပ်ကို ကျော်ပြီးတက်သွားတာ။
လက်ကျန်ငွေနည်းနေတဲ့ဖုန်းက အသစ်ဝင်လာတဲ့ Message တွေကို
လက်မခံနိုင်တော့ဘူး။  တစက်စက်ကျနေတဲ့ မျက်ရည်စက်တွေရဲ့
အောက်တည့်တည့်မှာ သစ်ပင်တစ်ပင် လာစိုက်လှည့်စမ်းပါ။

အခန်းတံခါးကို လော့ခ်မချဘဲဘယ်လိုမှ အိပ်မပျော်တတ်တဲ့ စိတ်ကို
ဘက်ထ္ထရီ ဆွဲဖြုတ်ပစ်လိုက်ရတယ်။ ပုန်းနေပေမယ့် ကွယ်မနေတဲ့
အသံတွေ ကုတင်အောက်က ထွက်လာတော့မယ်။

မပျော်ဘူးလို့ မပြောနဲ့။
မပျော်ဘူးလို့ မပြောစမ်းနဲ့။

ပြတင်းပေါက်က ခွင့်ပြုသလောက်ပဲ မြင်ရတဲ့ မြင်ကွင်းထဲမှာ တိမ်တွေ
မပါဘူး။ ငှက်တွေ မပါဘူး။ လှုပ်ခါနေတဲ့ သစ်ကိုင်း သစ်ရွက်တွေ မပါဘူး။
ခန်းဆီးမရှိတဲ့ ပြတင်းပေါက်က ၀တ်လစ်စလစ်ကြီး။

အမှတ်အသားပြုထားတဲ့ စာမျက်နှာကို အတိအကျ ပြန်မလှန်နိုင်တော့
ရောက်ရာ စာမျက်နှာပေါ်မှာပဲ အလျင်စလို ချရေးပစ်လိုက်ရတယ်။
အဖြူအမည်းဓာတ်ပုံတွေထဲက ပြေးထွက်လာရတဲ့ အရောင်တွေက
မည်းမည်းမြင်ရာကို တရစပ်ပစ်ခတ်။

မပျော်ဘူးလို့ မပြောနဲ့။
မပျော်ဘူးလို့ မပြောပါနဲ့။

အပျော်တွေ တအိအိနဲ့ ပျော်ကျနေလိုက်တာများ
အပျော်တွေ တအိအိနဲ့ ပျော်နေလိုက်ကြတာများ။ ။

                                      လင်းဝေအိမ် (၁၀-၁၁-၂၀၁၄)

23 October 2014

"ဆိုလက်စ သီချင်း"

"ဆိုလက်စ သီချင်း"

မမှည့်သေးတဲ့ အသီးထဲ အချိုတွေ ထိုးသိပ်ထည့်နေမိသလို
ကြွပ်ကြွပ်အိတ်နဲ့မဆန့်တဲ့ နာမည်က
အပြင်မှာ တွဲလောင်းကြီး ။

မိုးက လမ်းကြောင်း အဟောင်းအတိုင်းပဲ ထပ်ထပ်ရွာတယ်
မိုးရေအဟောင်းတွေ စိုကုန်တဲ့ ဂျင်းပင်(န်) အဟောင်းကို
လဲပစ်လိုက်ရတဲ့အထိ။

တံခါးကိုပိတ်လိုက်တာနဲ့ အသံကဘာလို့တိတ်သွားရတာလဲ
အော်ပြောလိုက်တော့ တံခါးက အသံတိတ် ပွင့်သွား။

လက်ကိုင်ဖုန်းထဲက ပြေးထွက်သွားတဲ့အသံဟာ နားထောင်မယ့်သူဆီ
မရောက်နိုင်တဲ့အခါ ပျက်ကျသွားတဲ့ လေယာဉ်တစ်စီးလို။

စားပွဲတစ်ဝိုင်းတည်းအတူတူထိုင်နေကြပြီး
မတူညီတဲ့ အရက်တွေကို
ကိုယ့်အကြိုက်နဲ့ကိုယ် သောက်နေကြသူ
ဖန်ခွက်တွေ။

မသိတဲ့ဖုန်းနံပါတ်တစ်ခုဆီက ၀င်လာတဲ့ ဖုန်းခေါ်သံကို
ဖြေသင့်မဖြေသင့် စဉ်းစားနေတုန်း တစ်ဖက်က ဖုန်းချသွား။

နာမည်တူတွေ များလွန်းလို့
နာမည်ခေါ်သံကြားတိုင်း လှည့်မကြည့်ဖြစ်တော့တာ။

စီးလာတဲ့ ဖိနပ်တွေကို အမှောင်ကဖုံးထားတော့
ချွတ်ထားတဲ့ ခြေထောက်တွေကို ဘယ်နားမှာ ထားရမယ်မှန်း
မသိတော့ဘူး။

လမ်းမီးတွေ 'လင်း' နေပေမယ့် လမ်းတွေက မ 'ပွင့်' နိုင်ကြသေး
ပါးပျဉ်းကိုထောင်ထားတဲ့ မြွေက ကိုက်ရမှာကို မေ့နေတယ်။

မောင်းထွက်သွားတဲ့ အငှားကားထဲမှာ
လိပ်စာမေ့နေသူကြီးဟာ တမေ့တမော
ထိုင်ရင်း ငေးလို့ ။         ။

                    လင်းဝေအိမ်

20 October 2014

"ဧည့်ခန်းနံရံမှာ ဘွဲ့ဓာတ်ပုံဟာ ခန့်ခန့်ကြီး"

"ဧည့်ခန်းနံရံမှာ ဘွဲ့ဓာတ်ပုံဟာ ခန့်ခန့်ကြီး"


နေသားမကျတဲ့ အပြုံးကြီးက ဘွဲ့ဝတ်ရုံကြီးကို လန့်နေပုံ
မျက်လုံးတွေက တစ်စုံတစ်ခု လစ်ဟာ ကင်းမဲ့နေပုံ
ဘယ်နားထားရမယ်မှန်းမသိခဲ့တဲ့ လက်တွေက ဓာတ်ပုံထဲပါမလာ။

ရီဟာဇယ် အကြိမ်ကြိမ်လုပ်ရတယ်။ ဘွဲလက်မှတ်ကို ယူဖို့။
ဂျင်းဘောင်းဘီဝတ်လာသူဟာ ရီဟာဇယ်လုပ်ခွင့်မရှိဘူးဆိုလို့
ဂျင်းဘောင်းဘီကို မချွတ်ချင်တာနဲ့ ရီဟာဇယ် မလုပ်တော့ဘူး။
ဘွဲ့ခန်းမဘေးက လက်ဖက်ရည်ဆိုင်မှာ ရုပ်ရှင် ထိုင်ကြည့်နေလိုက်တယ်။
ရုပ်ရှင်ကြည့်တာဆိုတော့ ဂျင်းဘောင်းဘီ ချွတ်စရာမလိုဘူး။
ပန်းနုရောင်ပိုးပုဆိုးနဲ့ ပန်းနုရောင် တိုက်ပုံဝတ်ပြီး ရင်ဘတ်မှာ
ပန်းတစ်ခက်ထိုးထားတဲ့ သူငယ်ချင်းက ရီဟာဇယ်တွေအကြိမ်ကြိမ်လုပ်နေမယ်။
စည်းဝိုင်းထဲဝင်မယ်။ ခေါင်းငုံမယ်။ လက်ဆွဲနှုတ်ဆက်မယ်။
ဇာတ်လိုက်က ၀ိုင်းထားတဲ့ရန်သူတွေကို ဖောက်ထွက်နေရတယ်။
သေနတ်ကိုဆွဲထုတ်တယ်။ (သေနတ်က ပြောင်းမပါပေမယ့် ကျည်အပြည့်ပဲ။)
လက်ခုပ်ကို တဖြောင်းဖြောင်းတီးကြတယ်။ ကင်မရာမီးတွေ တဖျတ်ဖျတ်။
ဇာတ်လိုက်က မျက်နှာငယ်လေးနဲ့ သတင်းထောက်တွေကို ဖြေရှင်းနေရတယ်။
တစ်ယောက်ကို တစ်ယောက် မြင်ပေမယ့် မကြည့်နိုင်ကြဘူး။
တစ်ယောက်ကို တစ်ယောက် ကြည့်ပေမယ့် မမြင်နိုင်ကြဘူး။
မိတ်ကပ်တွေပျက်မသွားခင် ဓာတ်ပုံကို အချိန်မှီရိုက်နိုင်ဖို့ လုံးပမ်းရတယ်။
ဇာတ်လိုက်က ချိန်ကိုက်ဗုံးထမကွဲခင် အခန်းထဲက ထွက်နိုင်ဖို့ ပြေးနေပြီ်။
ဘွဲ့ခန်းမထဲက ဘွဲ့ရမောင်မယ်တွေ ထွက်မလာနိုင်ကြသေးဘူး။
ထိုင်ရတာ ညောင်းလာလို့ အိမ်သာခဏသွားတဲ့အချိန်အတွင်းမှာပဲ
အားလုံးဟာ ပြီးဆုံးသွားတယ်။ ဇာတ်လိုက်နဲ့ အပေါင်းအပါတွေရဲ့
နောက်ကျောကိုပဲလှမ်းမြင်လိုက်ရတယ်။ နေလုံးက တဖြည်းဖြည်း ၀င်သွားပြီ။
အားလုံး ဘွဲ့ခန်းမထဲက ထွက်လာချိန်မှာပဲ လမ်းမီးတွေ လင်းလာတယ်။

ရီဟာဇယ်မလုပ်ဘဲ ယူခဲ့တဲ့ ဘွဲ့လက်မှတ်ကြီးဆိုတော့ 
တစ်ဘ၀လုံး ရီဟာဇယ် လုပ်နေရတာ
မပြီးတော့ဘူး။  ။

                              လင်းဝေအိမ်

16 October 2014

"FaceBook ကိုပဲ ရောက်ရောက်သွား"

"FaceBook ကိုပဲ ရောက်ရောက်သွား"

(Errorဟာ ဘယ်မှာလဲ။) တစ်လိုင်းပြီးတစ်လိုင်း
ပိုက်စိပ်တိုက်ရှာဖွေနေရဆဲမှာပဲ FaceBook ကို
ရောက်ရောက်သွား။  (Errorကို မေ့သွား။)
အောက်ကိုဆွဲဆွဲချနေရင်း ကိုယ်ပါ အောက်ကို ကျကျသွား။
ကျည်ဆန်တွေ ခလုတ်တိုက်။ မြင်မကောင်း ရှုမကောင်း
လူသေကောင်တွေ ဖျတ်ခနဲ ဖျတ်ခနဲ။ မြင်ပျော် ရှုပျော်
လူရှင်ကောင်တွေဆီမှာ ခဏရပ်။ ငေးမော။ ဆက်ရွေ့။
ဘာရှာနေတာလဲ။ ဘာမှမရှာဘူး။  ဆက်ဆွဲ။ မရပ်မချင်း
မဆုံးနိုင်တဲ့ အလုပ်။ (Error ကိုမေ့နေ။) Hi။ နေကောင်းလား။
မင်္ဂလာပါ။ ဘိုင့်ဘိုင်။ Online 3 minute ago။ ခဏနော်။
....tagged you in a status ။ ကဗျာတွေ ထိုးထိုးထောင်ထောင်။
စကားပြေတွေ ဖရိုဖရဲ။ ရှယ်ပေးကြပါ။ Like 1000 ပြည့်ရင် .........။
( Error ဟာ တန်းလန်းကြီး။) ဘယ်နားမှာ ရပ်ရမှန်း မသိ။ ဆက်ရွေ့။
ဗိုလ်ချုပ်ဓာတ်ပုံက အောက်ကိုကျသွား။ နောက်တစ်ပုံ တက်လာ။
သေသေ ချာချာစူးစိုက်ကြည့်။ ဘာမှမရှိ။ Like ကို အပျင်းပြေနှိပ်။
မီးလောင်နေတာ အပျင်းပြေကြည့်။ မုဒိန်းကျင့်ခံရတာ အပျင်းပြေဖတ်။
Chat Boxကို ပိတ်ထားတာ၊ Comment မရေးတာဟာ လူမှုဆက်ဆံရေး
တွေရဲ့ အပြင်ကို ရောက်နေတာ ဘာညာ။ အပျင်းပြေ။ လက်မထောင်။
(Error က ညှော်နံ့ထွက်နေပြီ။) Like ကို မနှိပ်မှီ ဘယ်သူတွေ
Likeထားသလဲ တချက်ကြည့်။ သင့်တော်သလို Like ။ ခပ်သုတ်သုတ်
ကျော်ပစ်လိုက်။ ခပ်မြန်မြန် ဖတ်။ တစ်နေရာဆီကို ရောက်သွားမှာမလို့
အရှိန်နဲ့ ပြေးနေတာလိုလို။ တစ်ခုပြီး တစ်ခု။ ဖြိုးခနဲ။ ဖျတ်ခနဲ။
မမြင်ရရင် ပြူးပြဲကြည့်။ ဒီပုံကို Like နှိပ်ပါ။ Comment Box မှာ စောက်ရူးလို့
ရေးပါ။ ပုံထဲမှာ ကိုယ့်ကိုယ်ကို ပြန်တွေ့ရမည်။(Error ကို မတွေ့သေး။)
တစ်စုံတစ်ယောက်ရဲ့ wall မှာသွားကြည့်။ ဘာလှုပ်ရှားမှုတွေရှိသလဲ။
ကိုယ်ရော အဲလို စောင့်ကြည့်ခံနေရလား။ တစ်ခါမှ အပြင်မှာ မပြောဘူးတဲ့
Birthday Wish တွေ ဖောဖော သီသီ။ Noti ကင်းစင် Facebookတစ်ခွင်
ဖြစ်ဖို့ ကြိုးစားနေသလိုလို။ ရုတ်ရုတ် သဲသဲ ဖြစ်နေတာတွေ အသာကြည့်။
ပျစ်ပျစ် နှစ်နှစ် ဆဲနေတာတွေ ငြိမ်နားထောင်။အကုန်လုံးက အကောင်တွေ
ချည်း(ချီး)ပဲ။ (Error က စူးစူးဝါးဝါးအော်နေ။) တော်သင့်ပြီ။ ရပ်သင့်ပြီ။
ပိတ်လိုက်တော့မယ်။ တွေးပြီးတာနဲ့ နောက်ဆုံးမိနစ်မပြည့်မီ
အသည်းအသန် လိုက်လုနေရတဲ့ ရှုံးနေတဲ့ ဘောလုံးအသင်းလို
အသည်းအသန်ဆွဲ။ ဘယ်နားမှာ ရပ်လိုက်ရမယ်မှန်း မသိတော့
မျက်စိကို စုံမှိတ်ချလိုက်ပြီးမှ Facebook ကိုပိတ်ချလိုက်ရ။
(Errorက စိမ်းစိမ်းကြီးကြည့်နေ။)

                                     လင်းဝေအိမ်

12 October 2014

"ပြတ်ကျသွားတဲ့ ဓာတ်ကြိုးထဲမှာ မေတ္တာတရားဟာ ဗို့အား ၁၅၀၀"

"ပြတ်ကျသွားတဲ့ ဓာတ်ကြိုးထဲမှာ မေတ္တာတရားဟာ ဗို့အား ၁၅၀၀"

လူမှုဆက်ဆံရေးတွေရဲ့ အပြင်ဘက်ကို ထွက်ထိုင်နေမိတဲ့ လိပ်ပြာဟာ
စံပယ်ပန်းခြောက်တွေနဲ့အတူ စာအုပ်ကြားမှာ ညပ်သေသွားတယ်
(အဲဒီစာမျက်နှာကို ဘယ်သူကမှ ပြန်ဖွင့်မကြည့်ဖြစ်တော့ဘူး)
သေနတ်ပြောင်းဝက ထွက်လာတဲ့ နှုတ်ခမ်းနီတောင့်နဲ့ ဖြူရော်နေတဲ့စိတ်ကို
ရဲရဲနီသွားအောင် ဆိုးတယ်။ ဇစ်ပျက်နေတဲ့ ပိုက်ဆံအိတ်ကလေးက
ဇစ်ကိုဆွဲပြီးပိတ်လိုက်ပေမယ့် တ၀က်တပျက် ပွင့်နေဆဲ
နာမည်တွေကို မခေါ်ကြတော့ဘဲ နာမ်စားတွေကို သုံးခဲ့ကြ
နာမ်စားတွေကို မသုံးကြတော့ဘဲ နာမည်တွေ ပြန်ခေါ်ကြ
အများသုံး တယ်လီဖုန်းနဲ့ ပြောဖြစ်ခဲ့ကြတဲ့ စကားတွေဟာ
လက်ကိုင်ဖုန်းတွေ ကိုယ်စီနဲ့ ပြောကြရတဲ့အခါ အံချော်နေတယ်
စိတ်မှာစွဲနေတဲ့ ရေမွှေးအနံ့က ဘယ်နှကြိမ်လျှော်လျှော် မပြယ်ဘူး
နှာခေါင်းထဲ နွားနို့အသံတွေ ဆူညံနေတဲ့ မနက်ခင်းမှာ
အဖြူရောင်တွေ အစအဆုံး မှောက်ကျသွားခဲ့တာ
စားပွဲအစွန်းကနေ တပေါက်ပေါက် စီးကျနေတဲ့ ရယ်သံအဟောင်းတွေ
စားပွဲခင်းကို နှစ်ဦးသဘောတူ စုတ်ဖြဲပစ်လိုက်တော့ စားပွဲဟာ ကိုယ်လုံးတီးနဲ့ 
ဓာတ်ခဲအားကုန်နေတဲ့ နံရံကပ်နာရီကို နံရံမှာ မကပ်တော့ဘဲ ကြိုးဖြည်ပေးလိုက်ပြီ
လွတ်သွားတဲ့ငါးအချင်းချင်း ဘယ်သူကပိုကြီးသလဲ ငြင်းနေချင်တာ ဟာသပဲ
နှစ်ယောက်စလုံးရဲ့ နာမည်ကိုထည့်ကြေငြာဖို့လိုအပ်မယ့် သတင်း
လဲသွားတဲ့ဆိုင်ကယ်ရဲ့ အရှိန်မသေသေးတဲ့ ဘီးက တ၀ှီးဝှီး လည်နေဆဲ
ဘယ်ကိုမှမရောက်တော့တဲ့ခရီးကို ဘယ်ကစခဲ့သလဲ ပြန်တွေးမနေနဲ့
မဖောက်ဖြစ်တဲ့ စာအိတ်ထဲမှာ ပိတ်မိနေတဲ့စာတစ်စောင်လို
သခင့်အမိန့်ကို နာခံချင်တဲ့ ခွေးက အိမ်ပြန်မလာတော့ဘူး
အချက်ပြမီးဟာ စိမ်းသွားပြီး နံပါတ်စဉ်ကို စတင် ရေတွက်တယ်
နောက်ဆုံးစက္ကန့်အရောက်မှာ လမ်းဟာ နံရံကိုခေါင်းနဲ့ပြေးဆောင့်ပစ်လိုက်တယ်
ပြီးပြီ။ ။
လင်းဝေအိမ်

08 October 2014

"မနက်ဖြန်မှာ ဒီကဗျာ ရေးမယ်"


"မနက်ဖြန်မှာ ဒီကဗျာ ရေးမယ်"

တက်တူးထိုးချင်တဲ့စိတ်ဟာ 
အရေပြားပေါ်မှာ စွဲထင်နေတာ။

ဝှိုက်ဘုတ်ပေါ်မှာ ရေးထားတဲ့
ကိန်းဂဏန်းတွေကို မမြင်နိုင်ဘူး။

တီးနေတဲ့ ဂစ်တာဟာ ကြိုးမညီဘူးဆိုတာ
တီးနေတဲ့ ကောင်မလေးကမသိဘူး
တီးနေတဲ့ သီချင်းက လူးလွန့်လို့
တီးနေတဲ့ လက်ချောင်းတွေက ရှည်လွန်းတော့
တီးနေတဲ့ သံစဉ်တွေက လွတ်အောင်မပြေးနိုင်ဘူး။

အခန်းထဲကို ပြန်ဝင်တယ်
မီးဖွင့်တယ် ပန်ကာဖွင့်တယ်
စိတ်က ဘယ်လိုဖွင့်ဖွင့် မပွင့်ဘူး
အခန်းတံခါးကို လော့ခ်ချလိုက်ရတဲ့ အထိ။

ဖတ်လက်စစာအုပ်ရဲ့
ရောက်လက်စ စာမျက်နှာမှာ
မပျော်ဘူး။

အဓိပ္ပါယ်မသိတဲ့ စကားလုံးတွေကို
ပြုံရုံပဲ ပြုံးပြပြီး ကျော်ဖတ်ပစ်လိုက်တယ်။

ဝတ္ထုကပြီးသွားပြီလို့ 
ဝတ္ထုရေးဆရာမက ပြောတယ်
ဝတ္ထုရေးဆရာမကို 
စကားလုံးတွေက မယုံဘူး။

ညအိပ်မီး မှိန်မှိန်လေး ဖွင့်ထားတဲ့ အခန်းထဲ
ညဟာ မအိပ်နိုင်လို့ မှိန်းနေရတယ်။ ။

လင်းဝေအိမ်

"မင်္ဂလာ မနက်ခင်းပါ"

  "မင်္ဂလာ မနက်ခင်းပါ"

                အိမ်ရှေ့က  ကွင်းပြင်ကြီးထဲမှာ  မြက်စားနေတဲ့      ငှက်ကလေးတွေဟာ
တချိန်ချိန်မှာ အဝေးဆီကိုပျံသန်းသွားဖို့ ဖိအားပေးခံရမယ် ဆိုတာကြိုမသိသေးတော့
စိတ်အေး   လက်အေး စားမြုံတောင်   ပြန်နေသေးတယ်။  ပါးစပ်ကနေ  တဖြုတ်ဖြုတ်  
ကျကျလာတဲ့ အမြုပ်ဖြူဖြူတွေဟာ တလှုပ်လှုပ် မေးရိုးတွေ မရပ်မချင်း။မြက်ပင်တွေက  
အစိမ်းရောင်ဆေး  မဆိုးရသေးဘူး။ တဖျတ်ဖျတ်။

                ရေစီးမှာ  မျောပါလာတဲ့ ကျောက်ခဲလေး ခမျာ ကြောက်ကြောက်နဲ့ခဲထား
လိုက်တာ သွားရာတွေ  အကွင်းလိုက်ကြီး  လက်မောင်းမှာ   ထင်ကျန်ေ နရစ်တယ်။
အဲသလို တံဆိပ်တွေ တသီကြီး လျှော်ကြိုးနဲ့ သီထားတာ ယင်ကောင်တွေ   တ၀ီဝီနဲ့
အပုပ်နံ့ဟာ  မပြုမပြင်  ရသေးမှီ အပုပ်နံ စစ်စစ်။  ပြုပြင်ပြီးသား  အပုပ်နံ  အတုတွေ
ကိုတော့  တရှိုက်ရှိုက်  ရှိုက်ကာ ရှိုက်ကာ။ အငိုမလွယ် အရှိုက်ခက်။  အရှိုက်  တည့်
တည့်ဆီ   အခတ်ခံ လိုက်ရပြီး နောက်မှာပဲ  ကျွဲချိုတွေကို တွေ့တိုင်း   ရင်ဘတ်ထဲက
အောင့်အောင့် လာတယ်။  ကျွဲချိုကို မှုတ်လိုက်ပြီ ဆိုတာနဲ့  အိပ်ယာထဲက လူးလဲထ။
ရန်သူက  အသင့်  အနေအထားနဲ့။  စောင့်နေပြီ။  လက်ဆွဲ နှုတ်ဆက်။  ဦးညွှတ်။

                "မင်္ဂလာ မနက်ခင်းပါ"

                သွေးညှီနံ့  သင်းနေတဲ့ ကော်ဖီခွက်နဲ့ စိတ်ကို လောင်းပေးလိုက်တယ်။
အလင်းရောင်က အိမ်ထဲကို ၀င်မလာနိုင်ဘူး။  ဖိနပ်ကို ပြောင်လက်နေအောင်တိုက်
ချွတ်။ ပြီးတာနဲ့ သေနတ်ကို ဆွဲထုတ်။

                ၀ီစီသံဟာ အကျယ်ကြီးပဲ။ ကွန်ပြုတာ စခရင်က ကျဉ်းကျဉ်းလေးရယ်။             

                                                                                      လင်းဝေအိမ်

26 September 2014

“စောစောစီးစီး”

“စောစောစီးစီး”

ပျော်ရွင်မှုတွေကို မပျော်ရွှင်မှုတွေနဲ့
လဲလှယ်ဖို့ လိုအပ်ကောင်းလိုအပ်မယ်။
မပျော်ရွှင်မှုထဲ စီးမျောနေရတဲ့  ဖြစ်တည်မှုကလေး
မကြားရုံ တိုးတိုးလေး ဆိုညည်းမိတဲ့ သေခြင်းမှာ
စကားလုံးတွေဟာ သံစဉ်ထဲကနေ အပြင်ဘက်ကို
တဖြုတ်ဖြုတ် ထွက်ထွက်ကျတယ်။ ပြန်ကောက်မယူချင်
တော့တဲ့ နာမည်ရဲ့ နောက်မှာ အသက်ကို
ကွင်းစကွင်းပိတ် နဲ့ထည့်ရေးပေးလိုက်တယ်။ 
ဖတ်လက်စ စာအုပ် ဖွင့်လက်စ ပြတင်းပေါက်
ရေးလက်စ ဖောင်တိန်၊ အချိန်မစေ့ခင်မှာပဲ
ဝါကျကိုဖြတ်ချလိုက်တယ်။ လိုင်းအကူး အပြောင်းမှာ
အလိုက်သင့် စီးပါလာခဲ့တဲ့ အာရုံဟာ
အသင့်မဖြစ်သေးလို့ ဆက်မလိုက်တော့ဘဲ
လွင့်သွားရှာပေါ့။ ပြာမှုန်တွေ လေထဲမှာ
ဝေနေတာ နှင်းတွေလိုလို အအေးဓာတ်ကို
မေ့ထားပြီး ပျော်ချင်ယောင်ဆောင်နေကြတဲ့
အသံတွေမှာ အသိတွေ ခိုက်ခိုက်တုန်။
မြင်ကွင်းတွေက မှုန်နေလို့ မျက်မှန်တွေခမျာ
မျက်လုံးတွေကို အားနာနေရ။ ဥသြသံမပါဘဲ
ဆိုက်ရောက်လာတဲ့ ရထားတစ်စင်းလို
ခြောက်ကပ်ကပ်ကြီး ရယ်နေရတဲ့ အသံဟာ
ဘယ်ကိုမှ ခရီး မရောက်ခဲ့ပါ။ ပွင့်နေတဲ့မျက်လုံးနဲ့
ဘာကိုမှ မမြင်ရလို့ မျက်လုံးကို ပိတ်ပစ်လိုက်တာ။
လက်ရှိ နာမည်ကို မကြိုက်တော့လို့ နာမည်အသစ်
ပြောင်းပစ်လိုက်တာ။ ရောက်လာမယ့်နေ့တစ်နေ့ဆီ
အရောက် သွားပြီးတွေ့ပစ်လိုက်တာ။ မနစ်မြုပ်မှီ
အချိန်အထိ လှိုင်းတွေ ကြားမှာ ပျော်ရွင်စွာ စီးမျောပြီး
နေဖို့ ပျင်းလာတဲ့ နေ့ စွဲတွေဟာ ကမ်းခြေကို
ပြန်ရောက်မလာတော့ပါ။
သီချင်းက မပြီးသေးဘူး။ အသံက ကုန်သွားပြီ။
"ဘာကြောင့်လဲ"
"ပျင်းလို့ပါ"  ။   ။

                       လင်းဝေအိမ်

04 August 2014

"လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်ကြတယ်"

 "လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်ကြတယ်"


ပြုံးပြ နှုတ်ဆက်ပြီးတာနဲ့ လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
ကော်ဖီဆိုင်ထိုင်ရင်း လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
ဘီယာသောက်ရင်း လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
ထမင်းစားနေရင်း လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
ကဗျာရွတ်နေချိန်မှာ  လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
စကားပြောနေရင်း လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
ရုပ်ရှင်ကြည့်ရင်း  လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
ရထားစီးရင်း လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
ဘတ်စ်ကားစီးရင်း လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
ဓာတ်လှေကားစီးရင်း လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
ကားလမ်းကူးရင်း လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
ကားမောင်းနေရင်း လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
အငှားကားပေါ်မှာ လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
ဧည့်ခန်းထဲမှာ လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
အိပ်ခန်းထဲမှာ လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
ဝရန်တာထွက်ပြီး လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
ကလေးနို့တိုက်ရင်း လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ရင်း လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
ရေကူးနေရင်း လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
စာဖတ်နေရင်း  လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
ကဗျာရေးနေရင်း  လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
Form ဖြည့်နေရင်း  လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
အိမ်သာတက်နေရင်း  လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
ဆံပင်ညှပ်နေရင်း လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
ဈေးဝယ်နေရင်း  လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
တစ်ခုခုကို စောင့်ဆိုင်းနေရင်း  လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
နှုတ်ဆက်စကားဆိုရင်း လက်ကိုင်ဖုန်းကို ထုတ်ပြီး ပွတ်တယ်
လက်ကိုင်ဖုန်းကို ပွတ်နေကြတဲ့အချိန်တိုင်း ခေါင်းတွေကို ငုံ့ထားကြတယ်။ ။

                                                                             လင်းဝေအိမ်

18 July 2014

"အိပ်မက်ထဲမှာ ညဟာ အိပ်မပျော်လက်စကြီးနဲ့"

"အိပ်မက်ထဲမှာ ညဟာ အိပ်မပျော်လက်စကြီးနဲ့"

ကိုးကွယ်ခြင်းခံရသူနဲ့ ကိုးကွယ်ကြသူတွေရဲ့ လက်ထဲမှာ
ဘာသာတရားဟာ ဗုံးတစ်လုံးဖြစ်သွားရခြင်းရဲ့ အပိုင်းအစများ
တိုက်လေယာဉ်ကပျက်ကျသွားပေမယ့် တိုက်ချင်ခိုက်ချင်တဲ့စိတ်က
လေထီးနဲ့ခုန်ချလွတ်မြောက်သွားတယ်
ကြိုးတွေကို လွှတ်လိုက် သီချင်းတွေကို ဖြည်လိုက်
လူမိုက်တွေနဲ့ မှောင်နေတဲ့မြို့မှာ အကုသိုလ်ကောင်ကြီးဟာ
အကောင်လိုက်မမြင်မတွေ့ရပေမယ့် အကောင်ပဲ
မြက်တွေပေါ်မှာ စွန်းထင်းနေတဲ့ သွေးစက်တွေ
အမြတ်အစွန်းတခုခုဆီက လွင့်   စင်  ထွက်  လာ
သိုးတွေဟာ အဖြူ အမည်း မသဲကွဲတော့ဘူး
ကွယ်လွန်သူပန်းချီဆရာရဲ့ ဆွဲလက်စ အပြာရောင်ပန်းချီကားပေါ်မှာ
အနက်ရောင်တွေကို တ၀က်တိတိ လွှင့်ထူထားလိုက်တယ်
မေးခွန်းတွေ အရှိန်နဲ့ တလိမ့်လိမ့် စီးဝင်လာနေတယ်
မသိကိန်းတွေ အဟုန်နဲ့ တဝေါဝေါ ပြေးဝင်လာနေတယ်
သားကောင်တွေကိုယ်တိုင် ကမ္ဘာကြီးကို မီးလောင်တိုက်သွင်း
ချနင်းစရာမရှိတော့တဲ့အခါ အပူဟာ အဖြူအမည်း မခွဲဘူး
အချိန်မရွေး ပြတ်ကျလာနိုင်တဲ့ ဓာတ်ကြိုးတွေအောက်မှာ
အသက်ကို ဈေးဗန်းထဲမှာ ဖက်နဲ့ထုပ်ပြီး ရောင်းနေကြရ
ဟောဒီက ဘ၀တွေ ဘ၀တွေ၊ ဘဘတို့ကတော့ ၀၀လင်လင်ပါ
ဘရိတ်ပေါက်လာတဲ့ကားတစ်စီးက တစ်ဘ၀ပြီး တစ်ဘဝ
ဆင့်တိုက်ပြီး နင်းချေသွားတယ်၊ မျက်ရည်တွေ ရဲနေတာပဲ
ခေတ်ပျက်ကြီးရဲ့ ခပ်ပျစ်ပျစ်ဖျော်ထားတဲ့ နွားနို့ခွက်ထဲ
သေနေတဲ့ ယင်ကောင်တွေ အမျိုး အမည် စုံစုံ လင်လင်
လမ်းကိုကူးမလို့ စောင့်နေတုန်းမှာပဲ လမ်းဟာပျက်သွား
တောင်ကိုကျော်မလို့ စောင့်နေတုန်းမှာပဲ တောင်ဟာပျောက်သွား
မြစ်ကိုဖြတ်မလို့ စောင့်နေတုန်းမှာပဲ မြစ်ဟာ ခန်းသွား
"မိဘပြည်သူများ ခင်ဗျာ ........................."
ဘယ်ကမှန်းမသိတဲ့ လူအုပ်ကြီးကိုရှာဖို့ ကဗျာကတော့ ပြေးထွက်သွားပြီ
ကဗျာရေးသူက သမ္မတကြီးရဲ့ မိန့်ခွန်းကို နားထောင်မလို့ ကျန်နေရစ်တယ်။          ။

                                                                      လင်းဝေအိမ်

07 July 2014

"စာသားတွေ"

"စာသားတွေ"


အနက်ရောင်စာရင်းထဲမှာ ကျွန်တော့်နာမည်ပါဝင်နေသလား
ဒါဟာ စာသားတွေဆီကနေလာတဲ့ အသံဖြစ်တယ်
စာသားတွေအသုံးပြုပြီး ရယ်တယ်
စာသားတွေအသုံးပြုပြီး ငိုတယ်
စာသားတွေက ကျွန်တော့်ကို ခင်ဗျားဆီ 
ဘယ်အတိုင်းအတာအထိ သယ်ဆောင်သွားပေးနိုင်မလဲ
စာသားတွေရဲ့စွမ်းဆောင်ရည်ကို ဘယ်လောက်အထိယုံကြည်ရမလဲ
စာသားတွေနဲ့ စာလုံးပေါင်းပြီး ထပ် ရယ်လိုက်တယ် (ကြားလား)
စာသားအချင်းချင်း ထိခတ်လိုက်တဲ့ အသံ
စာသားအချင်းချင်း လွဲချော်သွားတဲ့ အသံ
စာသားတွေဟာ ပစ်မှတ်ကိုကျော်ပြီး တစ်ခုခုကို စိုက်ဝင်သွားတဲ့အသံ
စာသားတွေဟာ သခင့်အမိန့်ကို မနာခံဘူး
စာသားတွေမှာ စိုစွတ်နေတဲ့ သွေးတွေ
စာသားတွေမှာ စိုက်ဝင်နေတဲ့ အတွေးတွေ
ချိုအီပစ်ချွဲ စာသားတွေ၊ ကြမ်းခက်မာကျော စာသားတွေ
စာသားပါးပါး စာသားထူထူ စာသားဆင်တူရိုးမှား
စာသားအတု စာသားအယောင် စာသားအပျက်
စာသားတစ်ခုက စာသားတစ်ခုကို လိမ်ခေါက်ကျြော်ဖတ်ပြီးကာမှ
ဂိုးပေါက်ရှာမတွေ့ဖြစ်နေတဲ့ စာသားတွေ
အမေမှာတဲ့ဆန်တစ်ခွဲ သုံးစိတ်နဲ့မလဲ စာသားတွေ
ပြန်မပြောနားမထောင် စာသားတွေ
မျဉ်းအောက်ကိုပြုတ်ကျနေတဲ့ စာသားတွေ
မျဉ်းအပေါ်ကို ကုတ်တွယ်တက်နေတဲ့ စာသားတွေ
အစွယ်မှာ တပ်မက်မှုတွေနီရဲစွန်းပေနေတဲ့ စာသားတွေ
တာဝန်မကျေတဲ့စာသားတွေ တာဝန်မယူတဲ့စာသားတွေ 
တာဝန်မရှိတဲ့ စာသားတွေ တာဝန်မရှောင်တဲ့စာသားတွေ
စာသားပေါက်တာမလိုချင်ဘူး၊ အဓိပ္ပါယ်ပါလာတာပဲလိုချင်တယ်။   ။

                                                                       လင်းဝေအိမ်  

30 June 2014

"စိတ်ပျောက်လက်ပျောက်"

"စိတ်ပျောက်လက်ပျောက်"


ကောင်းကင်ဟာ ကိုယ့်ခေါင်းအပေါ်တည့်တည့်မှာမှ ပိုပြီးနိမ့်ကျနေသယောင်
လေတွေတအားတိုက်နေတယ်၊ လေထဲမှာ ဘာမှ ပါမလာဘူး
မီးခြစ်ကို ကြိုးစားပြီး ခြစ်နေရတယ်၊ တစ်ချက် နှစ်ချက် သုံးချက်
တစ်ကြိမ်ကြိမ်မှာ မီးတောက်လာနိုးနိုးနဲ့ စောင့်နေမိတဲ့ ဆေးလိပ်လေးခါးကျိုးနေပြီ
ရောက်နေတဲ့လိုင်းနဲ့ နောက်ထပ်ကူးရမယ့်လိုင်းတွေအကြား မီးခိုးငွေ့တွေလွင့်ဝဲ
ကြွေကျလာတဲ့သစ်ရွက်တစ်ရွက်ပေါ်မှာ စိတ်ကိုပစ်တင်ပေးလိုက်တယ်
သွေးလက်စဓား က တွေးလက်စတရားကို လာလာပြီး ထိရှ
ဖျတ်ခနဲမြင်လိုက်ရတဲ့ အသံက ညှော်နံ့တွေ တထောင်းထောင်းထနေလိုက်တာ
ချိန်သားကိုက် ဗြုန်းစားကြီး ပွင့်ချလိုက်ရတဲ့ ပန်းပွင့်တွေလို ရနံကိုဘယ်မှာမေ့ကျန်ခဲ့မှန်းမသိ
တိမ်တွေက တအိအိနဲ့ နိမ့်ဆင်းလာနေတယ်၊ ရေတွေက တအိအိနဲ့ မြင့်တက်လာနေတယ်
အစာကောက်နေတဲ့ ငှက်ကလေးတွေ ရုတ်တရက်ထပျံသွားကာမှ
ပျံသန်းခြင်းကိုမေ့လျော့စပြုနေပြီဖြစ်တဲ့ ကိုယ့်အတောင်ပံတွေကို ပြန်စမ်းကြည့်မိတယ်
အတွေးဟာ စကားလုံးတွေရဲ့ နောက်မှာ ကွယ်နေတာ
အတွေးဟာ စကားလုံးတွေကို တွန်းထိုး ကိုက်ဖြတ် ရုန်းထွက်နေတာ
အတွေးဟာ စကားလုံးတွေကို ကျော်လို့ မရဘူးဖြစ်နေတာ
အတွေးဟာ ဒီလိုနဲ့ပဲ အတွေးမဆုံးခင် သွေးဆုံးသွားရတာ
ဇာတ်လမ်းရဲ့အဆုံးမှာ ဇာတ်လိုက်ဟာ အောင်မြင်မှုအတုကြီးကို 
အပြုံးအတုကြီးထည့်ပြီး မိုးပေါ်ထောင်ပစ်လိုက်တယ်  ပြုံးပြုံးကြီး။   ။

                                                                    လင်းဝေအိမ်

26 June 2014

"ဘယ်ဘက်လက်"

"ဘယ်ဘက်လက်"

စက်ရုံလုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့် ကောင်မလေးရဲ့ဘယ်ဘက်လက်ကို
ဖြတ်ပစ်လိုက်ရတယ်။   ဘယ်ဘက်လက်ထဲမှာ ကျစ်ကျစ်ပါအောင်  ဆုပ်ထားတဲ့ 
လုပ်အားခလေးတွေ ဘယ်ဘက်လက်နဲ့အတူပြုတ်ကျသွားတယ်။  စက်ရုံကြီးက 
၁၄နှစ်သမီး  ကလေးလုပ်သားကို  လုပ်သားကလေး အဖြစ်မှ  ရပ်နားပေးတယ်။ 
စက်ရုံကြီးဆီမှာ  ဘယ်ဘက်လက်ကို   လျော်ကြေး  အဖြစ် ထားခဲ့လိုက်ရတယ်။ 
ကောင်မလေးက မငိုဘူး။ ကောင်မလေး ငိုင်နေတယ်။
ကောင်မလေး မျက်ရည်မကျဘူး။ ကောင်မလေး စိတ်ဓာတ်ကျတယ်။
ကောင်မလေးက ပြောတယ်။ အရင်လို ဘယ်ဘက်လက်ကို ပြန်လိုချင်တယ်။
ဘယ်ဘက်လက်က ပြောတယ်။ အရင်လို ကောင်မလေးဆီ ပြန်လာချင်တယ်။ 
စက်ရုံကြီးက ဘာမှမပြောဘူး။
ဘယ်ဘက်လက်က ကောင်မလေးကို လက်ပြ နှုတ်ဆက်နေရှာတယ်။
ကောင်မလေးက ညာဘက်လက်ကိုမြှောက်ပြီး ပြန်နှုတ်ဆက်လိုက်ရမှာလား ။   ။


                                                                                 လင်းဝေအိမ်
                                                                                 အလုပ်သမား ဂျာနယ်
                                                                                 နှင်းဆီဖြူ မဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၂၀၁၄

23 June 2014

"လူတစ်ယောက်က မပျော်ရွှင်မှုအကြောင်းမေးလို့ ကျွန်တော်တို့(အားလုံး)မက်တပ်ထရပ်ပြလိုက်တယ် "

"လူတစ်ယောက်က မပျော်ရွှင်မှုအကြောင်းမေးလို့  ကျွန်တော်တို့(အားလုံး)မက်တပ်ထရပ်ပြလိုက်တယ် "


တကယ်မချစ်တဲ့သူတွေဆီက တကယ်ချစ်တဲ့အကြောင်း ခြစ်ခြစ်တောက်တောက်ကြီးကြားကြားနေရတာ
ထိုးစိုက်လာမယ့် ဓားတွေကို နောက်ကျောတွေက တခုတ်တရ စောင့်မျှော်နေရတာ
မေးခွန်းတွေ မဆုံးနိုင်သေးခင် အဖြေတွေက ဆုံးသွားကြရတာ
တေးသီချင်းတွေမဆုံးသေးခင် ဂစ်တာတွေ ကြိုးပြတ်သွားကြတာ
မသွားချင်တဲ့အရပ်ဆီအရှိန်နဲ့ပြေးနေတဲ့ယာဉ်တစ်စီးပေါ်ကနေခုန်မဆင်းရဲလို့မျက်စိစုံမှိတ်ပြီးလိုက်နေရတာ
ရွှေ့စရာအကွက်မရှိတော့လို့လက်ထဲကဘုရင်မရုပ်ကလေးကိုလက်ထဲမှာပဲကျစ်ကျစ်ပါဆောင်ဆုပ်ထားမိတာ
တွန်းဖွင့်လိုက်မိတဲ့ တံခါးတွေဟာ ၀င်ပေါက်လား ထွက်ပေါက်လားေ၀၀ါးနေတာ
မနက်ဖြန်တွေကို Google Search Box မှာပဲ ခဏခဏ ရိုက်ထည့်ပြီး  ရှာကြည့်နေမိတာ
လိုင်းကဆုံးသွားပြီလား၊ ဖြတ်ချလိုက်ရမှာလား၊ နောက်တစ်လိုင်းကို
ရွေ့သွားမှာလား၊ မရွေ့ရင် အရွှေ့ခံရမှာပဲဆိုတာကို လိုင်းတွေမေ့နေကြတာ
အပြောင်းအလဲတွေဟာ အပြောင်းအလွဲတွေကိုပဲ ဦးတည်နေတာ
တွေနေတာ ဝေနေတာ တွေးနေတာ ဝေးနေတာ
လူတစ်ယောက်က မပျော်ရွှင်မှုအကြောင်းမေးလို့ကျွန်တော်တို့(အားလုံး)မက်တပ်ထရပ်ပြလိုက်ပါတယ်။  ။

                                                                                                                လင်းဝေအိမ်

16 June 2014

"ကဗျာက မပြီးသေးဘူး"

"ကဗျာက မပြီးသေးဘူး"


မြစ်ထဲကိုခုန်ချလိုက်
မြစ်ရေတွေက မျက်ရည်တွေကို ၀ိုင်းကူပြီး စီးဆင်းပေးလိမ့်မယ် 
အလိုမတူဘဲ လိင်ဆက်ဆံခြင်းခံလိုက်ရတဲ့ အမျိုးသမီးလေးက 
သူ့ဆီမှာပါလာတဲ့ မုဒိန်းကောင်ရဲ့ ရင်သွေးကို ချစ်နေရသလို ငါတို့ ။ 


ခေတ်ကြီးက နိုင်ငံတော်မလေးကို မုဒိန်းကျင့်တယ်
ခေတ်ကြီးက နိုင်ငံတော်ဆီက ခွက်ကြီးနဲ့ ခပ်ထုတ်သွားတယ်
ခေတ်ကြီးက နိုင်ငံတော်တစ်ကွင်းလုံးကို ရိတ်သိမ်းသွားတယ်
ခေတ်ကြီးက နိုင်ငံတော်ကို ခေတ်ပိုင်မြေအဖြစ် သိမ်းတယ်
ခေတ်ကြီးက နိုင်ငံတော်ကို ကျူးကျော်အဖြစ် ဖျက်တယ် ။ 


ငါတို့မှာ နိုင်ငံတော်မလေး ဆီပါလာတဲ့ မိစ္ဆာကောင်ရဲ့ ရင်သွေးကိုလည်း ချစ်နေရ
ငါတို့မှာ အခွံပဲကျန်တဲ့နိုင်ငံတော်ကြီးကိုပဲ လေထဲလွင့်မသွားအောင် ၀ိုင်းပွေ့ထားရ 
ငါတို့မှာ ငုတ်တိုပဲကျန်တဲ့ ရိုးပြတ်တွေကိုပဲ မြတ်နိုးနေရ 
ငါတို့မှာ အသိမ်းခံလိုက်ရတဲ့ နိုင်ငံတော်ကို ပြန်တောင်းနေရ 
ငါတို့မှာ အဖျက်ခံရတော့မယ့် နိုင်ငံတော်ကို ကာကွယ်နေရ ။ 


ခလုတ်ကိုပိတ်လိုက်ပေမယ့် တ၀ီဝီလည်နေတဲ့ ပန်ကာက ရပ်မသွားသေးဘူး 
မိုးကတိတ်သွားပြီဆိုပေမယ့် မြောင်းရေတွေ အရှိန်နဲ့ စီးနေတုန်းပဲ
ဟေ့ရောင်တွေ ခလုတ်ကို ပြန်ဖွင့်လိုက်ရင် ငါတို့ ပန်ကာတွေလို ချာချာလည်သွားမှာ
ဟေ့ရောင်တွေ မိုးကိုပြန်ရွာလိုက်ရင် ငါတို့ မြောင်းထဲရောက်သွားမှာ
ဟေ့ရောင်တွေ ကဗျာကိုတော့ ဒီမှာပဲ ရပ်လိုက်တော့မယ်
ဟေ့ရောင်တွေ မင်းတို့ မရပ်လိုက်နဲ့ဦး။ ။

                                                    လင်းဝေအိမ်

25 May 2013

"ဇာတ်ဟာ ဇာတ်လိုက်ရဲ့ နောက်ကို လိုက်နေရတယ်"

"ဇာတ်ဟာ ဇာတ်လိုက်ရဲ့ နောက်ကို လိုက်နေရတယ်"

အိုဇုန်းလွှာကြီးပေါက်နေတာရှာဖွေတွေ့ရှိခဲ့တဲ့ ဒေါက်တာဂျိုးဖာမန် သေသွားပြီ
အိုဇုန်းလွှာကြီးကတော့ မသေမြဲ မရှင်မြဲ ပေါက် ပေါက် ပေါက် ပေါက် ပေါက်
အင်ဂျလီနာဂျိုလီရဲ့ ဖြတ်ထုတ်လိုက်ရတဲ့ ရင်သားအစုံမှာ မေတ္တာတရားတွေ တစ်ပေါက်ပေါက် ယိုစီး
ကမ္ဘာကြီးကိုယ်တိုင်က အစွန်းအထင်းတွေနဲ့ ကမ်းပါးစွန်းမှာ ရပ်နေရ
တစ်ယောက်အိပ်မွေ့ယာလေးပေါ်မှာ ဖက်လုံးလေး ဖက်ဖက်ပြီးအိပ်ရတာ ကျောမလုံဘူး
တစ်နေ့ ကင်ဆာ တစ်နေ့ တုပ်ကွေး တစ်နေ့ ဗုံးကွဲ တစ်နေ့ မီးလောင်
တစ်နေ့တစ်နေ့၊  တစ်နေ့တစ်နေ့၊  တစ်နေ့  တစ်နေ့   တစ်နေ့   တစ်နေ့
မီးခိုး သွေးစ မျည်ရည် ပေါက်ကွဲသံ အိမ်ယာမဲ့ မိဘမဲ့ သားသမီးမဲ့ 
လက်နက် အသစ်အဆန်း ဗိုင်းယပ်စ် အသစ်အဆန်း ရောဂါ အသစ်အဆန်း 
ဘယ်တော့မှ မရိုးနိုင်တဲ့ သေခြင်းတရားရဲ့ အမြဲတမ်း ဆန်းသစ်ချင်နေတဲ့ ရောဂါ
သတင်းစာစက္ကူတွေရဲ့ အနံ့ဟာ အော်ဂလီဆန်စရာကောင်းလောက်အောင် စူးရှ
ဖတ်စရာသတင်းတွေ များများလာတယ် ဖတ်ချင်စရာသတင်းတွေ ရှားရှားလာတယ်
ရပ်ပြီးနားထောင်ကြည့် ရှိုက်သံ သွားပြီးနားထောင်ကြည့် ငိုသံ
တိုက်ချွတ်နေတဲ့ လက်နက်တွေက ကိုယ့်မျက်နှာကို နောက်ဆုံးကြည့်လို့ရနိုင်လောက်အောင် ပြောင်လက်
ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ တစ်ခုစီ ဆွဲဖြုတ်နေသလို သေခြင်းတရားက တစ်ရစ်ချင်း 
ရှင်သန်နေရမှုဟာ ပြတ်လုပြတ်ခင် ဖိနပ်လေးနဲ့ တရွေ့ရွေ့
ကျည်ဆံတွေကို ဘယ်ခလုတ်ကမှ အစိုးမရဘူး
ဇာတ်ဟာ ဇာတ်လိုက်ရဲ့ နောက်ကို လိုက်နေရတယ်။

                                                               လင်းဝေအိမ်(၂၅-၀၅-၂၀၁၃)

20 May 2013

"လမ်း (၄၀) ထိပ်က ပိတောက်ရိပ်မှာ 'ဇေ' တစ်လုံးနဲ့ ငါ့ကိုစောင့်ပါ"

"လမ်း (၄၀) ထိပ်က ပိတောက်ရိပ်မှာ 'ဇေ' တစ်လုံးနဲ့ ငါ့ကိုစောင့်ပါ"

တစ်နေ့တစ်နေ့ တစ်နေတဲ့ စိတ်ကြီးကိုပဲ ထွေးမရ မြိုမရ
ငါတို့ဟာ လွတ်လပ်ချင်တဲ့ စိတ်ကြီးထဲ ပိတ်မိနေကြတယ်
အရွက်လေးကို ခူး တယ်၊ အဖူးလေးကို ခြွေတယ်
ငွေကြေးစွဲလန်းမှုဟာ ငါတို့ကိုဆောင့်ဆောင့်ခါတယ်
ပေါ့ပေါ့ပါးပါး တီရှပ်လေးပဲ ကောက်စွပ်ထားလိုက်ချင်ပါပြီ
မျက်မှန်တစ်လက်ပေါ်မှာ မှီခိုနေရတဲ့ အမြင်အာရုံ
တစ်ခုခုဆို တစ်ယောက်ယောက်နာမည်ကို အော်ခေါ်လိုက်ဖို့ မနည်းစဉ်းစားရ
သပ်သပ်ရပ်ရပ်မြို့ကြီးထဲမှာ သပ်အရိုက်ခံထားရတဲ့ သားရဲ
ကြောက်ရင်လွဲ ရဲရင်လည်းလွဲ၊ မရှိတဲ့ ပစ်မှတ်ကြီးကိုပဲ မျက်စေ့စုံမှိတ်ပြီး ချိန်ချိန်နေရ
ထိုင်နေကျ ခုံပုလေးတွေလို စိတ်လွတ်ကိုယ်လွတ် ဆွဲထိုင်ပစ်ချင်တယ်
စန္ဒယားခလုတ်တွေသာ ကုန်သွားတယ် ကိုယ့်အသံကိုယ် ရှာမတွေ့ဘူး
လမ်းတွေက လမ်းပီသဖို့ ကွေ့ရ ကောက်ရ နိမ့်ရ မြင့်ရ
မနက်ဖြန်ရုံးတက်ရမယ်၊ တစ်ရွေ့ရွေ့ ရုန်းတက်နေကြရ
ပဲ့ကြွေကျသွားတဲ့ ပေါင်မုန့် အစအနလေးတွေ
သံပြိုင်သီဆိုရမယ့် အပိုဒ်ရောက်တိုင်း အဲဒီသီချင်းတွေထဲက ထွက်ထွက်ကျတယ်
မိတ်ဆွေစာရင်းမှာ နာမည်တွေ လျော့လျော့လာတာလည်း ပျော်စရာတစ်ခုပဲ
ငါတို့ရှေ့က စားပွဲခုံလေးပေါ်မှာ ကမ္ဘာကြီးဟာ ကာဗာကြီးနဲ့ ပကတိမဲ့
တစ်ခါသုံး ပလက်စတစ်ခွက်ကလေးရဲ့ ပေါ့ပါးမှုမျိုးနဲ့ တန်ဖိုးတွေကို စွန့်ပစ်မယ်
မုတ်ဆိတ်တွေ မရိတ်မသင်ဖြစ်သေးသရွေ့
မေးစေ့က အမာရွတ်လေးကိုဘယ်သူမှမမြင်နိုင်ကြဘူး
တစ်နေ့နေ့ ငါတို့ရဲ့ အသံကို သူတို့ကြားကြပါလိမ့်မယ်။

                                               လင်းဝေအိမ်(၂၀-၀၅-၂၀၁၃)

05 May 2013

"မြို့လား"

"မြို့လား"

မြို့ထဲကိုဝင်တာနဲ့ ဆိုင်ရာပိုင်ရာတွေကို ပူဇော်ပသပါ၊ မြို့က နက်တယ်
မြို့က မာယာများတယ်၊ မြို့ကောင်တွေရဲ့ အန္ထရယ်ကိုသတိထား
မြို့ဟာ ကူရာကယ်ရာမဲ့အောင် မှောင်တယ်၊ မြို့မှာ ကိုယ့်လမ်းကိုယ် ခုတ်ထွင်ရှင်းလင်း
မြို့ရဲ့ နေရာတိုင်းမှာ ငွေကြေးဟာ ချောင်းမြောင်းနေတယ်၊ မြို့မှာ လေညာ လေအောက် သတိပြု
မြို့မှာ ခြေရာတွေမထင်ကျန်စေနဲ့၊မြို့မှာ အပေါ့/အလေးစွန့်တာကအစ သတိရှိ
မြို့မှာ ဥပဒေသတွေကို မေ့လိုက်၊ မြို့မှာ အစာလုကြ၊ မြို့မှာ မိတ်လိုက်ကြ
မြို့မှာ လျင်သူစားစတမ်း၊ မြို့မှာ ဦးတဲ့သူ မုဆိုး၊ မြို့မှာ အုပ်စုဖွဲ့အနိုင်ကျင့်
မြို့မှာ မျိုးတူချင်းသတ်ဖြတ်၊ မြို့မှာ ရုပ်ဝတ္ထုချင်း တိုက်ခိုက်
မြို့ဘုရင်ဟာ အမြီးကောက်ကောက်နဲ့၊ မြို့ရဲ့ဗီဇစိတ်က ဘယ်ကျည်တောက်စွပ်စွပ်မဖြောင့်ဘူး
မြို့နက်ထဲရောက်တာနဲ့ သတိကို အသင့်ဆွဲထုတ်ထား၊ မြို့မှာ လက်ဦးမှုဟာ ရှင်သန်ခြင်းပဲ
မြို့မှာ တစ်ယောက်နာမည်တစ်ယောက်မခေါ်နဲ့၊  မြို့မှာ အသံတိတ်ဆက်သွယ်
မြို့မီးလောင် မြို့ကြောင်လက်ခမောင်းခတ်၊  မြို့မှာ အမှောင်တရားဟာ အမှန်တရား
မြို့မှာ တိတ်ဆိတ်ခြင်းတွေ ဆူညံ၊ မြို့မှာ ဦးတည်ရာအရပ် မရှိ
မြို့မှာ မမြင်နိုင်လောက်အောင် ဘာမှန်းမသိတဲ့အရာတွေနဲ့ အုပ်ဆိုင်း
မြို့မှာ ဘာမှန်းမသိလောက်အောင် မမြင်နိုင်တဲ့အရာတွေနဲ့ အုပ်ဆိုင်း
မြို့မှာ ...၊ မြို့မှာ ...၊ မြို့မှာ ...၊ မြို့မှာ...၊ မြို့မှာ...၊ မြို့မှာ...
မြို့မှာ ကိုယ့်ကိုယ်ကိုတောင် မယုံနဲ့။

                                             လင်းဝေအိမ်(၀၅-၀၅-၂၀၁၃)