20 March 2014

"အဓိပ္ပါယ်အသိုးတွေနဲ့ ညစာ"

"အဓိပ္ပါယ်အသိုးတွေနဲ့ ညစာ"


ဘ၀ရဲ့အချိန်တွေကို ငွေကြေးရှာဖွေခြင်း တစ်ခုတည်းအတွက် အဆုံးရှုံးခံရတော့မည်လား။ငွေကြေး ရှာဖွေခြင်းသည်ပင် အမှန်ကန် ဆုံးသော ရွေးချယ်မှုတစ်ခုအဖြစ် သူတို့က ယူဆကြ သလား။ သို့မဟုတ် ရွေးချယ်စရာ မရှိသော ရွေးချယ်မှု တစ်ခုလား။ ငွေကြေးသည် လည်မျိုကို ထောက်ထားသော ဓားမြှောင် တစ်လက်လား။ နင်းမိထားသော မြေမြုပ်မိုင်း တစ်ခု လား။ လွန်ဆန်ခွင့် မရှိသော ပဒေသရာဇ်စနစ်၏ အမိန့်တစ်ခုလား။ အနက်ရောင် လိပ်ပြာများကို သူ အလွန် အင်မတန်ပင် မုန်းတီး ပါသည်။ ငွေညှီနံ့များ တထောင်းထောင်း ထနေသည့် သူတို့၏ အတောင်ပံများကို တဖျတ်ဖျတ် ခတ်လိုက်တိုင်း အဖြူရောင် ပန်းပွင့်များ တဒိုင်းဒိုင်းဖြင့် သေဆုံးကြရသည်။


လမ်းမီးတွေ အချိန်ပြည့် လင်းနေသော မြို့ကြီးတစ်ခုထဲမှာ သူတစ်ယောက်တည်း မှောင်နေသည်။ လမ်းတွေက သူ့ကို ခေါ်နေသည်။  "အိမ်ပြန်ရောက်မှာလား " ဟု မေးလိုက်တော့ ခေါင်းခါပြကြသည်။သူ လမ်းကို  ဖြတ်ကူးလိုက်သည်။ လမ်း၏ တစ်ဖက်တွင် ဘာရှိသလဲ သူမသိ။ ထိုသို့ မသိကြောင်းကို လမ်းတစ်ဝက်ခန့် ဖြတ်ကူးပြီးကာမှ သိရသည်။ ဥဒဟိုသွားလာ လှုပ်ရှား နေကြသော များပြားလှသည့် လူအုပ်ကြီးထဲတွင် သူ နှုတ်ဆက်စရာ တစ်ယောက် တစ်လေမျှပင်မရှိ။ ပျော်ရွှင်မှု သည်     သူ့ ဆီမှ တရွေ့ရွေ့ ထွက်ခွာနေပြီ။ တကယ်တော့ ထို  ၀ါကျသည် မှားယွင်းနေသည်။ ပျော်ရွင်မှုသည် သူ ဒီ မြို့ကြီး ထဲသို့  ၀င်လာခဲ့စဉ် ကတည်းကပင် မြို့အ၀င် တံခါးဝမှာ ချန်ထားရစ်ခဲ့ လိုက်ရတာဖြစ်သည်။


"ဟေး..နေကောင်းရဲ့လား"


စိတ်ခံစားမှုကင်းမဲ့နေသာ စကားများဖြင့် တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ကြသည်။ ပါးစပ်ကို ဟလိုက်သည်နှင့် ထို စကားလုံးများ သည် အနက်ရောင် မျက်လုံးများဖြင့် မြွေဟောက်များ ဖြစ်သွား ကြသည်။ နှုတ်ခမ်းများတွင် ချိတ်ဆွဲ ထားကြ သော အပြုံးအတုများသည် ၀င်ချည် ထွက်ချည်ဖြင့် လျှာနှစ်ခွများ ပင်ဖြစ်သည်။ မိတ်ဆွေ ဆက်ဆံရေးတွေ အပေါ်မှာ သူ ယုံကြည်မှု ကင်းမဲ့လာသည်။


ဘယ်အရာတွေကများ သူ့ကို ဒီလိုနေရာမျိုးကို ရောက်အောင် တွန်းပို့လိုက်ကြတာလဲ။ငွေကြေး လိုအပ်မှု သို့မဟုတ် လိုချင် တပ်မက်မှု တွေကလား၊ မိသားစုဆိုင်ရာ လိုအပ်ချက် တွေကလား၊ နယ်မြေ သစ်တစ်ခုကို စွန့်စားလိုသော သူ၏ လူငယ် စိတ် ကလား..။ စသဖြင့် ထိုမေးခွန်း အတွက် အဖြေများစွာ ရှိနိုင်သည်။ သို့သော် မေးခွန်းတစ်ခု အတွက် အဖြေများစွာ ရှိနေခြင်း သည် အဖြေမရှိခြင်းလည်း ဖြစ် သည်။


သူ စကား နည်းလာသည်။ သူ့တွင် ပြောစရာ စကားလုံးများ ရှားပါးလာသည်။သို့မဟုတ် သူ့၏ စကားလုံးများ သည် ၀န်းကျင် ရာသီဖြင့်  မကိုက်ညီသော ပန်းပင်များသဖွယ် သေဆုံးသွားကြရသည်။  သူ စကားပြောချင်သည်။ အအေးခန်းထဲမှ အသား စိုင်တွေလို မာခဲနေပြီဖြစ်သော သူ၏  နှုတ်ခမ်းများကို သူ သနားသည်။ သူ စကားပြောမှ ဖြစ်တော့မည်။


အသည်းအသန် ငြင်းခုန်ခဲ့ဖူးသော၊ ပျော်ပျော်ရွှင်ရွှ့င် ရယ်မောတတ်ခဲ့သော၊ စိတ်လိုလက်ရအော်ဟစ် ဆဲဆိုတတ်ခဲ့သော၊ အရက်မူးလာတိုင်း ကဗျာထထရွတ်တတ်ခဲ့သော၊  ထူးအိမ်သင် သီချင်းတစ်ပုဒ် တလေကို ဂစ်တာတီးပြီး ညည်းတတ် ခဲ့သော၊ ရံဖန်ရံခါ စန္ဒယားထွန်းညွန့်၏ ကိုယ့်ရပ်ဌာနေသီချင်းကို စည်းမကျ ၀ါးမကျ အော်အော်ဆိုတတ်ခဲ့သော စသည့် သက်ဝင် လှုပ်ရှားခဲ့မှုများ ဖြင့်စိုစွတ် ခဲ့ဖူးသော သူ၏ နှုတ်ခမ်းများကို သူ ပြန်လည် တမ်းတကာ ရှာဖွေနေမိသည်။


ထိုနှုတ်ခမ်းများကို သူ ပြန်တွေ့ခဲ့ရပါသည်။ သူ၏ စာကြည့် စားပွဲကို ရှင်းလင်းစဉ်တွင် ပြန်တွေ့လိုက်ရခြင်းဖြစ်သည်။ အနီရောင် သန်းနေခဲ့သော ထိုနှုတ်ခမ်းများသည်  သူ၏ အညိုရောင် ဒိုင်ယာရီစာအုပ်၏ စာမျက်နှာများ အကြားတွင် ညပ်နေခြင်း ဖြစ်သည်။ သူအရမ်း ၀မ်းသာသွားသည်။ ထို့နောက် သူ အရမ်း ၀မ်းနည်းသွားရသည်။ ထိုနှုတ်ခမ်းများသည် သေဆုံးနေကြပြီ။


စကားလုံးများကို ဖန်တီးမှု နည်းပါးလာပြီဖြစ်သော သူ၏ နှုတ်ခမ်းများနှင့် ပတ်သတ်၍ စိုးရိမ်စိတ်သည် တရိပ်ရိပ် တက်လာ နေသည်။ အင်တာနက် စာမျက်နှာတစ်ခုတွင် ဖော်ပြထားသော ကျန်းမာရေး ဆိုင်ရာ အချက်အလက်များ အရ ဆိုလျှင် စကားနည်းခြင်း၊   ဆွေးနွေး  ငြင်းခုန်မှု နည်းခြင်း သည် ဦးနှောက်၏ စွမ်းဆောင်ရည်ကို ကျဆင်း စေနိုင်သည်ဟု တွေ့ရ သည်။ သူ၏ ဦးနှောက်များလည်း စွမ်းဆောင်ရည် ကျဆင်းနေပြီ ထင်သည်။ အထူးသဖြင့် မိတ်ဆွေစာရင်းမှ နာမည်အချို့ကို မမှတ်မိတော့။ "မိတ်ဆွေစာရင်းမှာ နာမည်တွေ လျော့လျော့ လာတာလည်း   ပျော်စရာတစ်ခုပဲ" ဟု သူ ကဗျာတစ်ပုဒ်ထဲမှာ ထည့်ရေးခဲ့ဖူးတာ ကိုတော့ မှတ်မိသည်။


မိတ်ဆွေဆိုတာ သိပ်ပေါပေါ များများကြီးရှိဖို့ လိုအပ်သည့် အရာမျိုးမဟုတ်ဟု သူ လက်ခံထားသည်။ တကယ်တမ်းဆိုလျှင် ပေါပေါ များများရှိနေသည့် အရာမျိုးလည်း မဟုတ်ကြောင်း သူ တဖြည်းဖြည်းဖြင့် ပိုသိလာသည်။ ပျံသန်းနေကြသော ငှက်တွေ ကို ကြည့်ရင်း ငှက်တွေရဲ့ မိတ်ဆွေ ဆက်ဆံရေးမှာရော အတုအယောင်တွေ ရှိနိုင်သလားဟု တွေးမိသည်။ အုပ်စုလိုက် တစ်စုတစ်စည်းတည်း ပျံသန်းနေကြသော ငှက်တွေကိုတော့ အားကျမိသလိုလိုရှိသည်။


အိပ်တန်းပြန်ငှက်များကို မြင်လိုက်ကာမှ သူလည်း အိပ်တန်းရှိရာဆီသို့ ပြန်ဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း သတိရလာသည်။ တစ်ဆက်တည်းမှာပင် သူ့တွင် ပြန်စရာ အိပ်တန်း မရှိကြောင်း ကိုလည်း သတိရလာပါသည်။   ။


                                                                                                               လင်းဝေအိမ်

                                                                                                                Idea မဂ္ဂဇင်း၊ မတ်လ၊ ၂၀၁၄