14 December 2012

"အက္ခရာတွေ ကျပျောက်ခဲ့တဲ့ ပုံပြင်"





"အက္ခရာတွေ ကျပျောက်ခဲ့တဲ့ ပုံပြင်"

(၁)


"နှင်းဝေေ၀ ဆိုတာ မောင့် ဘ၀ရဲ့ အနက်ရှိုင်းဆုံးအထိစူးဝင်သွားတဲ့ ဆူးလေးတစ်ချောင်းပဲ။
ဘယ်လောက်ပဲ နာကျင်နေပါစေ အဲဒီ နာကျင်မှုတွေမှာပဲ သာယာနေမယ်။ ဘယ်တော့မှ ဆွဲမနှုတ်ဘူး"


မိုးတွေ ဖွဲဖွဲလေးရွာသွန်းနေတဲ့ နေ့လည်ခင်းတစ်ခုမှာပဲ အဲဒီစကားတွေကို မောင် ပြောခဲ့တယ်
ဆိုတာ မှတ်မိနေပါသေးတယ်။မှတ်မှတ်ရရ အဲဒီနေ့က မောင့်ကို အဖြေပေးလိုက်တဲ့နေ့ပါ။
အချစ်ဟာ ဘ၀ကိုဖွဲ့ဆိုရာမှာ မလိုအပ်တော့တဲ့ အက္ခရာ တစ်လုံးအဖြစ်နှင်း ယူဆခဲ့တယ်။
ဒါပေမယ့် နှင်းဘ၀ထဲကို မောင် ရောက်လာချိန်ကအစပြုလို့အရာအားလုံးဟာ ပြောင်းလဲခဲ့ရ
ပါတယ်။ အချစ်ဟာနှင်း ဘ၀ကိုထိုးစိုက်ဖို့ တိတ်တဆိတ်ပျံသန်းလာနေတဲ့ မြှားတစ်စင်းဆိုတာ
သတိမပြုနိုင်လောက်အောင်ပဲ မောင့် ရဲ့စကားလုံးလေးတွေကြားမှာနစ်မြောခဲ့ရပါတယ်လေ။

"တကယ်တော့ အချစ်ဆိုတာ ကစားစရာ အရုပ်ကလေးတစ်ရုပ်ပဲ
အဲဒီအရုပ်လေးကို တစ်ချို့က ကိုးကွယ်နေကြတာဟာ သိပ်ရယ်စရာ ကောင်းတယ်။"

"ဒါဆို မောင်က နှင်းကိုလည်း အရုပ်လေးတစ်ရုပ်လိုပဲသဘောထားတာပေါ့"

"မဟုတ်ဘူး၊ နှင်းက မောင့်ရဲ့ ကစားဖော်လေ
အဲဒီအရုပ်လေးကို နှင်းနဲ့မောင် အတူတူကစားကြတာပေါ့"

"ဘယ်အချိန်အထိ  အတူတူ ကစားခွင့်ရကြမှာလဲဟင်"

မောင်ဟာ နှင်းရဲ့မေးခွန်းကို မဖြေသေးဘဲ စွယ်တော်ရွက်ဝါလေးတစ်ရွက် ကြွေကျလာတာကို
ငေးကြည့်နေတယ်။
ပြီးမှ-

"တချိန်ချိန်အထိပေါ့ နှင်းရယ်"

အဲဒီတချိန်ချိန်ဆိုတာ ဘယ်အချိန်ထိလဲလို့တိတိကျကျသိလိုစိတ်ကို ချိုးနှိမ်ထားရင်း မောင့်
မျက်နှာကိုပဲ နှင်း ငေးစိုက်ကြည့်နေခဲ့လိုက်ပါတယ်။မောင်ဟာ နားလည်ရခက်တဲ့ ကဗျာဆရာလေး
တစ်ယောက်ပါလေ။ မောင့်ရဲ့ ကဗျာလေးတွေကိုနှင်း နားလည်ဖို့မကြိုးစားဘဲ နှစ်သက်ခဲ့မိသလို
မောင့် ကိုလည်း ဘယ်တုန်းကမှနားလည်ဖို့ မကြိုးစားဖြစ်ခဲ့ပါဘူး။မောင် ဟာ ကဗျာလေးတစ်ပုဒ်
ပါပဲကွယ်။

(၂)

ဆောင်းဦးလေပြေဟာ နှင်းတွေကိုတစ်ရွက်ပြီးတစ်ရွက် ခြွေနေတယ်။လေအဝှေ့မှာ ပါးပြင်ပေါ်မှ
မခြောက်သေးတဲ့ သနပ်ခါးပါးကွက်လေးတွေကအေးခနဲ ဖြစ်သွားတယ်။ဘယ်ဘက်လက်နဲ့ ဆွဲလာတဲ့
ကြိမ်လက်ဆွဲခြင်းလေးကို ညာဘက်နဲ့ပြောင်းဆွဲရင်း နှင်း ခြေလှမ်းတွေရဲ့ အမြန်နှုန်းကိုမြှင့်လိုက်ပါတယ်။
ဒီအချိန်ဆို လမ်းထိပ် လက်ဖက်ရည်ဆိုင်ရဲ့ ဘယ်ဘက်ထောင့်က ခုံလေးမှာ မောင် ရောက်နေပြီလား။
နှင်း နောက်ကျနေပြီလား.။ရင်ဖုံးအကျီင်္အဖြူ၊ ထမီအစိမ်း၊ စာအုပ်အချို့နဲ့ ထမင်းချိုင့်လေးကိုသယ်ဆောင်
လာတဲ့ ကြိမ်ခြင်းလေး စသည်တို့ဖြင့် ဖွဲ့စည်းထားတဲ့ နှင်းဝေေ၀ ဆိုတဲ့ငှက်မလေးဟာ မောင့်ကို ချစ်တဲ့
အချစ်တွေနဲ့ ပျံသန်းလာနေပါပြီ။


မနက်ခင်းတိုင်း လမ်းထိပ်က လက်ဖက်ရည်ဆိုင်လေးမှာ မောင် အမြဲတမ်းရှိနေတတ်ပါတယ်။ ထိုင်ခုံမှာ
ထိုင်နေရင်း အမြဲလိုလိုစာအုပ်တစ်အုပ်ကိုဖတ်နေတတ်တဲ့ မောင့် ကို အဝေးကြီးကတည်းက နှင်း မြင်ရ
ပါတယ်။နှင်း ဆိုင်ရှေ့ကနေဖြတ်လျှောက်သွားတာကို မောင် ငေးကြည့်နေမယ်လေ။နှင်းကတော့
လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ မောင့်ရဲ့အကြည့်တွေကို တုန့်ပြန်ကြည့်ဖို့ မ၀ံ့ရဲပါဘူး။

"နှင်းရဲ့ ယူနီဖောင်းလေးကိုတော့ လေးစားပေးပါ မောင်ရယ်၊
ကျောင်းဆရာမလေးတစ်ယောက် အနေနဲ့ နေ့စဉ်ဖြတ်သန်းသွားလာနေရတဲ့ ဒီလမ်းလေးမှာတော့
နှင်းနဲ့မောင်နဲ့ ချစ်သူတွေလိုနေကြဖို့ မသင့်တော်ဘူးထင်လို့ပါမောင်ရယ်..နော်"

"ဟုတ်ကဲ့ ဆရာမ"

မောင်က လက်ကလေးနှစ်ဖက်ကိုပိုက်ရင်း ကလေးတစ်ယောက်လိုပြန်ဖြေတော့ နှင်း ရယ်လိုက်ရ
တာလေ။မောင်ဟာ ဖြူစင်တဲ့ကလေးလေးတစ်ယောက်လိုပါပဲ။ ဒါပေမယ့် မောင့်ရဲ့စိတ်မှာ
ကဗျာဝိဥာည်ပူးကပ်နေချိန်မှာတော့မောင်ဟာ နှင်း နားလည်နိုင်စွမ်း မရှိတဲ့မှုန်ကုပ်ကုပ်ကောင်လေး
တစ်ယောက်အဖြစ်ပြောင်းလဲသွားပါတယ်။

 ဒီလိုနဲ့ပဲ နှင်းရဲ့ မနက်ခင်းတိုင်းဟာ မောင်ထိုင်နေတဲ့လက်ဖက်ရည်ဆိုင်လေးအရှေ့က ဖြတ်လျှောက်
သွားခွင့်ရရုံနဲ့ပဲ ပြီးပြည့်စုံခဲ့ရပါတယ်။နှင်းကိုငေးကြည့်နေမယ့်မောင့်မျက်ဝန်းတွေရဲ့ နွေးထွေးမှုမှာ
မနက်ခင်းရဲ့ဂီတဟာချိုမြိန်ခဲ့ရပါတယ်။

(၃)

ဘယ်သူကူလို့မှမနွေးနိုင်တော့ပါဘူး
ငါ
နှင်းဆူး စူးနေပြီ။

ပန်းနုရောင် စာရွက်လေးပေါ်မှာ လက်ရေးဝိုင်းဝိုင်းလေးတွေနဲ့ ရေးထားတဲ့ မောင့်ရဲ့ ကဗျာလေးပါ။
အကြိမ်ကြိမ်ပြန်ဖတ်နေမိလို့ စကားလုံးလေးတွဟာနှင်းရဲ့ နှလုံးသားမှာအမြစ်တွယ်နေပါပြီ။ နှင်းဆူး စူး
နေသတဲ့လားမောင်ရယ်။နှင်းကတော့ စကားလုံးတွေနဲ့ ယက်ဖွဲ့ထားတဲ့ မောင့်ရဲ့  ပိုက်ကွန်လေးထဲက
ငါးမလေးတစ်ကောင်ပါလေ။

သစ်ရွက်လေးတစ်ရွက် ဖြုတ်ခနဲကြွေသွားတာကို နှင်းငေးကြည့်နေမိတယ်။နှင်းလည်း သစ်ရွက်ကလေးလို
ကြွေဆင်းပစ်လိုက်ချင်ပါတယ်။တကယ်တော့ မိန်းမတစ်ယောက်ဟာ ကြွေချင်တိုင်းကြွေခွင့်မရှိတဲ့
သစ်ရွက်လေးတစ်ရွက်ပါ။အပင်ပေါ်မှာပဲ မွန်းကြပ်စွာစိမ်းလန်းနေရတဲ့သစ်ရွက်လေးတွေဘယ်လောက်
တောင်များနေပြီလဲလေ။

"နှင်း..ငါတို့မှာရည်ရွယ်ထားတဲ့ပန်းတိုင်ရှိတယ်။အတိုင်းတာတစ်ခုထိပြည့်စုံတဲ့တစ်ချိန်ချိန်မှာ
လက်ထပ်ကြဖို့ရည်ရွယ်ထားတာပဲ။အဲဒီပန်းတိုင်ကိုရောက်အောင်သွားကြရမယ်။လမ်းခုလပ်မှာ
မင်း ချန်နေရစ်ခဲ့မယ်ဆိုလည်း မင်း သဘောပဲလေ။အခုလက်ထပ်ကြဖို့ဆိုတာတော့မဖြစ်နိုင်ဘူး"

"ဒါဆို နှင်းက အိမ်ကစီစဉ်ပေးတဲ့သူနဲ့ လက်ထပ်လိုက်ရတော့မှာလား..မောင် "

"ဒါဟာ ၀တ္ထုရေးဆရာတွေ ဖန်တရာတေနေအောင်ရေးနေတဲ့ဇာတ်လမ်းကြီးပါကွာ။
ဒီကိစ္စဟာ မင်းရဲ့ရွေးချယ်မှုအပေါ်မှာပဲ မူတည်ပါတယ်။ငါဘာမှ ပြောစရာမရှိတော့ဘူး။ဒါပဲ။"

မောင့်ရဲ့ အသံဟာ ဖုန်းလိုင်းထဲမှပျောက်ကွယ်သွားပါတယ်။ဒါဟာ နှင်းဘ၀ထဲက ပျောက်ကွယ်သွားခြင်း
ရဲ့နိဒါန်းပဲလား......။နှင်းမှာ ရွေးချယ်ခွင့်ရှိတယ်လို့ မောင် ဘာကြောင့်ယုံကြည်သလဲဆိုတာမေးခွင့်ရမယ်
ဆိုရင်မေးကြည့်ချင်ပါရဲ့။ ကန့်သတ်ချက်တွေအောက်မှာ ရှင်သန်နေရတဲ့ မိန်းမတစ်ယောက်ရဲ့ဘ၀ကိုပဲ နှင်း စိတ်နာမိပါတယ်။မိန်းမတစ်ယောက်ဟာ တောင်းဆိုရုံကလွဲပြီးဘာမှမတတ်နိုင်ဘူးလား။ ယောင်္ကျား
တစ်ယောက်ရဲ့ရွေးချယ်မှုမှာ အရွေးချယ်ခံ အရာဝတ္ထုတစ်ခုမျှသာပဲလား။ မောင့်ဘ၀ထဲကို တိုးဝင်လာဖို့
စုစည်းထားတဲ့ နှင်းရဲ့အားမာန်တွေကို မောင် ဘာကြောင့်ရိုက်ချိုးပစ်ရက်ခဲ့ပါသလဲကွယ်။

(၄)


ညဟာ တိတ်ဆိတ်နေတယ်။လရောင်ကင်းမဲ့စွာ မှောင်မည်းနေတယ်။လရောင်မရှိတဲ့ ညဟာ အကျည်း
တန်နေသလား။နှင်းအတွက်တော့လရောင်လင်းလက်တောက်ပနေလည်း ညတွေဟာ မလှပနိုင်တော့
ပါဘူး။တိတ်ဆိတ်ခြင်းမှာ နာကျင်သံတွေ တ၀ုန်းဝုန်း ရိုက်ခတ်နေတယ်။လရောင်ဟာ အလွမ်းကိုပို
မိုလောင်ကျွမ်းအားကောင်းစေမလား။ အမှောင်ကိုနှင်း ကျေးဇူးတင်မိပါတယ်။ တချက်တချက်တိုးဝှေ့
လာတဲ့လေပြေဟာဆိတ်ဖလူး ပန်းရနံ့တွေကို သယ်ဆောင်လာတယ်။ ခြံထောင့်က ဆိတ်ဖလူးပင်ရှိ
ရာဆီကို လှမ်းကြည့်လိုက်မိတယ်။ ညရဲ့အမှောင်ကြောင့် အပင်ခြေမှာ ပွင့်ကြွေတွေဖွေးနေမယ့်
ဆိတ်ဖလူးပင်ကို နှင်း မမြင်ရပါဘူး။အပင်နဲ့အပွင့်လေးတွေကိုမမြင်ရပေမယ့်ရနံ့ က မွှေးနေပါတယ်။


"မောင်က ယောင်္ကျားလေးဖြစ်ပြီး ပန်းကြိုက်တယ်နော်"

"ဘာဆိုင်လဲ နှင်းရယ်...ယောင်္ကျားလေးဖြစ်တာနဲ့ပဲ ပန်းမကြိုက်ရတော့ဘူးလား.."

"မောင်...ဘယ်ပန်းကိုအကြိုက်ဆုံးလဲ..ဟင်"

"ဆိတ်ဖလူးပန်း"


ဒီလိုနဲ့  မနက်ခင်း ကျောင်းသွားတိုင်း နှင်းရဲ့ခေါင်းပေါ်မှာ ဆိတ်ဖလူးပန်းကုံးလေးတစ်ကုံး နေရာ
ယူခဲ့ပါတယ်။ဆိတ်ဖလူးပန်းရနံ့ ဟာနားလည်ရခက်စွာ ရီဝေသင်းပျံ့ တဲ့ ရနံ့  တစ်မျိုးလို့ မောင်
ပြောခဲ့ဖူးတယ်။မောင့်ရဲ့ ဆိတ်ဖလူးပန်းလေးတွေကြားမှာ နှင်း ရီဝေယစ်မူးခဲ့ရတာပါလေ။

အခုလည်း ညရဲ့ အမှောင်မှာ ဆိတ်ဖလူးပန်းလေးတွေကို မမြင်ရပေမယ့် ရီဝေတဲ့ ရနံ့  တွေမှာ
နှင်း ယစ်မူးနေရဆဲပါ။မောင်ဟာ နှင်းမမြင်နိုင်တော့တဲ့ဆိတ်ဖလူးပန်းပွင့်လေးတစ်ပွင့်ဖြစ်ပါတယ်။
ရနံ့  တွေ မွှေးနေဆဲ။ဒါပေမယ့် မောင်ဟာ နှင်းနဲ့အဝေးဆုံးကိုပျံသန်းသွားတဲ့ ဆိတ်ဖလူးပန်းပွင့်လေး ပါလေ။

နှင်း လက်ထဲမှာကိုင်ထားတဲ့ မောင်ရဲ့ ကဗျာစာရွက်လေးဟာ လေအဝှေ့မှာ တဖျက်ဖျက်တုန်ခါနေ
ပါတယ်။။မောင့်ရဲ့ကဗျာစာရွက်လေးကိုနှင်းဆက်လက်သိမ်းထားခွင့် ရှိသေးလား။ နှင်း သိမ်းထားသင့်
သေးရဲ့လား။ နှင်းမျက်လုံးအစုံကိုမှိတ်ချလိုက်တယ်။အဲဒီနောက် နှင်းရဲ့ သိမှု ခံစားမှုအာရုံတွေအားလုံး
ခေတ္ထ ရပ်ဆိုင်းသွားတယ်ထင်ပါရဲ့။ နှင်းဘာလုပ်လိုက်မိတယ် ဆိုတာ နှင်းကိုယ်တိုင်တောင် မသိ
လိုက်တော့ပါဘူး။နှင်း အသိစိတ်ကိုပြန်လည်ဆုပ်ကိုင်မိချိန်မှာတော့ တစစီကျဲပြန့်နေတဲ့ ကဗျာ
စာရွက်အပိုင်းစလေးတွေသာ ညအမှောင်မှာ လွင့်ဝဲနေပါတော့တယ်။

တချိန်က မောင် ပြောခဲ့ဖူးတဲ့စကားလေးတွေကို နှင်း တိုးတိုးလေးရွတ်ဆိုမိလိုက်ပါတယ်။



"ချစ်ခြင်းမေတ္ထာဟာ ဖန်တီးယူလို့မရသလို ဖျက်စီးပစ်လို့လည်းမရဘူး"

ဟိုး အဝေးဆီက ဆိတ်ဖလူးပန်းပွင့်တစ်ပွင့်ရဲ့ အော်သံသဲ့သဲ့ကြားလိုက်ရတယ်။ဒါပေမယ့်
အမှောင်ထုရဲ့ကြားမှာ နှင်း ဘာကိုမှမြင်နိုင်စွမ်းမရှိတော့ပါ။              ။

                                                                      လင်းဝေအိမ်
                                                                      စတိုင်သစ် မဂ္ဂဇင်း ၊ ဒီဇင်ဘာ ၊ ၂၀၁၂

17 November 2012

"နှင်းတွေစိုက်ဝင်နေတဲ့ သီချင်း"

ပြက်လုံးအဟောင်းတွေ မရွတ်ပါနဲ့
ရယ်သံတွေ အပ်ကြောင်းထပ်နေတဲ့ နှုတ်ခမ်းတွေရဲ့ ခြေရာ
တိုးတိုးလေး ကဗျာရွတ်သံမှာ ဘ၀တွေ ဆူညံပွက်ထ
တံခါးကို ဆွဲဖွင့်လိုက်တယ် အခန်းက ဖြူဖတ်ဖြူလျော်နဲ့
တံခါးကို ဆွဲပိတ်လိုက်တယ် သူမက ဖြူဖတ်ဖြူလျော်နဲ့
လူ့ဖြစ်တည်မှုဟာ ကြာကြာဝါးလေ ခါးလေပဲ
ရထားဟာ ကျွန်တော်တို့ မရောက်ရှိခင်မှာ ထွက်ခွာသွားပြီ
ဖိနပ်သဲကြိုးလေးပြတ်သွားတဲ့နေ့
လမ်းဟာပြန်လည်ရှင်သန်ထမြောက်မယ်
ယုံကြည်မိလိုက်တဲ့ ခဏဆိုတာ မြားဘယ်နှစ်စင်းစူးဝင်သွားနိုင်သလဲ
ငွေစက္ကူတွေခင်းထားတဲ့လမ်း၊ ခြေဖ၀ါးတွေ၊ သွေးချင်းချင်းနီ
စံပယ်တွေ မကြွေခင် ရနံ့ဟာ တငွေ့ငွေ့ ထွက်ခွါခဲ့ရ
ငါ့ကိုသတ်ပြီးတဲ့အခါ ဓားကိုမနာကျင်ပါစေနဲ့တော့ ညီမလေး
စိတ်နဲ့ ချည်နှောင်ထားမိတဲ့ ပူဖောင်းလေး တလွင့်လွင့် တချိန်ချိန်
တစ်နေရာရာ မသေချာခြင်းတွေ တဖြုတ်ဖြုတ် ကြွေ
လမ်းတွေရဲ့ အဆုံးဟာ လမ်းတွေရဲ့အစပဲ
နှင်းတွေ တအားဝေတဲ့ မနက်ခင်းဟာ
သူမ ချနင်းခဲ့ဖူးတဲ့ ကတ္ထီပါဖိနပ်ကလေး ဖြစ်တယ်။        ။

                                                              လင်းဝေအိမ်(၁၇-၁၁-၂၀၁၂)

13 November 2012

"အနီရောင် အော်သံမှာ ၀ါကျတွေ ပြိုပြိုကျ"

ပြတင်းတံခါးမှန်ကိုဖြတ်ကျလာတဲ့လရောင်ဟာ ပြတင်းဘောင်မှာ
ချိတ်ထားတဲ့ အမွေးပွမျက်နှာသုတ်ပုဝါအပြာရောင်ကိုဖြတ်ကျော်
မလာနိုင်တဲ့အခါ အခန်းထဲကို ရောက်မလာဘူး မောကြီးပန်းကြီး
လေအေးပေးစက်အသံ တဒီးဒီး ချွေးစတွေ တစစ်စစ် ပန်ကာကို
ဖွင့်လိုက်တယ် ဘ၀တစ်ခုလုံးလည်း ချာချာကိုလည်လို့ ခေါင်းရင်းက
ခလုတ်ကို ဖွင့်ချည် ပိတ်ချည် ဘယ်လိုလုပ်လုပ် ကျွမ်းနေပြီ
လို့ယူဆရတဲ့ မီးလုံးက ဘယ်လိုမှ လင်းမလာတော့ အမှောင်ရေ
ငါ့အတောင်ပံလေးတွေကို ကြိုးဖြေပေးပါ ကိန်းဂဏန်းတွေ ပလုံစီ
နေတဲ့ မျက်နှာကြတ်ဆီ စိုက်ကြည့်နေရင်း ငါ့မျက်နှာဟာ ကြပ်ကြပ်လာ
ဖတ်လုံးကိုပဲ လွတ်ထွက်မသွားအောင် တွယ်ဖက်ထားရင်း တစ်စုံတစ်ခု
ဟာခန္ဓာကိုယ်ထဲ စိုက်စိုက်ဝင်သွား ခပ်ယဲ့ယဲ့ အသက်ရှုသံမှာ အသက်
မပါတော့ဘူး အခန်းတံခါးကို ဆွဲဖွင့်လိုက်တော့မယ်လို့ လက်လှမ်း
လိုက်ချိန်မှာပဲ တံခါးဟာတရွေ့ရွေ့ ထွက်ခွါ ဘယ်သူရေ ဘယ်ဝါရေ
ခေါ်သံတွေ သွေးကြောထဲ ထစ်ထစ် ငေါ့ငေါ့ စီးဝင် လည်ပတ် ။     ။

                                                      လင်းဝေအိမ် (၁၃-၁၁-၂၀၁၂)

14 October 2012

သူလို ကိုယ်လို ဝေေ၀ ၀ါးဝါး

ထိလွယ် ရှလွယ် အရိပ် ကိုယ်စီ မော့သောက်နေကြဆဲမှာ ခွပ် ခနဲ
လွတ်ကျသွားတဲ့ အရက်ဖြူတစ်ခွက် နီရဲ  အနံတထောင်းထောင်း ကွဲရှ
မတော်လို့လိမ့်ကျတဲ့ လောကဓံများ  တော်လို့လိမ်ကြတဲ့ လောကဒဏ်များ
ဒီခွက်လေးသိမ်းသွားရင် ဘာနဲ့တောင်းစားရမတုန်း    မြို့မျက်နှာဖုံးတွေ
ဟာ... မျက်နှာကိုဖုံးထားတယ် တစ္ဆေမကြောက် မြွေမကြောက် ငွေကြောက်
နှစ်ဆယ့်လေးခွက်မြောက်နေပြီ  ရေချိန်မကိုက်သေးဘူး တစ်ဘ၀လုံး နံစော်
မျဉ်းကျားတွေဟာ လမ်းကို နိုင်ထက်စီးနင်းဆက်ဆံကြတယ် ထစ် ထစ် အ အ
ကျီးကန်းတွေ အား လို့အော်နေကြတာ နာကျင်သံမဟုတ်တော့ နားကျင်တယ်
ကျင်လည်ရာ ဘူတာရုံလေးမှာ ယုံရခက်အောင် ခက်ခက်ခဲခဲ ခဲမှန်ဖူးတဲ့ ခွေး
အရက်ခွက်ကိုမော့လိုက်တယ် ခေါင်းကိုငုံ့လိုက်တယ် အမြည်းမရှိတော့
စာတစ်အုပ် ကောက်ကိုင်လိုက်တယ် စာ တစ်အုပ် ထပျံသွားတယ် ဖမ်းရခက်ကြီး
ဟယ်လို ဟယ်လို လိုင်းမမိဘူး လိုင်းတွေ တိုးတိုး တိတ်တိတ် ချဉ်းကပ် ချောင်းမြောင်း
သူမနောက်ကျောကိုစိုက်ကြည့်ရင်း သွေးမခြောက်သေးတဲ့ဓားမြှောင် တုန်တုန်ယင်ယင်
စိုက်ကြည့်ခံနေရသလိုလို တစုံတစ်ယောက်ကို ယုံကြည်ချင်စိတ် တဖျက်ဖျက်
ရင်ဘတ်ပေါ်လာနားတဲ့လိပ်ပြာကို ရိုက်သတ်ပြီး ခဏခဏ နောက်ပြန်လှည့်ကြည့်
လိုက်တိုင်း ပြေးပြေးသွားတော့ လွတ်လွတ်သွားတဲ့ သီချင်းလေးေ၀၀ါး ကျန်ရစ်
သူတစ်ယောက်တည်း ငါးမြှားချိတ်ကို သွေးရင်း တွေးရင်း သွေးရင်း သွေးရင်း
သူလို ကိုယ်လို ကူးခတ်နေလိုက်ကြတာများ ဖျက်ခနဲ ဖျက်ခနဲ...။

                                                                                                 လင်းဝေအိမ်(၁၄-၁၀-၂၀၁၂)

19 September 2012

"ပုံပြင်"

့မြှားတွေဟာ ဘယ်တော့မှ လေးညှို့ဆီပြန်မလာနိုင်ကြဘူး
အကျိုးအကြေများတဲ့ဝါကျမှာ ခိုနားမိတဲ့အက္ခရာလေးတွေပါ
ရာသီလွန် အပြန်လမ်းမှာ ရွာမချနိုင်တဲ့ တိမ်အိုအိုများ
ကျန်ခဲ့တဲ့သက္ကရာဇ်တွေ ကျန်ရစ်တဲ့နုပျိုခြင်းတွေ
ချောင်းအိုကြီးတွေဆီပြန်မတက်နိုင်တဲ့ မြစ်တွေလေ
လူအဖြစ်ဟာ ကြာကြာဝါးလေ ခါးလေပဲ
စီးဆင်းခြင်းဟာ ကမ်းပါးတွေရဲ့အချုပ်နှောင်ခံဘ၀ဖြစ်တယ်
သစ်ရွက်လေးတွေကအစလွတ်လွတ်လပ်လပ်မကြွေနိုင်ဘူး
အဖေရယ် အမေရယ် ကျွန်တော်ရယ် ထမင်းလက်ဆုံစားကြတယ်
ဟိုး........ရှေးရှေးတုန်းက။
                                      လင်းဝေအိမ်(၀၆-၀၉-၂၀၁၂)

16 September 2012

"ပျော်သလားဟေ့ မောင်တို့ရေ... @#$$#@(ဆဲသံ)"


အဆင်ပြေလားဆိုတော့ ပြန်လာရင်ကောင်းမလား
စဉ်းစားနေတာ နေဖို့ စားဖို့ သုံးဖို့  စွဲဖို့  ၀င်ငွေ
ဘာလုပ်စားရမလဲ ဘာလုပ်ရင်စားရမလဲ ဘာလုပ်ရင်
ဘာစားမရလဲ ဘ၀မှာ ငွေရှာရမှာတစ်ခုတည်းလား
ဘ၀မှာ ရှာရမှာ ငွေ တစ်ခုတည်းလား ဘ၀မှာ
တစ်ခုတည်း ရှာရမှာ ငွေလား အချိန်ပြည့် 
လျှပ်စစ်မီး အချိန်ပြည့် တီဗွီချန်နယ် အဲယားကွန်း 
အ၀တ်လျှော်စက် ဓာတ်လှေကား လိုလေသေးမရှိ
ပြည့်စုံတယ်ဆိုတာ ဘာလဲ လှောင်အိမ်လှလှလေး
တီ...တီ...တီ..Alarm မြည်ပြီ အိပ်ယာက ရုန်းထ
မျက်နှာသစ် သွားတိုက်ရင်း အပေါ့အလေးတွဲစွန့်
ရေလောင်း အ၀တ်လဲ မြန်မြန် ရုံးချိန်နီးနေပြီ
နောက်ကျရင်လခဖြတ် ဖျက်ခနဲ အခန်းမီးပိတ်
ဘူတာဆီပြေး တစ်မိနစ်ခြား ရထားတွေအသင့်
အသင့်စားနိုင်တဲ့ ခေါက်ဆွဲပြုတ်နေ့လည်စာ
အိုတီမရှိဘူး စောစောပြန်ရင် ပြန်နိုင်ဖို့နောက်ကျမှာ
တွေးပူမိ ရသလောက်စုဆောင်းထားတာ မျက်ရည်
စိုနေတဲ့ငွေစ အစကတည်းကငွေလာရှာတာ ငွေရပြီ
ဒီမှာပဲနေရဦးမှာပါ သမီးလေးကျောင်းစားရိတ်က
ရိတ်သိမ်းသွားတဲ့ အိမ်ပြန်ချင်စိတ်တွေ မလျှော်မဖွပ်
အိပ်ယာပေါ် ထိုးချလိုက် ကန်ချလိုက် လုပ်ကြပေါ့ 
မင်းတို့ကအိမ်ရှင်ဆိုတော့ ငါတို့လည်းလုပ်နေတာပဲ
နားလည်လားခဏခဏမမေးနဲ့ နားလည်တယ်ဘ၀ကို
ဘယ်လိုထိုးကျွေးရမလဲ လေ့ကျင့်ထားတဲ့ ပွန်း(Pawn)တွေ
ပွန်းပဲ့သွားအောင်လေ့ကျင့်ခံထားတာ မြန်မာတွေ
မညံ့ပါဘူး အောက်ခြေသိမ်း ကျေညက်တယ် ကြေညက်တယ်
ကျောလေးပွတ် ခေါင်းလေးပွတ် ကျွတ်..ကျွတ်..ကျွတ်..။      ။

                                                                   လင်းဝေအိမ်(၆-၉-၂၀၁၂)

31 August 2012

"မြို့မှာ အောက်ကမြင့် မပါရင် မြိုသွားမယ်"


ဘောလုံးဟာ မျက်နှာတည့်တည့်ဆီ
ပြေးဝင်လာတယ်၊ မရှုနိုင်မကယ်နိုင်
နေ့စွဲတွေအကြောင်းရေးခြစ်စရာ စာမျက်နှာလွတ်များ
မရှိတော့တဲ့ ဒိုင်ယာယီအဟောင်းလေး
သူ့ကို Blue Jean တစ်ထည်ဝယ်ပေးရန်-
ငါ့ကောင်းကင်ဟာ မပြာသေးဘူး
ကျွန်တော့်ကို အိပ်ယာခင်းလေးတစ်ရွက်လောက်ခူးပေးပါ
သစ်ပင်တွေက လေတိုက်တိုင်းလှုပ်ခါ
နေတော့ မလွယ်ဘူး
ရှင်သန်မှုက ဓာတ်ကြိုးပေါ်မှာ စီရရီ ခိုနားနေရုံပဲလား
သူမဟာ အဖြူရောင်ဂစ်တာတစ်လက်
ပဲပြုတ်ပူပူလေးနဲ့ မနက်ခင်းမရှိတော့
ဒေါက်ဖိနပ် တက်နင်းသွားသော ကဗျာစာရွက်လေး
ကျုပ်တို့ရွာမှာဆိုရင် ကျီးကန်းတွေမရှိပါဘူး
ခိုစာရောင်းနေသူအဘွားအိုရဲ့ လက်ကလွတ်ကျသွားတဲ့
ပြောင်းဖူးစေ့လေးဟာ အတောင်အလက်မစုံ
ရေစီးရေလာမကောင်းတဲ့ရေမြောင်းတွေမှာ
ငါးမရ ခြေဆေးပြန်ကြသူများ
ကတ္တရာလမ်းတွေဟာ မည်းချင်ယောင်ဆောင်ပြီး
ကျွန်တော့်ကို လှောင်ပြောင်နေကြတယ် မေမေ
ဓာတ်ကြိုးတွေ ဘယ်ကစပြီး
ဓာတ်ကြိုးတွေ ဘယ်မှာဆုံးသလဲ
ဓာတ်တိုင်တွေ မသိဘူး
တိုက်ခန်းကမြင့်လွန်းတော့ ခဏခဏ ခေါင်းလောင်းကြိုးမှားဆွဲတယ်
ပလက်ဖောင်းမပါတဲ့လမ်းတွေလျှောက်ရင်း
ကျပျောက်ခဲ့တဲ့ အကြွေစေ့လေး ဘယ်မှတ်တိုင်မှာ
ဘယ်ကားစီးရင် ဘယ်ကိုရောက်မယ်
မသိ/နိုးနိုးနဲ့ အိပ်ပျော်နေသောနာရီတစ်လုံး
Bus ကားဟာ ဘယ်မှာဂိတ်ဆုံးမလဲ
ကော်ဖီတွေပျံသန်းရာ လမ်းတစ်လျှောက်
စံပယ်ပွင့်တွေ လိုက်ကောက်မယ် ဟန်နီ
ဒီအချိန်ဆို လိုင်းကားမရှိတော့တာ သေချာတယ်။ ။
                                                                              လင်းဝေအိမ်(၃၁-၀၈-၂၀၁၂)

24 August 2012

"လှည်း"


ဖုန်းလုံးကြီးတွေတလိမ့်လိမ့်
လွတ်အောင် ပြေးမထွက်နိုင်ဘူး
ဟဲ့ဆိုကာ နှင်တံမြှောက်လျှင်
ကျောပေါ်ကဒဏ်ရာလေးတွေ ခြူသံတလွင်လွင်
ဘယ်လိုပဲရုန်းရုန်း
အမှန်တရားဟာ ပခုံးပေါ်မှာပါမလာဘူး
လှည်းဟာ
လှည်းလမ်းကြောင်းအတိုင်းလိုက်
လှည်းလမ်းကြောင်းဟာ
လှည်းနောက်ကိုလိုက်
ဖုန်လုံးကြီးတွေက ထပ်ကြပ်မကွာ
ပန်းတိုင်မရှိတာကလွဲရင်
လှည်းဟာ
တရွေ့ရွေ့။



လင်းဝေအိမ်(၂၄-၀၈-၂၀၁၂)


17 August 2012

"မကွေး"









































" မကွေး"

ဖြောင့်မတ်ခြင်းကို
နာမည်မှာထည့်ရေးထားတဲ့မြို့
ဧရာဝတီအရှေ့ဘက်ကမ်းမှာ
ငုတ်တုတ်ထိုင်ငေးနေတယ်
မြသလွန်ခြေတော်ရင်းဆီမှာတော့
သစ္စာစကားတွေက ၀ရုန်းသုန်းကား
ကမ်းနားလမ်းတစ်လျှောက်
ချစ်ခြင်းမေတ္တာကို
ရောင်းဝယ်ဖောက်ကားကြ
ကုန်သည်ပွဲစားတို့ရယ်...
မြို့လေးကိုတော့
ရောင်းမစားကြပါနဲ့
မီးခိုးနံ့သင်းနေတဲ့ နှင်းတွေ
နေကျဲကျဲအောက်က ထနောင်းပွင့်တွေ
မိုးရွာရင်
စက်ဘီးပတ်စီးဖို့ပြန်လာချင်တယ်။     ။
                                                     လင်းဝေအိမ်
                                                     စာပွင့်လွှာ မဂ္ဂဇင်း ၊ သြဂတ်လ ၊ ၂၀၁၂

01 August 2012

အိပ်တန်း

      "အိပ်တန်း"

          ညနေခင်း..။

          မိုးစက်မှုန်မှုန်လေးများ ကပိုကရို ရွာသွန်းနေသည်။ ဟိုး.အဝေးဆီတွင် ငှက်ဖြူတစ်အုပ် ပျံသန်း နေကြ၏။ အိပ်တန်းပြန် ငှက်များ ဖြစ်ကြလိမ့်မည်။ ငှက်ကလေးများ မိုးစိုကြတော့မည်ဟု မဆီမဆိုင် တွေးပူမိလိုက်သည်။ တကယ်တော့ ကိုယ့်အိပ်တန်းဆီ ကိုယ်ပြန်ခွင့်ရကြသော ငှက်ကလေးများအနေဖြင့် မိုးရေထဲမှာပင် ပျော်ရွှင်နေကြပါလိမ့်မည်။

ဟိုးတစ်ချိန်က တက္ကသိုလ်ကျောင်းသားဘ၀တွင် ကျောင်းပိတ်ရက် အိမ် ခဏပြန်စဉ် အမေပြောခဲ့ ဖူးသော စကားများကို သတိရမိသည်။

          "လူတွေဟာဘယ်နေရာကိုပဲရောက်နေပါစေ
ငှက်အိပ်တန်းတက်ချိန်ရောက်ရင်တော့ ကိုယ့်အိမ်ကိုသတိရတတ်ကြတာပဲ"

          အိပ်တန်းပြန် ငှက်ကလေးများ၏ အတောင်ပံလေးတွေမှာ သူ့ရဲ့ အိမ်လွမ်းစိတ်ကလေးကို ချိတ်ဆွဲပေးလိုက်ပါသည်။

          သူ ငယ်ငယ်တုန်းက ဘောလုံးကွင်း အဟောင်းကြီးထဲမှာ စွန်လွှတ်ခဲ့ရတာကို သတိရမိသည်။ တရွေ့ရွေ့ မြင့်တက်သွားသော စက္ကူစွန်လေးကို ငေးကြည့်ရင်း ပျော်ရွှင်ကြည်နူးခဲ့ရသည်။ ရစ်ဘီးလုံးလေး၏ ထိန်းချုပ်မှုဖြင့် ပျံဝဲနေသော စွန်ကလေးကို ငေးမောကြည့်နေခဲ့ရသော အရသာကို နှစ်နှစ်သက်သက် စွဲလန်းခဲ့သည်။ အိမ်ပြန်ချိန်ရောက်လျှင် ရစ်ဘီးလေးဖြင့် ကြိုးပြန်ရုပ်သည်။ထို့နောက် စွန်ကလေးကိုပိုက်ကာ အိမ်ပြန်ခဲ့ရသည်။

          ဖေဖေသည်လည်း သူ့ကို စက္ကူစွန်လေးလို လွှတ်တင်ခဲ့သည်။သူ အမြင့်ဆုံးနေရာတွင် ပျံဝဲနိုင် အောင် လွှတ်တင်ပေးခဲ့ပါသည်။ အမြင့်တစ်နေရာတွင် သူ ပျံဝဲနေသည်ကိုကြည့်၍ ဖေဖေ ကြည့်နှုး နေခဲ့ပါလိမ့်မည်။ သို့သော် ဖေဖေသည် ရစ်ဘီးလေးဖြင့် သူ့ကို ကြိုးပြန်မရုပ်ခဲ့။ ထို့အပြင် ရစ်ဘီးမှ ကြိုးလေးကိုပင် ဖြတ်တောက် ပေး လိုက်သည်။ ထိုအခါ သူသည် ငှက်ကလေး တစ်ကောင်ဖြစ် သွား၏။ အတောင် တဖျတ်ဖျတ် ခတ်ကာ ပို့၍မြင့်မား ကျယ်ပြန့်ရာ ကောင်းကင် ဆီသို့  ပျံတက် ခဲ့ရသည်။

          တောင်သူတစ်ပိုင်း ကျောင်းဆရာတစ်ပိုင်း ဖြစ်သူ ဖေဖေသည် အဝေးရောက် သားသမီးများ ကို လွမ်းတိုင်း  ယာခင်းလေးများဆီသို့ သွားရောက်၍ အလွမ်းများကို လွှတ်တင်လေ့ရှိသည်။ ယခုဆိုလျှင်ပင် ဖေဖေသည် ပဲ၊နှမ်း စသဖြင့် သီးနှံ တစ်မျိုးမျိုး စိုက်ပျိုးထားသော ယာခင်းလေးထဲတွင် ရောက်ရှိနေလိမ့်မည် ထင်သည်။ ထို့နောက် သူ ရှိမည် ထင်သောအရပ်ဆီသို့ မျက်နှာမူ၍ အလွမ်းတို့ကို လွှတ်တင် နေပေလိမ့်မည်။ မိုးချုပ်လာလျှင်မူ အလွမ်းများကို ကြိုးပြန်ရုပ်၍ ရင်မှာပိုက်ကာ ဖေဖေ အိမ်ပြန်လိမ့်မည်။

          သူ၏ အတောင်ပံများ ပင်ပန်း နွမ်းနယ် လာသည့်အခါတိုင်း ဖေဖေ ရစ်ဘီးလေး ဖြင့်ကြိုး ပြန်ရုပ် မည်ကို မျှော်လင့်မိတတ်ခဲ့သည်။ ထိုအချိန်တိုင်းတွင် ဖေဖေသည်လည်း ရစ်ဘီးလုံးလေးကို ပိုက်ရင်း သူရှိမည့်အရပ်ဆီသို့ ငေးမောနေလိမ့်မည်မှာ အသေအချာပင်ဖြစ်သည်။သို့သော် သူသည် စက္ကူစွန်လေး မဟုတ်တော့ ။ ငှက်ကလေး တစ်ကောင်ဖြစ်နေလေပြီ။

          နှင်းတွေ ဆိုင်းညို့နေသော မနက်ခင်းတစ်ခုမှာ သူ အိမ်ကိုစတင် စွန့်ခွာခဲ့ရသည်။ ဆယ်တန်း အောင်ပြီးနောက် တက္ကသိုလ် ဆက်တက်ရန် အိမ်မှထွက်ခွါ ခဲ့ရခြင်းဖြစ်သည်။ ရထားဘူတာလေးဆီသို့ လမ်းလျှောက်လာရင်း အဝေးဆီမှာ ကျန်ရစ်ခဲ့သော ရွာကလေးကို လည်ပြန်ငေးကြည့်မိစဉ် စိတ်ထဲတွင် ၀မ်းနည်းမှုအချို့ ယှက်သန်းလာခဲ့သည်ကို သတိရမိသေးသည်။ အိပ်တန်းတစ်ခုကို ထာဝရ စွန့်ခွါ ရတော့ မည့် ငှက်တစ်ကောင်၏  ခံစားချက်ဖြစ်ကြောင်း ထိုစဉ်က သူ နားမလည်ခဲ့ပါ။

          ရထားကြီးတစ်စီးက သူ့ကို အိမ်မှဝေးရာဆီသို့ သယ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။  ဇာတိရွာ ကလေးမှ ပထမဆုံး ထွက်ခွာခဲ့ရခြင်းဖြစ်သော သူ့အတွက် ထိုရထားကြီး၏ ဥသြသံသည်ပင် ပထဆုံး ကြားဖူးသော ရထား ဥသြသံဖြစ်သည်။ အက်ကွဲရှတသော ရထားသြဥသံသည် ရထားတစ်စင်း၏ ငိုသံ ဖြစ်နိုင်ကြောင်း ကိုလည်း ထိုစဉ်က သူ မတွေးမိခဲ့ပါ။

ရထားဘူတာအနီးတွင် လှည်းတစ်စီး ဖြတ်မောင်း သွားသည်ကိုလည်း သတိရမိသည်။ လှည်းပေါ်တွင် ၀က်တစ်ကောင်ကို ကြိုးများဖြင့် ချည်နှောင်လျက်သား သယ်ဆောင် လာကြသည်။ စူးစူးနစ်နစ် အော်ဟစ်နေသော ၀က်အော်သံကြောင့် ကြားရသူတိုင်း နားမခံနိုင်အောင်ပင် ဖြစ်ကြရ၏။

သူကတော့ တရွေ့ရွေ့ ထွက်ခွါလာသော ရထားပေါ်တွင် ပျော်ရွင်တက်ကြွစွာပင် လိုက်ပါ သွားခဲ့ ပါသည်။ ရထားသံ တဂျူန်းဂျူန်း အောက်တွင် ထိုစိတ်ပျက်ဖွယ်ရာ ၀က်အော်သံကို သူ မကြားရတော့ပါ။ ထိုစဉ်က သူ့ဆီတွင် တစ်စုံတစ်ခုအပေါ် ယုံကြည်မှုများ အခိုင်အမာ ရှိနေခဲ့သည်ဟုထင်၏။

          တစ်နေ့က သူ၏ ငယ်သူငယ်ချင်း တစ်ယောက်နှင့် လက်ဖက်ရည်ဆိုင်တွင် ဆုံဖြစ်ကြသည်။

          "လင်းဝေ..မင်းအိမ်ပြန်ဖြစ်သေးလား"

          ထိုမေးခွန်းမှာ သူတို့သူငယ်ချင်းများ တစ်ယောက်နှင့်တစ်ယောက် မတွေ့တာကြာမှ ပြန်တွေ့ ကြလျှင် မေးဖြစ်ကြသော မေးခွန်းတစ်ခုဖြစ်သည်။

          "မပြန်နိုင်ပါဘူးကွာ"

          သူ တိုးညင်းညင်သာစွာ ပြန်ဖြေ လိုက်သည်။ တကယ်တော့ အားအင်ကင်းမဲ့စွာ သူ၏စကားသံများ တိုးတိမ် နေခြင်းပင် ဖြစ်ပါသည်။

စီးကရက်တစ်လိပ်ကို ကောက်၍ရှိုက်ဖွာရင်း တလွင့်လွင့် ဝေ့၀ဲသွားသော မီးခိုးငွေ့တွေထဲမှာ တစ်စုံတစ်ခုကို တွေ့လိုတွေ့ငြား သူ ငေးမောကာ လိုက်ရှာ ကြည့်နေမိသည်။ ထို တစ်စုံတစ်ခုသည် မည်သည့် အရာဖြစ်ကြောင်းကိုမူ သူ သေသေချာချာ မသိပါ။ ထိုသို့ ဘာမှန်းမသိသော အရာများကို ရှာဖွေဖို့ ကြိုးစား နေရင်းဖြင့်ပင် သူ့လက်ထဲမှ စီးကရက်သည် တစ်ဝက်နီးပါး လောင်ကျွမ်း သွားခဲ့ပြီ။ ထို့နောက် စီးကရက်ကို ပြာခြွေခွက်ထဲသို့ ထိုးချေလိုက်ကာ သူငယ်ချင်း၏ မျက်နှာကို စိုက်ကြည့်ရင်း (သူ စကားပြော လျှင် တခြားသူ၏မျက်လုံးများကိုစိုက်ကြည့်ပြီးပြောလေ့ရှိသည်)-

          "တကယ်တော့အိမ်ပြန်တယ်လို့တောင် ပြောလို့မရတော့ဘူးကွ၊
          အိမ်ကို အလည်သွားတယ်လို့တောင် ပြောရတော့မလို ဖြစ်နေပြီ။
မင်းတို့ငါတို့ငယ်ငယ်က အတူတူကစားရင်း  မိုးချုပ်လာလို့
ကိုယ့်အိမ်ကို ပြန်ခဲ့ကြရသလိုမျိုး မဟုတ်တော့ဘူးလေ"

          သူငယ်ချင်းက သူ့ကို ဘာမှပြန်မပြောတော့ဘဲ လက်ဖက်ရည်ဆိုင်ရှေ့တွင် ဆိုင်ရှင်ဖြစ်သူ၏ သားလေးနှင့် အခြားကလေးတစ်ယောက် ဆော့ကစားနေကြသည်ကိုသာ ငေးကြည့်နေသည်။

          တစ်ချိန်တုန်းက သူတို့ သူငယ်ချင်းနှစ်ယောက်သည်လည်း ကစားဖော်ကစားဖက် တွေ ဖြစ်ကြ သည်။ ထိုစဉ်က အနီးနားဝန်းကျင်မှ အခြား သူငယ်ချင်း တစ်ယောက်၏ အိမ်သို့ သွားရောက်ကာ သူတို့ အတူတူ ကစားကြသည်။ မိုးချူပ်လာသောအခါ "အိမ်ပြန်တော့မယ် " ဟုပြောကာ သူတို့ ကိုယ်စီ ကိုယ်စီ ကိုယ့်အိမ်ကို ပြန်ကြရသည်။ ထို ငယ်ဘ၀နေ့စွဲများမှ အိမ်ပြန်ခြင်း၏ အဓိပ္ပါယ်သည် ယခုအခါ အမှည့်လွန် သစ်သီးတစ်လုံးသာ ဖြစ်နေလေပြီ။

"တက္ကသိုလ်တက်ဖို့ ငါတို့အိမ်က ထွက်လာခဲ့ကတည်းက တဘ၀စာ အပြီးအပိုင် ထွက်ခွာ ခဲ့ရတာ ပဲကွ၊အခု ငါတို့ရဲ့အိမ်ကို ငါတို့ရှာဖွေရတော့မယ်။ နယ်မြေသစ်တစ်ခုမှာ အိပ်တန်းတစ်ခုကို ငါတို့ တည်ဆောက်  ရတော့မယ်။ တကယ်တော့ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နိယာမတစ်ခုပါပဲလေ"

          ကလေးများကို ငေးကြည့်နေရင်း ရုတ်တရက် ပြောလိုက်သော သူငယ်ချင်း၏ စကားသံကြောင့် သူ့စိတ်များ ဖြန်းခနဲ အက်ကွဲသွားသလို ခံစားလိုက်ရသည်။ သူတစ်ခုခုပြန်ပြောဖို့ ဟန်ပြင်လိုက်စဉ်မှာပင် လက်ဖက်ရည်ဆိုင်ရှေ့တွင် ရပ်ထားသော ထီလှည်းမှ ရုတ်တရတ်ဖွင့်လိုက်သော သီချင်းသံကြောင့် ခေါင်းကိုသာ  အသာညိတ်ပြလိုက်မိပါသည်။

          "အပူအပင်ကင်းတဲ့ ကလေးလေးဘ၀ကို တစ်ခါပြန်ပြီးရချင်သေးတယ်..
          အပြစ်မရှိသေးတဲ့ ကလေးလေးဘ၀ကို တစ်ခါပြန်ပြီးရချင်သေးတယ်..."

          နောက်ဆုံး သူငယ်ချင်းနှင့်သူ လက်ဖက်ရည်ဆိုင်မှအပြန် လမ်းခွဲကြသောအခါ "ငါ အိမ်ပြန်တော့မယ်" ဟု သူ မပြောဖြစ်ခဲ့တော့ပါ။ သူ၏ သူငယ်ချင်းသည်လည်း မှီခိုနေထိုင်ရာ ဘုန်းကြီးကျောင်းဆီသို့ ရောက်မည့် ဘက်စ်ကား မှတ်တိုင်ရှိရာဆီ တရွေ့တရွေ့ ထွက်ခွာသွားလေသည်။

          ထိုနေ့က သူ ငှားရမ်း နေထိုင်ရာအဆောင်သို့ ပြန်ရောက်ချိန်တွင်မူ အဆောင်တံခါးကို ပိတ်ထား လေပြီ။         ။

                                                                   လင်းဝေအိမ်

04 June 2012

"အခန်း -၂၃"

လက်ကိုပြန်ဆွဲထုတ်လို့မရတော့
ပုလင်းကိုပဲရိုက်ခွဲလိုက်ရမလား
လက်ထဲမှာဆုပ်ကိုင်ထားမိတဲ့ သကြားလုံးလေး
ချွေးစတွေ ၊ စိုစွတ်မွန်းကြပ်
မှောင်လွန်းတော့လည်း
တစ်ယောက်နောက်ကျောကိုပဲတစ်ယောက်မြင်ကြတဲ့မြို့ကြီးလေ
ကိုယ့်ခလုပ်ကိုယ်နှိပ်ပြီး ပိတ်ပစ်လိုက်တယ်
စိတ်တစ်ခုလုံးက လင်းပေးနေရတုန်းပဲ
ကြမ်းတမ်းတဲ့ကွေ့ကောက်ခြင်းတွေမရှိတော့ရင်လမ်းတွေဟာသေဆုံးသွားကြမယ်
ဒီကောင်းကင်ကြီးကိုဖာထေးဖို့ရင်ဘတ်တစ်စလုံးကို ဆွဲဆုတ်ပေးလိုက်ပါတယ်
ကမ်းစပ်တွေရဲ့ ကန့်သတ်ချက်မှာ
လှိုင်းတွေဟာ တ၀ုန်းဝုန်းအော်ဟစ်ရင်းသေဆုံးသွားကြရ
သံလမ်းတွေရဲ့ချုပ်နှောင်ခြင်းမှ ရုန်းထွက်ချင်တဲ့စိတ်
ရထားဟာ suicide လုပ်ပစ်လိုက်တယ်
လမ်းကိုလည်းကျွမ်းကျင်ပါစေ၊ ယာဉ်ကိုလည်း ကျွမ်းကျင်ပါစေ
ပန်းတိုင်တွေဟာ ဘယ်တုန်းကမှတော့ အမှန်တကယ်မရှိခဲ့ကြဘူး
ပြန်လမ်းမကြုံတဲ့ဓားတစ်ခက်ရဲ့ ၀တ်မှုန်တွေ၊ တဖွားဖွားကြွေကြွေကျ
အိမ်လွမ်းစိတ်ရဲ့ ရနံ့ဟာ သိပ်ကိုစူးရှလွန်းတယ် ညီမလေး
တိတ်ဆိတ်ခြင်းတွေအုပ်စိုးတဲ့တိုင်းပြည်၊ နာကျင်သံတွေ သိုသိုသိပ်သိပ်
တိတ်တိတ်လေးငိုကြရတဲ့အခါ ၊ မျက်ရည်သံတွေဟာဆူညံလွန်းတယ်
မြှားဦးတည့်တည့်ဆီ ချိန်ရွယ်လိုက်တဲ့ရင်ဘတ်များ၊
လိုအပ်ချက်တွေက လေးညှို့ကိုအဆုံးထိငင်လိုက်တယ်
ပြေးဝင်လာတဲ့ ကျည်ဆံတွေကို ခေါင်းငုံ့ရှောင်တိမ်း
လမင်းကြီးကို မော့ကြည့်ခွင့်မရတာ ကြာပြီ။


                                                                 လင်းဝေအိမ်(၀၄-၀၆-၂၀၁၂)

23 May 2012

"ဇာတ်ပွဲ"


 အတ္တစိတ်တည့်တည့်ဆီချိန်ရွယ်ပြီးပစ်လိုက်တာ
နိုင်ငံရေးက ကားယားကြီးကျလာတယ် 
လျှောက်တဲ့လမ်းကကြီးပြီး စီးတဲ့ဖိနပ်ကသေးနေရင် လမ်းကိုပဲကျဉ်းဖို့ကြိုးစားကြ
မနက်ဖြန်ဆိုရောက်ပါပြီလို့ရွတ်ရွတ်နေတဲ့ သာလိကာတွေကို စိတ်ပိန်တယ်
တီးလုံးတီးကွက်ကို ငြိမ်းချမ်းရေးသံခင်းပြီးမှ 
ကန့်လန့်ကာဖွင့်ရင် ဘီလူးက က မှာတော့မမြင်ချင်ဘူး
အသားလိုလို့အရိုးတောင်းတယ်
အရိုးလိုလို့အရိုးတောင်းတယ်
အရိုးပဲရမှာမို့လို့အရိုးတောင်းတယ်
ဆိုင်းသံဗုံသံကြားရင်ဘာမှန်းညာမှန်းမသိပဲကချင်တဲ့ကောင်တွေကခပ်များများ
အိပ်ပျော်နေသူအားလုံးကိုနှိုးလိုက်ကြပါ
တရေးနိုးတဲ့အခါမှာတော့ တရေးရေးပဲမြင်နေရတဲ့ငှက်ကလေးလည်းနိုးနေစေချင်တယ်
လူကြီးမင်းတို့စီးနင်းလိုက်ပါလာသော အနှေးလေယာဉ်ဟာ 
အတိအကျခန့်မှန်း၍မရတဲ့အချိန်မှာလေဆိပ်ကိုဆင်းသက်ပါမယ်
အပြင်မှာ ရာသီဥတုအခြေအနေဆက်လက်ဆိုးရွားနေပါသဖြင့်
မိမိတို့ထိုင်ခုံတွင်ပြန်လည်နေရာယူ၍ခါးပတ်များကိုပတ်ထားကြပါ............
ထိုင်နေလို့တော့ဘာမှဖြစ်မလာဘူး
အိပ်မက်ထဲမှာ သီချင်းသံသဲ့သဲ့ကြားမိတယ်
"ကန့်လန့်ကာကြီးရယ်နေပါဦးကလို့ကောင်းနေတုန်း.."
ထွီ...
အဲဒီအိပ်မက်ကိုမသေမချင်းကြိုးပေးသတ်ပစ်ကြစမ်းကွာ။            ။

                                                                                   လင်းဝေအိမ်
                                                                                   ရယ်စရာမဂ္ဂဇင်း၊ ဇူလိုင်လ၊၂၀၁၂

16 May 2012

"သစ္စာ"

သစ္စာတရားတစ်ခွက်ပေးစမ်းဗျာ  ရေမရောနဲ့
အရက်ကောင်းရင် အမြည်းမလိုပါဘူး ဒီမှာဟေ့လူ
ယဉ်ယဉ်ကျေးကျေးမူးတတ်တဲ့ အရက်သမားဟာ သီလအစင်ကြယ်ဆုံးသတ္တဝါပဲဗျ
အခု ကျွန်တော့်ကိုတွဲဦး ကျွန်တော်သောက်ခဲ့တာအရက်မစစ်ဘူး
ဟေ့လူ ခင်ဗျားဘယ်တော့ ဘယ်တော့မှ ဥသြမဆွဲနဲ့
ယုံယုံကြည်ကြည် သောက်ခဲ့တဲ့ အရာတွေကို ဘယ်အာရုံပဲ အမိန့်ပေးပေး အန်မထုတ်နဲ့
အဲဒါဟာ လူသားအားလုံးလိုက်နာသင့်တဲ့ အခြေခံဥပဒေပဲ
မြို့လယ်ခေါင်တိုက်ခန်းက အိပ်ယာလေးဆီကို
လူကြုံပါးပေးစမ်းဗျာ အဲဒီမှာ ဂုတ်သွေးစုပ်မယ့်ကြမ်းပိုးတွေ
သိပ်များလွန်းတယ် ဒီည ကျွန်တော် ရွာပြန်အိပ်မယ်
မိုးလင်းပြီ ဒါပေမယ့် မိုးမလင်းသေးဘူး အိပ်နေတယ်
မိုးလင်းမှ အိပ်ယာထရမယ်ဆို ကျွန်တော်ရန်ကုန်မပြန်တော့ဘူးအမေ
အဖေလယ်ထဲဆင်းပြီလား ကျွန်တော့်ကဗျာလေးကို လှည်းပေါ်တင်ခေါ်သွားဗျာ
ဒီကောင့်ပန့်ဆံပင်ကို ရွာနံ့မပျောက်အောင် ရွှံ့နည်းနည်းလူးပေးလိုက်
ဘုံဆိုင်လေးတွေကိုရွှေချကြစမ်းပါ
အဲဒါ သီလစင်ကြယ်သူတို့ရဲ့ ဗိမာန်ပဲ ညီမလေးရဲ့
ကျွန်တော့်ကိုအရက်တစ်ခွက်ပေး ကျွန်တော် အရက်တစ်လုံးပြန်ပေးမယ်
(ဟေ့ လူတွေ...) ဘယ်တော့ ဘယ်တော့မှ ရေမရောကြေးဗျာ။      ။


                                                     လင်းဝေအိမ်
                                                    မေလ၊ ခရမ်းရိပ် အနုပညာမဂ္ဂဇင်း
(ခရမ်းရိပ် မဂ္ဂဇင်းကို ဒီမှာ သွားဖတ်နိုင်ပါတယ်။ )

12 May 2012

"ငြိမ်းချမ်းရေး"

့
ကျည်ဆံမှာ သခင်မရှိဘူး
သေနတ်မှာ ဘက်မရှိဘူး
လက်နက်ဆိုတာ သေခြင်းကလွဲပြီး ဘာမှမဖန်ဆင်းနိုင်တဲ့နတ်ဆိုးပဲ
ပန်းပွင့်လေးတွေကို ယမ်းငွေ့နဲ့ပျိုးလို့ရမတဲ့လား
စစ်ပွဲတွေဟာ ဘယ်ရထားပြောင်းစီးစီး သေခြင်းတရားမှာပဲဂိတ်ဆုံးတယ်
အားလုံး အားလုံး ရပ်လိုက်ကြဗျာ
မုန်တိုင်းထန်ထန်ပင်လယ်မှာ  သင်္ဘောအိုအိုကြီး ခရီးဆက်မယ်
ကျေးဇူးပြု၍ လူကြီးမင်းတို့၏လက်နက်များကို ကုန်းမြေပေါ်တွင်စွန့်ပစ်ခဲ့ကြပါ
ပန်းတိုင်ဟာ ငါတို့ကိုစောင့်နေတယ်။     ။

                                                                လင်းဝေအိမ်(၁၉-၀၃-၂၀၁၂)
                                     
                                                    လမ်းပြကြယ်စာကြည့်တိုက်(စင်္ကာပူ) ၅နှစ်ပြည့်မဂ္ဂဇင်း

"ဟယ်လို...အမေ...ကြားလား"


ဟယ်လို...အမေ...ကြားလား
ခေတ်က အဆိုးဆုံးကိုဖြတ်သန်းခဲ့ပြီးပြီတဲ့
ခေတ်ဟာ အကောင်းဆုံးကိုဦးတည်နေသတဲ့
ခေတ်မှာတော့ ပိုက်ဆံရှိတဲ့သူဇာတ်လိုက်ဖြစ်နေဆဲပါ အမေ။

ဟယ်လို...အမေ...ကြားလား
စားဝတ်နေရေးဆိုတဲ့မြစ်က ရေစီးသိပ်သန်တယ်
သမီးစောင့်ထိန်းခဲ့တဲ့ ကမ်းပါးယံလေးပြိုပါသွားမလား
ဟုတ်ကဲ့...အားတင်းထားပါတယ်။

ဟယ်လို...အမေ...ကြားလား
စက်ရုံတံခါးကိုတော့ပိတ်ထားကြတုန်းပဲ
ဆာလောင်ငတ်မွတ်မှုတံခါးကိုရော ပိတ်ထားလို့ရသလား။

ဟယ်လို...အမေ...ကြားလား
လှိုင်သာယာမှာ မိုးခေါင်ပြီ
ရွာမှာကျန်ခဲ့တဲ့ ပျိုးပင်လေးတွေရေငတ်တော့မှာပဲ။

ဟယ်လို...အမေ...ကြားလား
အလုပ်သမလေးတွေရေးတဲ့ အက္ခရာက စကားလုံးမဖြစ်ဘူးလား
အလုပ်သမလေးတွေဆိုတဲ့သီချင်းက ဂီတမဖြစ်ဘူးလား
အလုပ်သမလေးတွေ ကျတဲ့ မျက်ရည်ကတော့
မျက်ရည်စစ်စစ်ဖြစ်ပါတယ်အမေ။

ဟယ်လို...အမေ...ကြားလား
ငွေမဲ့ကြေးမဲ့သူတို့ ဆက်သွယ်ရေးမှာ
ဘယ်လောက်ပဲအော်ပြောပါစေ
တယ်လိုဖုန်းတွေကလိုင်းမမိဘူး အမေရယ်။

ဟယ်လို...
အမေ...
ကြားလား...။              ။

                                 နိုင်ကြီး


   လမ်းပြကြယ်စာကြည့်တိုက်(စင်္ကာပူ) ၅နှစ်ပြည့်မဂ္ဂဇင်း


02 May 2012

"ပျောက်ဆုံးခြင်း"



ငွေကြေးတို့ရဲ့ ရိတ်သိမ်းခြင်းမှာ အခါခါလည်စင်းပေးခဲ့ရသော ဖြူစင်မှုများ၊    ငယ်ငယ်တုန်းက
ကစားခဲ့တဲ့ ရွှံ့ရုပ်ညိုညိုလေးတွေဟာ ဘာဆေးရောင်မှခြယ်သမထားဘူး။ တူတူပုန်းနေတဲ့ငယ်
ဘ၀လေးကို ဘယ်တော့ မှရှာမတွေ့နိုင်တော့ပါဘူး။ ငါပန်းပေးပါတယ်၊   စိတ်လွတ်ကိုယ်လွတ်
ရယ်သံလေးရယ် ငါ့ဆီကိုပြန်လာပါလား။ ငါ့ရဲ့ကကြီးခခွေးလေးတွေဟာ ကျောင်းလွယ်အိပ်လေး
ထဲမှာပဲနေရစ်ခဲ့ကြရတယ်။ ပြန်ရေးခွင့်မရတဲ့ ပန်းချီကားလေးကိုပဲ ပြန်ပြန်ငေးကြည့်မိရင်း ငါ့မှာ
တော့အရောင်အတွဲအစပ်တွေ စုံခဲ့ရပါပြီ။ လမ်းအဆုံးမှာ ပန်းတိုင်ဟာစောင့်နေလိမ့်မယ်၊  လမ်း
အစမှာခြေထောက်နဲ့မတော်တော့တဲ့ဖိနပ်ကလေးကို ချွတ်ထားခဲ့လိုက်ရတယ်။  ဘယ်ကိုဆက်
သွားရမှာလဲ မသေချာတော့တဲ့အချိန်မှာ ငါလျှောက်နေတာ လမ်းဖြစ်ကြောင်း    သေချာသွားပြီ။
စာသင်ခန်းလေးက ငါ့နောက်ကို လိုက်မလာနိုင်ခဲ့ဘူး၊  သင်ခန်းစာလေးကိုငါကျောပိုးအိတ်လေး
ထဲမှာသယ်ဆောင် လာခဲ့ပါတယ်။ လက်ယာရစ်ပဲရေးရေး လက်ဝဲရစ်ပဲရေးရေး  ၀လုံးလေးတွေ
ကိုတော့ပိုင်းနေစေချင်တယ်။ မိတ်ဆွေအတုတွေက စကားလုံးအတုများနဲ့ပစ်ပေါက်ကြတဲအခါ
ငါ့မှာရင်ဘတ်အတုမရှိတာခက်တယ်။ ဆွဲအဖွင့်ခံလိုက်ရတဲ့  ဘီယာဗူးတစ်ဗူးလို နာကျင်သံတွေ
တစီစီနဲ့တုန်ယင်နေပါတယ်။ကိုယ့်ကိုယ်ကို ကြိုးပြန်ညှိနေရခြင်းမှာ ငါ့ဂီတဟာ ငါ့ကိုနားဝင်မချို
တာ့ဘူး။ ကူးခတ်နေရတာဟာ မြစ်တစ်စင်းမှဟုတ်ရဲ့လားလို့  တွေဝေနေချိန်မှာပဲ လှိုင်းတွေက
ငါ့ကိုဝါးမြိုခဲ့ပြီ။ယုံကြည်ချက်တစ်ခုခု ခိုင်မာလာခြင်းရဲ့ဘေးထွက်ဆိုးကျိုးအဖြစ်ငါ့စိတ်ကထိလွယ်
ရှလွယ်ဖြစ်လွန်းလာခဲ့တယ်။ 'မနေ့က'ဆိုတာဖြစ်ကတက်ဆန်းသေဆုံးခဲ့ရပြီးပြီ၊ ' ဒီနေ့'ကိုဘယ်
လိုမွေးမြူရမှာလဲ၊'မနက်ဖြန်'ဟာရှင်သန်နေနိုင်ပါ့မလား။ပိုက်ဆံအကြောင်းရေးရမယ့် အက်ဆေး
တစ်ပုဒ်ပါရင်ပဲ အဲဒီစာမေးပွဲကို ငါရှုံးပါတယ်။ ပြင်လွယ်ဖျက်လွယ်  စည်းကမ်းသတ်မှတ်ချက်တွေ
ကြားမှာ ထမင်းရည်ပူစည်းခဏခဏလောင်တယ်၊ဒီကစားပွဲကနေ ငါထွက်လို့မရဘူးလား။ ငှက်
ကလေးတစ်ကောင်ကိုလေးခွနဲ့ပစ်ပြီးခါမှ အဲဒီငှက်ကလေးဟာ ငါကိုယ်တိုင်ဖြစ်နေတာ သိလိုက်
ရတယ်။ အချိန်စေ့ကြောင်းသံချောင်းခေါက်သံကြား လိုက်ရချိန်မှာ  ငါ့အဖြေလွှာဟာ ဘာမှမရေး
ရသေးဘူး။ လမ်းတွေကတော့ဆက်သွားနေပါတယ်။ခြေထောက်တွေကိုရပ်ပြီး ငါ့နာမည်ကိုအော်
ခေါ်ကြည့်တယ်။ မိုးတွေရုန့်ရင်းကြမ်းတမ်းစွာရွာတယ်။ လမ်းတွေကဆက် သွားနေကြတုန်းပါပဲ။
ဘယ်သူမှပြန်မထူးဘူး။ ။



လင်းဝေအိမ်(30-04-2012)

23 April 2012

"ပုံပြင်(၁)"


ငါ့ဘ၀ သင်ပုန်းမှာ
ပထမဆုံးရေးခြစ်ခဲ့တဲ့ဝလုံးလေးပါပဲ
နင်ရယ်..။

လက်ရေးလက်သားညံ့သူ လူငယ်တစ်ယောက်ရဲ့စာမျက်နှာမှာ
နင် ဘယ်ပျော်နိုင်ပါ့မလဲလေ။

နင့်ခေါင်းပေါ်က ဆိပ်ဖလူးပန်းကုံးလေးကို
ငါ့ ပေတံအကျိုးလေးနဲ့တိုင်းတာကြည့်တယ်
မမှီပါဘူးကွယ်..။

လွယ်အိတ်အစုတ်လေးပိုက်ပြီး
နင့်အကြောင်းမက်တဲ့ အိပ်မက်လေးတွေ လိုက်လိုက်ကောက်ထည့်ဖူး
ငါဟာ
ကြယ်ပွင့်ခူးတဲ့ ကောင်ရူးလေးပါ
အလွမ်းဆူးတွေ စူးတယ်။

ငါ့စာအုပ်လေးကြားမှာ
နင့်ရယ်သံလွင်လွင်လေးကို သေသေသပ်သပ်ခေါက်သိမ်းထားတယ်
နင့်ကွန်ပါလေးထဲမှာ
ငါ့ကဗျာလေးတွေမရှိလောက်တော့ပါဘူး။

ကျောင်းဆင်းခေါင်းလောင်းထိုးပြီလေ
ဘ၀တံခါးကိုဖွင့်လိုက်ကြတယ်။

နင်သွားမယ့်လမ်းမှာ
ဆိပ်ဖလူးပန်းတို့ဝေပါစေ
ငါ........
ကျောင်းမုန့်ဈေးတန်းလေးမှာရပ်ပြီး ငေးကြည့်နေမယ်။   ။

                                                             လင်းဝေအိမ်

18 April 2012

“ကွဲကြေသွားသော မနက်ဖြန်များ..“

                                       










   (၁)


          သာမန်မနက်ခင်းတစ်ခုဖြစ်ပါတယ်။အရာအားလုံးကသမရိုးကျဖြတ်သန်းနေကြတဲ့ အဲဒီမနက်ခင်းမှာ ကျွန်တော့်အတွက်တော့ တစ်စုံတစ်ခုလိုအပ်နေခဲ့တယ်။တာဝန်ချိန်ရောက်လာကြောင်း သံချောင်းခေါက်သံ ကြားလိုက်ရတဲ့စစ်သားတစ်ယောက်လို အိပ်ယာထဲက ရုန်းထပြီး တိုက်ခန်းဝရန်တာလေးဆီကို ပြေးထွက် လိုက်မိတယ်။လုပ်နေကျ အကျင့်တစ်ခုကို အလိုအလျောက်လုပ်လိုက်သလိုမျိုး မျက်နှာချင်းဆိုင် အခန်းရဲ့ ၀ရန်တာလေးဆီကိုလှမ်းကြည့်လိုက်တယ်။

          စိတ်ထဲကို မနှစ်မြိုမှုတွေဟာ ပျို့ပျို့ပြီးတက်လာတယ်။ ဘာကြောင့် အဲဒီအခန်းရဲ့ ခန်းဆီးစတွဟာ အစိမ်းရောင်တွေဖြစ်နေရ တာလဲ။ကျွန်တော် အစိမ်းရောင်မကြိုက်ဘူးဆိုတာ သူမမေ့သွားခဲ့ပြီလား။အဲဒီတော့မှ ကျွန်တော်မှီထားတဲ့ တံခါးရဲ့ခန်းဆီးစလေးကိုအသေအချာပြန်ကြည့်မိတယ်။ကျွန်တော့် အခန်းရဲ့ ခန်းဆီးစ လေးတွေကတော့ အပြာနုရောင်လေးတွေပါပဲ။စိတ်တစ်ခုလုံးကာင်းကင်မှာ လွင့်မျောနေသလို ခံစားရမယ့် ခန်းဆီးစပြာပြာလေးတွေပါ..။ကျွန်တော်တို့နှစ်ယောက်စလုံး အပြာနုရောင်ကို သိပ်ကြိုက် ခဲ့တယ်ဆိုတာ ပြန်စဉ်းစားမိတယ်။သူမ တကယ်ပဲပြောင်းလဲသွားနိုင်ခဲ့ပြီလား..။အဖြေမရှိတဲ့မေးခွန်း တွေဟာ ရင်ဘတ်ကိုလာစိုက်ဝင်ပြီးမှ ပြန်ဆွဲနှုတ် လို့မရတဲ့ မြှားတံတွေပါပဲ။ဒါပေမယ့် အဲဒီမေးခွန်းတွေကို အကြိမ် ကြိမ် အခါခါ မေးနေမိတယ်။ယဉ်ပါးစပြုနေပြီဖြစ်တဲ့ နာကျင်မှုတွေဟာ ကျွန်တော့်ရဲ့သိလိုစိတ်ကို မတားဆီးနိုင် တော့ပါဘူး။

          အိပ်ယာထဲကရုန်းထွက်ခဲ့ပေမယ့် အိပ်စက်ခြင်းထဲက လွတ်လွတ်ကျွတ်ကျွတ် ရုန်းမထွက်နိုင်သေး တဲ့မျက်လုံးအစုံကို ခဏ လောက်မှိတ်ထားပေးလိုက်တယ်။စိတ်အာရုံထဲမှာတော့ အစိမ်းရောင်ခန်းဆီးစ တွေကတဖျတ်ဖျတ်လာရိုက်ခတ်နေတယ်။ မျက်လုံးတွေ ကို ပြန်ဖွင့်လိုက်တဲ့အခါမှာတော့ အဲဒီမြင်ကွင်းက ကျွန်တော့် မျက်ဝန်းတွေထဲကို တိတိကျကျကြီးဝင်ရောက်လာပါတယ်။ကျွန်တော် ဒီဝရန်တာမှာ ဆက်နေဖို့ မသင့်တော့ဘူးဆိုတာကို သိလိုက်ပြီ။ခန်းဆီးစ အပြာနုလေးတွေဟာ အဝေးကိုပြေးထွက်သွားကြရပြီပဲလေ။ အဲဒါကြောင့်ကျွန်တော့်စိတ်မှာ တစ်ခုခုလစ်လပ်နေတာပဲမဟုတ်လား ။တစ်စုံတစ်ခုဟာ သေချာသွားခဲ့ပါပြီ။

                                          (၂)




           “ဒီနေ့ အဖြေပေးမယ်ဆို“

           ကော်ဖီ ဆိုင်ထဲမှာထိုင်နေရင်း သူမကိုကျွန်တော်မေးလိုက်ပါတယ်။


           “ဘယ်တုန်းက ပြောမိလို့လဲ“


          သူမကကော်ဖီခွက်ကိုငုံသောက်နေရင်းမျက်လုံးလေးတွေကိုပင့်ကြည့်ပြီးပြုံးစစနဲ့ပြန်မေး တယ်။ကျွန်တော်ဘာမှပြန်မပြောဘဲသူမကိုပဲစိုက်ကြည့်နေလိုက်ပါတယ်။အချစ်ဆိုတာ ကျွန်တော့်ဘ၀ကိုတိုက် ခိုက်ဖို့ တိတ်တိတ်လေးခိုးဝင်လာတဲ့ ရန်သူဆိုတာအဲဒီအချိန်တုန်းကျွန်တော်သတိမထားခဲ့မိပါဘူး။


           “သူ့ကို ပြောထားရဦးမယ် ...အိမ်ကသင်္ဘောသားတစ်ယောက်နဲ့သဘောတူထားတာရှိတယ်၊

           ဒါပေမယ့် အဲဒီလူကြီးကိုမချစ်ဘူး“
           
          “ကိုယ် သိချင်တာအဲဒါမဟုတ်ဘူး“

          သူမက ကျွန်တော့်မျက်နှာကို မော့ကြည့်ပြီးပြုံးပြပါတယ်။တစ်ယောက်မျက်နှာတစ်ယောက် အကြာ ကြီးစိုက်ကြည့်နေကြရင်း သူမရဲ့နှုတ်ခမ်းလေးတွေကြားက စကားသံတိုးတိုးလေးကြားလိုက်ရတယ်။


          “မောင်..လို့ခေါ်မယ်နော်“


          ရုတ်တရက် အလစ်ဝင်တိုက်ခံလိုက်ရသလိုကျွန်တော် မှင်သက်သွားခဲ့ပါတယ်။ကျွန်တော်သတိထား မိချိန်မှာတော့ ကျွန်တော့်ရင်ဘတ်တစ်ခုလုံး ကျရှုံးသွားခဲ့ပါပြီ။ကျွန်တော်တို့နှစ်ယောက်ကြားမှာ ချစ်တယ် ဆိုတဲ့စကားတစ်ခွန်းတောင်မလိုအပ်ခဲ့ကြပါဘူးလေ။

          “အရက်သောက်တတ်လား..ဟင်“


          ကျွန်တော်ခေါင်းကိုပဲညိတ်ပြလိုက်မိတယ်ထင်ပါတယ်။


          “အင်းပေါ့လေ ယောင်္ကျားလေးပဲ။အတူနေရင်တော့ မောင် မသောက်ရဘူးနော်“


          ဘ၀တစ်ခုတည်ဆောက်ဖို့ အချစ်ဟာ ဘယ်အတိုင်းတာအထိ လိုအပ်သလဲဆိုတာငြင်းခုံကြရင်း ကျွန်တော်တို့နှစ်ယောက် နေ့ရက်ပေါင်းများစွာကိုဖြတ်သန်းခဲ့ကြပါတယ်။သူမ မေးတဲ့မေးခွန်း တစ်ချို့ ကို တော့ကျွန်တော်မဖြေနိုင်ခဲ့ပါဘူး။

          “မောင်... တို့နှစ်ယောက်ရဲ့ အနာဂတ်အတွက်ဘာတွေစီစဉ်ထားပြီးပြီလဲ“

          အဲဒီမေးခွန်းကိုကြားလိုက်ရတိုင်း ကျွန်တော်တစ်နေရာရာကိုပဲစိုက်ကြည့်နေခဲ့မိတယ်။ကျွန်တော့် ဘ၀မှာ အဖြေမရှိသေးတဲ့မေးခွန်းတွေသိပ်များနေပြီလား..။

          “အိမ်က အတင်းအကျပ်စီစဉ်လာရင်တော့ မောင့်နောက်ကို လိုက်ခဲ့မယ်နော်“


         သက်ပြင်းတိုးတိုးလေးကိုခိုးချပြီး ကျွန်တော်စီးကရက်ကိုပဲရှိုက်ဖွာနေလိုက်မိတယ်။တလွင့်လွင့်ဝေ့၀ဲ နေတဲ့စီးကရက်မီးခိုးငွေ့လေးတွေကိုအဓိပ္ပါယ်မဲ့လိုက်ငေးနေမိတယ်။အဲဒီစီးကရက်မီးခိုး ငွေ့လေးတွလို ပဲ ကျွန်တော့်ဘ၀ကလည်း ဘယ်အချိန်ထိ ရည်ရွယ်ချက်ကင်းမဲ့စွာ လွင့်မျောနေရဦးမှာလဲ။


                                            (၃)




          "မောင်..."

          ကြားနေကြခေါ်သံတစ်ခု အနေနဲ့ အဲဒီစကားလုံးလေးနားထဲကိုစီးဝင်လာခဲ့ပေမယ့် ခံစားမိနေကြ စိတ်ချမ်းမြေ့မှုလေးက ကျွန်တော့်ရင်ဘတ်ထဲကို စိမ့်ဝင်မလာတော့ဘူး။ကျွန်တော်ရှေ့တည့်တည့်ဆီကိုပဲ စိုက် ကြည့်နေမိတယ်။ ကျွန်တော်တို့ရပ်နေကြတဲ့ မြက်ခင်းလေးဆီကို အရှေ့က ကန်ရေပြင်ထဲက လှိုင်းဂယက် လေးတွေပြေးတက်လာဖို့ကြိုးစားနေကြတယ်။သူတို့ မြက်ခင်းဆီ ကိုပြေးတက်လာတယ်။ပြီးရင်ပြန်လျှော ဆင်းသွားကြရတယ်။ကျွန်တော်ဟာ ကမ်းစပ်တစ်ခုရဲ့ကန့်သတ်ချက်ကိုကျော်လွန်ခွင့်မရှိတဲ့ ရေကန်ထဲက လှိုင်းဂယက်လေးပဲလား..။


          “မောင်.... မေးနေတယ်လေ၊ ဆုံးဖြတ်ပြီးပြီလားလို့“


          စိတ်မရှည်တော့တဲ့ လေသံနဲ့သူမ ကျွန်တော့်လက်မောင်းကို ကိုင်လှုပ်ပြီးတော့ မေးတယ်။ဒါလည်း သူမရဲ့ အမူအကျင့်တစ်ခုပါပဲ။သူမ ဘာမေးလိုက်တယ်ဆိုတာကျွန်တော်မကြားလိုက်မိဘူး။ဒါပေမယ့် သူမ မေးမှာကို ကျွန်တော်သိနေပါတယ်။စကားလုံးတွေဟာ ကျွန်တော်တို့နှစ်ယောက်အတွက် ဘယ်တုန်းကမှ မလိုအပ်ခဲ့ပါဘူးလေ။တစ်ယောက်ရင်ထဲကို တစ်ယောက်မြင်နေကြရတာပဲ။ ဒါပေမယ့် အခု စကားလုံးတွေ ကိုကျွန်တော်အသုံးပြုရတော့မယ်။ရင်ထဲက ခံစားချက်တွေကို ဖုံးကွယ်ဖို့အတွက် စကားလုံးတွေကို ကျွန်တော်တို့ လိုအပ်လာခဲ့ပါပြီ။


          သူမရဲ့မျက်ဝန်းတွေထဲကိုစိုက်ကြည့်နေလိုက်မိတယ်။ဒါဟာ ကျွန်တော့်ရဲ့အမှားပဲ။သူမရဲ့မျက်ဝန်းတွေကို ရင်ဆိုင်နိုင်ဖို့ အသင့် မဖြစ်သေးဘူး ဆိုတာကို ကျွန်တော်သတိမေ့သွားတယ်။သူမရဲ့ မျက်ဝန်းထဲက စကားလုံးတွေဟာ ကျွန်တော်ပြောဖို့ရည်ရွယ်ထားတဲ့ စကားလုံးတွေကို ဖျက်ဆီးပစ်ဖို့ကြိုးစားကြတယ်။ကျွန်တော့်အကြည့်ကို သူမဆီကနေ အမြန်ရုပ်သိမ်းလိုက်ရတယ်။ကျွန်တော့်မှာအဲဒီ စကားတွေကိုပြင်ဆင်ဖို့ အခွင့်အရေးမရှိဘူးလေ။အဝေးက သစ်ပင်စုစုလေးတွေဆီကိုလှမ်းငေးရင်းကျွန်တော် စကားလုံးအချို့ကို ရေရွတ်လိုက်တယ်။


          "ဒီကိစ္စကို မောင် မဆုံးဖြတ်ဘူး။ဒါပေမယ့် ကံကြမ္မာရဲ့ဆုံးဖြတ်မှုကို မောင်တို့လက်ခံရလိမ့်မယ်။

          ကံကြမ္မာကိုတွန်းလှန်ဖို့ အသင့်ဖြစ်မနေသေးတာကို မောင့်အပြစ်လို့ပဲသဘောထားလိုက်ပါ။"

          သူမရဲ့ညာဘက်နှုတ်ခမ်းထောင့်လေးအပေါ်ကိုကွေးတက်သွားမယ်ဆိုတာ ကျွန်တော်လှည့်မကြည့်  မိပေမယ့်သိလိုက်ပါတယ်။
          ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားတယ်။ကမ်းစပ်ကို လှိုင်းပုတ်သံ တဖျက် ဖျက်ကလွဲရင် အရာအားလုံးဟာ ၀မ်းနည်း  ကြေကွဲမှုကို တိတ်ဆိတ်ခြင်းနဲ့ ဖော်ပြနေ ကြသလား..။သူမရော ငိုနေမလား။ကျွန်တော်ရော...။
          သူမဆီက လှုပ်ရှားသံသဲ့သဲ့ကြားလိုက်ရတယ်။နောက် ခြေသံဖွဖွလေးကိုကြားရတယ်။ ခြေသံလေး တွေက တဖြည်းတဖြည်း တိုးတိုးသွားတယ်။သူမ တရွေ့ရွေ့ထွက်ခွာသွားခဲ့ပြီလေ။ဝေးကွာခြင်းက တရွေ့ရွေ့ ရောက်လာခဲ့ပါပြီ။
           ဘယ်ဘက်ပခုံးမှာလွယ်ထားတဲ့လွယ်အိပ်ရဲ့ကိုင်းကြိုးလေးကိုပဲကျစ်ကျစ်ပါအောင်ဆုပ်ထားမိတယ်။ကျွန်တော်မှာဆုပ်ကိုင် ထားခွင့်ရတာဆိုလို့ သူမလက်ဆောင်ပေးခဲ့တဲ့ဒီလွယ်အိပ်လေးပဲရှိပါတော့တယ်။ရေကန်ထဲက လှိုင်းဂယက်လေးတစ်ချို့ မြက်ခင်းဆီ ကိုပြေးတက်လာကြပြန်တယ်။ဒါပေမယ့်ကမ်းစပ် ကို သူတို့မကျော်ဖြတ်နိုင်ကြရှာပါဘူး။
          ရေးလက်စကဗျာအပိုင်းအစလေးက စိတ်ထဲမှာပေါ်လာတယ်။

          “မျက်ရည်စက်တွေ တဂျုန်းဂျုန်းခုတ်မောင်းသွားပြီးတဲ့နောက်..........“

          ကျွန်တော် ဒီကဗျာကို အဆုံးသတ်ဖို့တော့လိုလာပါပြီ။ဒါပေမယ့် အချိန်ဘယ်လောက်ကြာကြာ

ကြိုးစားရဦးမလဲဆိုတာကိုတော့ ...။      


                                             (၄)




          “ချီးယား“

          “မိန်းမနဲ့ငွေ ပေါပေါသုံးရပါစေဗျား..“

          တရှိန်ထိုးမော့လိုက်တဲ့ အရက်တွေက လည်ချောင်းထဲကိုပူဆင်းသွားတယ်။နောက် အစာအိမ်ထဲကို ပူပူနွေးနွေးနဲ့ တဖြည်းဖြည်း စီးဝင်သွားတာကို ခံစားလိုက်ရတယ်။ကျွန်တော်နောက်ထပ် အရက်တစ်ခွက် ထပ်ငှဲ့လိုက်တယ်။

          “ဟေ့ကောင် လင်းဝေ၊ လူလိုသောက်ပါဟ“

           ဇော်လွင်ရဲ့စကားကိုဘာမှပြန်ပြောမနေဘဲအရက်ခွက်ကိုရနည်းနည်းစွက်ပြီးထပ်မော့ လိုက်တယ် ။ဇော်လွင်ကအရက်ဆက် မသောက်ဘဲ ကျွန်တော်ကိုစိုက်ကြည့်နေတယ်။ပြီးမှ-

          “ဒီမှာလင်းဝေ၊မင်းလည်းဆင်ခြင်ဦး။အလုပ်ကမယ်မယ်ရရမရှိ။ အရက်တော့နေ့တိုင်းသောက်။ 
          ဒီလိုလေလွင့်နေဖို့ မင်းမိဘက မင်းကိုရန်ကုန်လွှတ်တာမဟုတ်ဘူးနော်“

           “အေးပါကွာ၊ မင်းကလည်း သောက်မှာသောက်စမ်းပါ။“


           “မင်းမိဘကမင်းကိုဘွဲ့ရအောင်ပညာသင်ပေးခဲ့ပြီးပြီ။သူတို့တာဝန်ကျေပြီ။           

            မင်းတာဝန်ကျေဖို့ပဲ လိုတော့တယ်။“

           “ဒီမှဇော်လွင်၊ငါ့ပညာအရည်အချင်းကိုအဲဒီသုံးစားမရတဲ့ဘွဲ့ဆိုတာကြီးနဲ့ မတိုင်းတာစမ်းပါနဲ့။

            ငါ့မိဘ တွေတာဝန်ကျေခဲ့ပြီဆိုတာမှန်တယ်။ငါလည်း တာဝန်ကျေချင်တာပေါ့ကွာ“

           အဲဒီနေ့ အရက်ဆိုင်ကထွက်လာတော့ ကားမှတ်တိုင်မှာအကြာကြီးရပ်နေမိတယ်။ ကားတွေတစ် စီးပြီးတစ်စီး ဖြတ်သွားကြ တာကိုငေးနေမိတယ်။ကျွန်တော့်ဘ၀ကိုရော ဘယ်လိုမောင်းနှင်ရမလဲ။ ဘယ်ဆီ ကိုမောင်းနှင်ရမလဲ။ဘယ်သူတွေကို သယ်ဆောင်သွား ပေးနိုင်မလဲ။မေးခွန်းတွေ အများကြီး ကျွန်တော့်ရင်
ဘတ်ကို စူးဝင်လာကြတယ်။နာက်ဆုံး  အရမ်းဥာည့်နက်လာချိန်မှာတော့ ရင်ဘတ်မှာစိုက်ဝင်နေတဲ့ မေး ခွန်းတွတန်းလန်းနဲ့ပဲ ကျွန်တော့် အိပ်ယာလေးဆီကို ဒယီးဒယိုင် လမ်းလျှောက်ပြီးပြန်လာခဲ့ပါတယ်။       

                                          (၅)


          ရင်ဘတ်တစ်ခုလုံးပူလောင်နေတယ်။ရေအရမ်းသောက်ချင်နေတယ်။ခေါင်းရင်းကရေပုလင်း ကို လက်နဲ့လှမ်းစမ်းလိုက်တယ်။ရေပုလင်းထဲမှာ ရေကနည်းနည်းလေးပဲရှိနေတယ်။အိပ်ယာပေါ်မှာ ပက်လက် လှန်နေရင်းနဲ့ပဲအဲဒီရေနည်းနည်းလေးကို အငမ်းမရမာ့ချလိုက်တယ်။မျက်လုံးကိုဖွင့်လိုက်တာနဲ့ခေါင်းက  ပိုပြီးမူးရိပ်ရိပ်ဖြစ်လာတာနဲ့ ပြန်မှိတ်ထားလိုက်ရတယ်။


           မျက်လုံးကိုမှိတ်ထားရင်းနဲ့ ရေးနေတဲ့ကဗျာအပိုင်းအစလေးကို တိုးတိုးလေးရွတ်ဆိုကြည့်မိတယ်။


          “မျက်ရည်စက်တို့ တဂျုန်းဂျုန်းခုတ်မောင်းသွားပြီးတဲ့နောက်..........“


          အဲဒီနောက်ဘာဆက်ရေးရမလဲ စဉ်းစားနေရင်း ခေါင်းထဲဝင်လာတဲ့စာကားလုံးလေးတွေကို စိတ်ထဲမှာချရေးကြည့်လိုက်တယ်။


           “မျက်ရည်စက်တို့ တဂျုန်းဂျုန်းခုတ်မောင်းသွားပြီးတဲ့နောက်

            အားလုံးကို ဒီဘူတာလေးမှာပဲ ထားခဲ့လိုက်ကြရတော့မယ်“

          တကယ်ပဲအားလုံးကို ထားခဲ့လိုက်ကြရပြီလား။ အဲဒီကဗျာလေးကို ထပ်ခါထပ်ခါ ရွတ်ကြည့်နေရင်း စိတ်ထဲမှာ နည်းနည်းတော့ပေါ့သွားသလို ခံစားလိုက် ရတယ်။ခဏလောက်ဆက်မှေးနေလိုက်ပြီးတော့ နည်းနည်းသက်သာလာတာနဲ့ ဂစ်တာတီးချင်စိတ်ပေါ် လာတယ်။


          နေ့တစ်နေ့ရဲ့အစမှာ လုပ်နေကျတာဝန်တစ်ခုအနေနဲ့ ထူးအိမ်သင်ရဲ့ “ချစ်တိုင်းလည်းမညား“ သီချင်းကို ဂစ်တာတီးပြီညည်းရဦးမယ်လေ။ဂစ်တာချိတ်ထားနေကျ နံရံပေါ်လှမ်းကြည့်လိုက်မိတယ်။အဲဒီမှာ ဂစ်တာကရှိမနေဘူး။ညကတောင် အရက်သောက်ရင်းတီးခဲ့သေးတာပဲ။ ကျွန်တော်ပြန်စဉ်းစားတယ်။ ဘယ်မှာ ထားခဲ့လိုက်မိပါလိမ့်။မှတ်ဥာဏ်ကိုမနည်းပြန်ပုံဖော်နေရင်း မျက်လုံးကအခန်းထောင့်ကို ရောက် သွားတယ်။


           ကျွန်တော့်အမြင်အာရုံကို ကျွန်တော်မယုံနိုင်အောင်ဖြစ်သွားတယ်။ကျွန်တော်အရမ်းမြတ်နိုးခဲ့ရတဲ့ ဂစ်တာလေး ရဲ့ ကျိုးပဲနေတဲ့အပိုင်းအစတွေက အခန်းထောင့်မှာပုံလျက်သား..။ရင်ဘတ်တစ်ခုလုံးအောင့် ကနဲ ဖြစ်သွားတယ်.။စိတ်ထဲမှာအရမ်းဝမ်းနည်းလာတယ်။ဒေါသစိတ်က ဆူပွက်လာတယ်.။တစ်စုံတစ် ယောက်ရဲ့ ရိုက်ခွဲမှုအောက်မှာ ကျွန်တော့်ဂစ်တာလေး တစ်စစီကြေမွပျက်စီးသွားခဲ့ရပါလား။ကျွန်တော့် ဂစ်တာလေးကိုဘယ်သူ ရိုက်ခွဲလိုက်တာလဲ။မျက်လုံးကိုမှိတ်ပြီး မှတ်မိသလောက်ပြန်စဉ်းစား ကြည့်တယ်။ ဘာကိုမှစဉ်းစားလို့မရဘူး။ညက မူးမူးနဲ့ ကျွန်တော်ကိုယ်တိုင်ပဲ ဂစ်တာလေးကို ရိုက်ခွဲခဲ့မိ တာလား။ ဘာတစ်ခုမှ မသေချာပါဘူး။


          ဒါပေမယ့် သေချာတာတစ်ခုကတော့ တစ်စုံတစ်ယောက်ဟာကျွန်တော့်ရဲ့မနက်ဖြန်တွေကို ရိုက်ခွဲပစ်ခဲ့ပါပြီ။ ။


                                                                                      လင်းဝေအိမ်(၁၈-၀၄-၂၀၁၂)

                                                                                       ဖူးငုံ မဂ္ဂဇင်း ၊ သြဂတ်လ ၊ ၂၀၁၂

15 April 2012

"မျှော်"


ခေါင်းစဉ်ကိုဘယ်လိုပြောင်းပြောင်း စာသားတွေကဟောင်းနေကြတုန်းပဲလား
စာမျက်နှာတစ်ခုလုံး ကြက်ခြေအခတ်ခံရခြင်းတွေ တရုန်းရုန်းနဲ့ နီရဲခဲ့ကြရပြီးပါပြီ
စည်းဝါးမဲ့ဆိုင်းချက်တွေရဲ့အောက်မှာ ငါတို့မင်းသမီးလေးလည်း ခဏခဏ ကကြိုးပျောက်ခဲ့ရ
နိုင်ငံရေးဆိုတာ ဘယ်လိုအက္ခရာနဲ့ပဲရေးရေး ရိုးသားမှုမပါရင် စကားလုံးမဖြစ်ပါဘူးကွာ
ကိုယ့်ယာကိုယ်ညက်အောင်ထွန်ကြရမယ်
ကြံကြံခံရင်ဆိုင်လိုက်တဲ့အခါ ဖွတ်တွေတောင်ပို့ထဲကထွက်လာတာပေါ့
ချွေးစက်လေးတွေခမျာ ထွန်ခြစ်ကြောင်းရာတွေဖြောင့်တန်းဖို့ကိုပဲမျှော်လင့်နေကြပါတယ်
တစ်မိုးကောင်း တစ်ချောင်းစီး၊ ဒီတစ်မိုးပြီး နောက်တစ်မိုး
ဖျက်မိုးဖျက်လေကင်းကင်းနဲ့ ငါတို့ရဲ့ယာခင်းလေးရေ
လာပါတော့
ဖျတ်ကနဲ လင်းလာတယ်၊ ဖျတ်ကနဲ မှောင်သွားတယ်
ငါတို့ချစ်တဲ့လရောင်ကို ဒီကောင်းကင်မှာချိတ်ဆွဲထားခွင့်
ရသင့်ပြီ
အရှေ့ကိုလျှောက်ပါလို့  အရှေ့ကိုပဲမျှြော်ကပါ
စကားလုံးအပုပ်အသိုးတွေသုံးပြီး အမှန်တရားအကြောင်းဖွဲ့ဆိုဖို့မကြိုးစားချင်ကြပါနဲ့
ငါတို့ရဲ့ ယာခင်းလေးကို
နိုး

ရှင်
သန်
နိုင်စေချင်ပြီကွာ။
                         လင်းဝေအိမ်(၀၉-၀၄-၂၀၁၂)့

12 April 2012

"လမ်းခွဲ"


ထွက်ခွာရတော့မယ့် ရထားတစ်စင်းက ဘူတာလေးငိုနေတာကိုထိုင်ချော့တယ်
ဆံစလေးတွေ လေထဲတ၀ဲဝဲလွင့်နေသလို ဘာကိုမှ
ဆုပ်ကိုင်ခွင့်မရတော့တဲ့ ဥသြဆွဲသံများ
ပိတောက်ပင်ပေါ်မှာ ငှက်ကလေးတစ်ကောင်တည်းနားနေရစ်ပေါ့
နှုတ်ဆက်လိုက်ပါပြီ  ညီမလေး
သတိရစိတ်ကတော့ ဘယ်ကျမ်းစာပဲရွတ်ရွတ်မကျွတ်နိုင်တဲ့တစ္ဆေတစ်ကောင်ပါလေ
ရင်ဘတ်တစ်ခုလုံးလောင်သွားမှတော့ ခြေဖျားလက်များလေးတွေကို ငြိမ်းသတ်မနေတော့ပါဘူး
ပိတောက်တွေဖူးရင်
ငါ့ကို သတိမရပါနဲ့ကွယ်
ငါတို့ ဘယ်တော့မှမပွင့်နိုင်တော့ဘူး..။
                                           
                                                          လင်းဝေအိမ်(၂၂-၀၃-၂၀၁၂)့

( ဒီကဗျာကို ဧပြီလထုတ် ခရမ်းရိပ်အနုပညာမဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။
   ခရမ်းရိပ်အနုပညာမဂ္ဂဇင်းကို  ဒီမှာသွားဖတ်နိုင်ပါတယ် ။)

04 April 2012

"ကျောင်းဆရာ"


ဘ၀တစ်ခုလုံးတိုသွားတဲ့အထိ သင်ပုန်းပေါ်ကို ရေးခြစ်ပေးခဲ့
စာသင်ခန်းလေးတို့ရယ်
ကျောင်းစိမ်းပုဆိုးလေး နွမ်းသွားပြီတဲ့
တိုက်ပုံအင်္ကျီလေးကို ခေါက်သိမ်းထားခိုင်းကြတယ်
တစ်သက်လုံးမြေဖြူကိုင်ခဲ့တဲ့လက်က
ရပ်လို့မရဘူး။  ။


(ကျောင်းဆရာ(ငြိမ်း) အဖေ သို့.......)

                                   လင်းဝေအိမ်(၀၃-၀၄-၂၀၁၂)့

02 April 2012

"သို့/ရန်ကုန်... ...မှ/စင်္ကာပူ"


သို့/ ရန်ကုန်

ရန်ကုန်ရေ...မင်းဟာ ငါ့ပန်းချီကားရဲ့ကိုယ်ဟန်ပြမယ်ဖြစ်ခဲ့ဖူးပါရဲ့
ရန်ကုန်ရေ...မသမာသူလူတစ်စုက မင်းကိုလမ်းဘေးပစ်ချခဲ့သတဲ့လား
ရန်ကုန်ရေ...မင်းဟာ အတန်းအစဉ်အဆက် ထူးချွန်ခဲ့ဖူးတဲ့ကျောင်းသားဟောင်းလေးပါကွာ
ရန်ကုန်ရေ...အပြောင်းအလဲကိုတော့ မြောင်းထဲအကျမခံနဲ့
ရန်ကုန်ရေ...ရိတ်သိမ်းခွင့်ရသမျှ ဘာကိုမှမလေလွင့်ပါစေနဲ့
ရန်ကုန်ရေ...မနက်ဖြန်တွေကို ရဲရဲရင့်ရင့် တံခါးခေါက်စမ်းပါ
ရန်ကုန်ရေ...ဥသြငှက်တွေရောက်နေပြီ နွေဦးကိုဖွင့်ကြ
ရန်ကုန်ရေ...ခေါင်းတွဲတွေအသင့်ပဲ၊နောက်တွဲအားလုံးသံလမ်းပေါ်မှာစနစ်တကျနေရာယူခိုင်းပါ၊ ရထားထွက်သင့်ပြီ
ရန်ကုန်ရေ...လမ်းတွေကခေါ်နေပြီ ခြေထောက်တွေကိုစင်ကြယ်အောင်ဆေးကြောပါ
ရန်ကုန်ရေ...အက္ခရာတွေတက်ညီလက်ညီနဲ့ ၀ါကျလှလှလေးတည်ဆောက်ရမယ်
ရန်ကုန်ရေ...ဒဏ်ရာတွေကသွေးမတိတ်သေးဘူး နာကျင်ခြင်းကိုတော့သွေးတိတ်လိုက်ပါလေ
ရန်ကုန်ရေ...အိပ်တန်းပျောက်ငှက်လေးတွေ မင်းရင်ခွင်ဆီပြန်လာနားချင်သတဲ့
ရန်ကုန်ရေ...စိတ်အေးလက်အေးအိပ်စက်ခွင့်ရမယ့် ကျောတစ်ခင်းစာအိပ်ယာလေးတော့ ခင်းကျင်းပေးပါကွာ
ရန်ကုန်ရေ...အမှတ်တရကျေးဇူးများစွာဖြင့်

မှ/ စင်္ကာပူ                                                    

                                                                   လင်းဝေအိမ်(၀၂-၀၄-၂၀၁၂)
့

29 March 2012

"သင်းကွဲ"


တိမ်တွေရယ်ငါ့ကိုသယ်ဆောင်သွားကြပါ၊ မေ့မေ့ရဲ့ ရာသီဥတုလေးမှာစိတ်ရှိလက်ရှိရွာသွန်းပေးချင်လို့
ညို့ရုံပဲညို့နေရတဲ့ အိမ်လွမ်းစိတ်တွေကို ရိတ်သိမ်းပေးပါဦး မေမေ
သတိရခြင်းကို ထွန်းညှိလိုက်တဲ့အခါမှာ တစ်ယောက်မျက်နှာတစ်ယောက် လင်းလင်းချင်းချင်းမြင်ကြရ
ဇရာရဲ့ တိုက်စစ်အောက်မှာ နုပျိုခြင်းတွေက တရွေ့တရွေ့ဆုတ်ခွါနေတယ်၊ မေမေ ကျန်းမာရေးဂရုစိုက်ပါ
ကံကြမ္မာရဲ့ အားပေးအားမြှောက်ပြုမှုမှာ ရှုံးနိမ့်ခြင်းတွေက အရေးသာနေတယ်၊ ကျွန်တော်လည်းကျန်းမာရေးမကောင်းဘူး
အချိန်ကာလတို့ရယ်...... မေမေ့ကိုဖြည်းဖြည်းလေးပဲသယ်ဆောင်သွားကြပါကွာ၊ သူမဆက်လက်နုပျိုနေပါစေ
အရက်သမားတစ်ယောက်ရဲ့ဆုတောင်းစကားကို ဘုရားသခင်ကပြတ်ရယ်ပြုတတ်သလား မေမေ
စက်ဘီးကယ်ရီယာလေးပေါ်မှာ မေမေ့ကိုတင်ပြီး မြို့ကလေးကိုပတ်ဖို့ ကျွန်တော့်အိပ်မက်တွေကိုထုဆစ်နေတယ်
အရင်လို ကျွန်တော့်စက်ဘီးလေးက ခဏခဏလဲနေတုန်းပါပဲ
အိမ်ရှေ့ကစံပယ်ရုံလေးကိုရေမှန်မှန်လောင်းပေးပါ မေမေ
စံပယ်ပွင့်လေးတွေကို အရင်အတိုင်းဖြူစင်နေစေချင်တယ်၊ ကျွန်တော်ကလျှော်လို့ဖွပ်လို့မရတော့ဘူး
ကျွန်တော်တို့ကိုဖြတ်စီးနေတဲ့မြစ်ကရေစီးသိပ်သန်တယ်၊ စောင့်ထိမ်းခဲ့တဲ့ကမ်းပါးယံလေးတွေပြိုပြိုပါသွားခဲ့ရပြီ
လိုချင်တပ်မက်မှုဟာ ဓားအိမ်ထဲကဓားတစ်လက်ပဲ၊ ဆွဲထုတ်လိုက်တာနဲ့တစ်ယောက်ယောက်/တစ်ခုခုကို ထိရှသွားတယ်
ခရီးကမဆုံးသေးဘူး လမ်းတွေက ခဏခဏဆုံးတယ်
ငွေရေးကြေးရေးနဲ့ပွတ်တိုက်တဲ့အခါ ချစ်ခြင်းမေတ္တာကဘယ်တော့မှအရောင်လက်မလာဘူး
ကူးရင်းခတ်ရင်းနဲ့ပဲဆိုဆိုပြရတဲ့သီချင်းတွေကို 'ရင်မောသံ' ပါလို့ တဲ့ 'ငါးမလေး' ကမကြိုက်ဘူး
ပုဒ်ထီးပုဒ်မတွေနဲ့ချုပ်နှောင်ထားခြင်းမရှိမယ့်ဝါကျတစ်ကြောင်းမှာပဲ အက္ခရာရိုးရိုးလေးတစ်လုံးဖြစ်ချင်ပြီမေမေရယ်
သွားရမယ့်လမ်းတွေအများကြီးရှာတွေ့တဲ့အခါ  ပြန်ရမယ့်လမ်းဟာပျောက်နေတယ်
ငှက်တွေအိပ်တန်းပြန်ကြပြီ မေမေ  ကျွန်တော်ဘယ်ကိုပြန်ရမလဲ...။    ။
                                                                                                          လင်းဝေအိမ်(၂၉-၀၃-၂၀၁၂)
့

26 March 2012

"ငါက လူငယ်ဖြစ်ချင်တယ် / ကဗျာက ဘာဖြစ်ချင်မလဲ "


ငါက ဘာသာတရားကို အင်္ကျီတစ်ထည်လိုဝတ်ဆင်တယ်
ငါ့ယုံကြည်ချက်ဟာ ငါ့ရဲ့ဘုရားပဲ
ငါ့တံခါးတွေ အားလုံးဖွင့်ထားပါတယ် အဲဒါကြောင့်
မင်းတို့ ၀င်လာလို့ရမှာမဟုတ်ဘူး
ငါ့ဒဏ်ရာလေးတွေကိုထွန်းပြီး ကဗျာရှာနေတာပါ
ကဗျာဆရာတွေက ကဗျာကို သတ်ပစ်တယ်
ကဗျာဖတ်သူတွေကြောင့် ကဗျာဟာ  သေသွားတယ်
ငါက ကဗျာထုတ်လုပ်သူပါ
ငါဟာ ကဗျာတွေကိုတံဆိပ်မကပ်တတ်ဘူး
ငါ့မနက်ဖြန်အသစ်မှာ မနေ့က နေလုံးအဟောင်းကြီးပဲ
အရပ်မျက်နှာအဟောင်းကြီးကနေ ထွက်ထွက်လာမှာ
စိတ်ပိန်တယ်
ငါ့မှာ လမ်းမရှိဘူး
ငါ့မှာ ပန်းတိုင်ရှိတယ်။     ။                                
                                        လင်းဝေအိမ်(၂၆-၀၃-၂၀၁၂)့

25 March 2012

"သစ္စာတရားဟာ ရေချိန်မကိုက်ဘူး"


သစ္စာတရားတစ်ခွက်ပေးစမ်းဗျာ  ရေမရောနဲ့
အရက်ကောင်းရင် အမြည်းမလိုပါဘူး ဒီမှာ ဟေ့လူ
ယဉ်ယဉ်ကျေးကျေးမူးတတ်တဲ့အရက်သမားဟာ သီလအစင်ကြယ်ဆုံးသတ္တ၀ါပဲဗျ
အခု ကျွန်တော့်ကိုတွဲဦး ကျွန်တော်သောက်ခဲ့တာအရက်မစစ်ဘူး
ဟေ့လူ ခင်ဗျား ဘယ်တော့ ဘယ်တော့မှ ဥသြမဆွဲနဲ့
ယုံယုံကြည်ကြည် သောက်ခဲ့တဲ့ အရာတွေကို ဘယ်အာရုံပဲအမိန့်ပေးပေးအန်မထုတ်နဲ့ အဲဒါဟာ
လူသားအားလုံးလိုက်နာသင့်တဲ့ အခြေခံဥပဒေပဲ
မြို့လယ်ခေါင်တိုက်ခန်းက အိပ်ယာလေးဆီကို
လူကြုံပါးပေးစမ်းဗျာ အဲဒီမှာ ဂုတ်သွေးစုပ်မယ့်ကြမ်းပိုးတွေ
သိပ်များလွန်းတယ် ဒီည ကျွန်တော် ရွာပြန်အိပ်မယ်
မိုးလင်းပြီ ဒါပေမယ့်မိုးမလင်းသေးဘူး အိပ်နေတယ်
မိုးလင်းမှ အိပ်ယာထရမယ်ဆို ကျွန်တော်ရန်ကုန်မပြန်တော့ဘူးအစ်မေ
အဖေ လယ်ထဲဆင်းပြီလား ကျွန်တော့်ကဗျာလေးကိုလှည်းပေါ်တင်ခေါ်သွားဗျာ ဒီကောင့်ပန့်ဆံပင်ကို
ရွာနံ့မပျောက်အောင် ရွှံ့နည်းနည်းလူးပေးလိုက်
ဘုံဆိုင်လေးတွေကို ရွှေချကြစမ်းပါ
အဲဒါ...သီလစင်ကြယ်သူတို့ရဲ့ ဗိမာန်ပဲ ညီမလေးရဲ့
ကျွန်တော့်ကို အရက်တစ်ခွက်ပေး ကျွန်တော် အရက်တစ်လုံးပြန်ပေးမယ်
(ဟေ့ လူတွေ...) ဘယ်တော့ ဘယ်တော့မှ ရေမရောကြေးဗျာ။      ။
                     
                                                                          လင်းဝေအိမ်

15 March 2012

"ပုံပြင်(၂)"


ကြေကွဲခြင်းရဲ့မျိုးစေ့တွေမှန်းသိရက်နဲ့
နှလုံးသားမြေတွေမှာ ပျိုးကြဲခဲ့ကြ
အစကတည်းက မှားခဲ့ကြတာပါ ကွယ်..။

နီးစပ်ခွင့်ဆိုတာ
ငါတို့မျှော်လင့်ခွင့်မရှိတဲ့အရာပဲ။

“မဖြစ်နိုင်ဘူး”လို့
ငါတို့ နှုတ်ခမ်းတွေကတဖွဖွညဉ်းတွားနေတာ
နှလုံးသားလေးတွေကမှ မကြားခဲ့ပဲကွယ်။

သံယောဇဉ်ဆိုတာ
ခူးခြွေခွင့်မရှိဘဲနဲ့ပျိုးမိကြရင်
ဥယျာဉ်မှုးတွေရဲ့ရင်ကိုအဆိပ်ပြန်သင့်စေတဲ့
ကျိန်စာဖွဲ့ပန်းပွင့်လေးပဲလေ။

ခုတော့
နှလုံးသားလေးနှစ်ခုစလုံး
အဆိပ်တွေဖုံးလွှမ်းပြီးကွဲကြေရပြီ….။

.....ရေ
ငါတို့တွေ မချစ်ခဲ့သင့်ဘူး…။

တစ်နေနေ့
ဒီလိုခွဲခွာချိန်ကိုတွေ့ရမယ်ဆိုတာကြိုသိနေရက်နဲ့
နှလုံးသားလေးတွေရဲ့ခံနိုင်ရည်ကိုမှမငဲ့
ငါတို့ သိပ် မှား ခဲ့ကြတယ်။

ကွယ်…………
မျက်လုံးလေးတွေမှိတ်
ရည်ရွယ်ဖူးခဲ့တဲ့တို့ရဲ့အနာဂတ်လေးကို
အတိတ်နံရံပေါ်မှာပဲ ဆွဲချိတ်ထားခဲ့ရင်း
မျက်ရည်တွေခင်းမယ့်လမ်းမှာ
နှုတ်ဆက်လိုက်ကြပါစို့ ………..။

ငါမြတ်နိုးတဲ့ပန်းလေး
သက်ဆိုင်သူတခြားရင်ခွင်မှာပဲနွေးနွေးထွေးထွေးပွင့်လန်းပါစေ
ငါက
နင့်ရဲ့သက်ဆိုင်ခွင့်မရသူအဖြစ်
ကံ ကြမ္မာရိုင်းကညစ်တယ်…။

သံယောဇဉ်တွေနဲ့လမ်းခွဲတစ်ခုပါကွယ်
နာနာကျင်ကျင်ဆွဲလိုက်တဲ့ဥသြသံတွေက
နှလုံးသားလေးနှစ်ခုဆီကလာတယ်
မျက်ရည်စက်တွေ တဂျုန်းဂျုန်းခုတ်မောင်းသွားပြီးတဲ့နောက်
အားလုံးကို ဒီဘူတာလေးမှာပဲထားခဲ့လိုက်ကြရတော့မယ်…။

မိုးပွင့်လေးတွေကြားကအချစ်များ
မိုးရေတွေထဲမှာပဲ စီးမျောသွားတော့မယ်။

မိုးပွင့်တွေကြားမှာ ရယ်ခဲ့ကြဖူးတယ်
မိုးစက်တွေအောက်မှာပဲငိုကြရဦးမယ်။

မျက်တောင်အတုတွေနဲ့ နင် ငိုပေမယ့်
မျက်ရည်အစစ်တွေဆိုတာ
ငါ့ ဘယ်ဘက်ရင်အုံက အိပ်ကပ်လေးသိပါတယ်ကွယ်…။

ညနေခင်းတွေလည်း ဆောင်းဆန်လာပြီ
ငါ့ ရင်ထဲမှာတော့
မိုးရာသီလေးပါပဲ…။

နှင်းဖွဲဖွဲလေးတွေကျနေတာတောင်
မိုးစက်တွေအထင်နဲ့
နင်ပေးတဲ့ထီးလေးကို ထုတ်ထုတ်ဆောင်းနေမိဆဲ
အစွဲလန်းကြီးတတ်တယ်ဆိုတာ ၀ဋ်ကြွေးတစ်ခုပဲဖြစ်တယ်။

ခုတော့
အားလုံးပြီးဆုံးသွားပါပေါ့..။

ဆုပ်ကိုင်ထားခဲ့သမျှ
အားလုံးကို လွှတ်ချလိုက်ကြရပြီ..။

တစ်စုံတစ်ခုကျကွဲသွားတဲ့အသံတွေကြားလိုက်ရမယ်
ဒါ…
ငါတို့ရဲ့ နှလုံးသားလေးတွေ……..။

ကျေနပ်စွာ
အော်ဟစ်ပြီး ရယ်လိုက်ပါတော့
ကံကြ မ္မာရိုင်းရေ…။   ။

                                    လင်းဝေအိမ်

09 March 2012

"ဖြေဆေး"


အအိပ်မက်မက်နဲ့ အိပ်လို့မက်တဲ့ အိပ်မက်ထဲမှာတောင်
အိပ်ရေးမ၀ဘူး
အိပ်တန်းငတ်နေတဲ့ငှက်တစ်ကောင်ရဲ့ ညနေခင်းဆိုတာ
တောင်စွယ် နေကွယ် သုဿန်ထုတ်
အိမ်လွမ်းစိတ်နဲ့ခုတ်သတ်စေ...
ညတွေ အကြိမ်ကြိမ်သေတယ်
အိပ်စက်ခြင်းတွေ အခါခါလန့်လန့်နိုး
ငှက်ဆိုးထိုးသံများ
အမေရှိတဲ့ အရပ်ဆီမှာတော့ကင်းဝေးပါစေ
သောက်နေတဲ့အရက်ခွက်ကို ဆူမယ့်ငေါက်မယ့် အသံလေးဝေးနေပြီ
အခန်းထဲမှာမွန်းကြပ်လွန်းလို့
စိတ်တစ်ခုလုံးကို ပုလင်းထဲဝင်ပုန်းတယ်
ကျေးဇူးပြုပြီး
အဖုံးကိုမဖွင့်လိုက်ကြပါနဲ့ဗျာ။   ။
                                               လင်းဝေအိမ်

05 March 2012

"ရုပ်ရှင်"

ဝေးကွာတယ်ဆိုတာ
ဘိုးတံပျောက်သွားတဲ့တယောငယ်လေးပါပဲ။

လက်ပြနှုတ်ဆက်ခြင်းဟာ
ခွဲခွါခြင်းနဲ့ ပြန်လည်ဆုံဆည်းခြင်းကြားက
ပေါင်းကူးတံတားလေးဖြစ်တယ်ဆို
ငါတို့
နှူတ်ဆက်ဖို့မလိုတော့ပါဘူး ညီမလေးရေ။

ချစ်ခြင်းမေတ္တာတွေကို
သဂြိုလ်လိုက်ကြပါစို့။

မီးခိုးမျှင်တွေထဲမှာ
မျှော်လင့်ချက်အပိုင်းစလေးတွေလိုက်မရှာစတမ်း..။

ကြွင်းကျန်ရစ်သော ပြာစများ
မျက်ရည်စက်တို့နဲ့အတူစီးမျောသွားပါစေလေ..။

မီးတွေအားလုံးဖွင့်လိုက်တဲ့အခါ
...................
...................
...................
.......
"ပြီးပါပြီ"။ ။

လင်းဝေအိမ်