Showing posts with label စကားပြေ. Show all posts
Showing posts with label စကားပြေ. Show all posts

29 June 2015

“ငါ့ သူငယ်ချင်းရဲ့ ခြေဖ၀ါးတွေ”

“ငါ့ သူငယ်ချင်းရဲ့ ခြေဖ၀ါးတွေ”

ငါ့ သူငယ်ချင်း ရဲ့ အလောင်းကို သူ့ ရွာကလေးရဲ့ သုသာန်က ဇရပ်ကလေးထဲမှာ ပြင်ထားတယ်။ အလောင်းစင် ပေါ်မှာ ငါ့ သူငယ်ချင်းဟာ ဖြူလျော်စွာ လဲလျောင်း နေရှာတယ်။  စွတ်စွတ် ဖြူနေတဲ့  ရှပ်အကျီင်္ တစ်ထည်ကို လွှမ်းပေး ထားတယ်။ ငါ့ သူငယ်ချင်း ရဲ့ မျက်နှာ ကလည်း ဖြူလျော် နေတယ်။ ငါ့ သူငယ်ချင်း ရဲ့ လက်ချောင်း လေးတွေလည်း ဖြူလျော် နေတယ်။ ငါ့ သူငယ်ချင်းရဲ့ ခြေဖ၀ါးနဲ့ ခြေဖမိုးဟာ  အရောင် တစ်ရောင်တည်းလို့ ထင်မှတ် ရလောက်အောင် ဖြူလျော် နေတယ်။ ငါ့ သူငယ်ချင်းရဲ့ မျက်ခွံတွေ ဟာ မပိတ်ချင်ဘဲနဲ့ အတင်း အပိတ်ခံ ထားရ သလိုပဲ။ ငါ့သူငယ်ချင်းရဲ့ ဖြူလျော်လျော် နှုတ်ခမ်းတွေ ကတော့ တင်းတင်း စေ့နေတယ်။ ငါ့ သူငယ်ချင်းရဲ့ အဖေက အလောင်းစင် ပေါ်မှာ ဘေးတစောင်း ထိုင်ပြီး ငါ့ သူငယ်ချင်းရဲ့ ဖြူလျော်လျော် မျက်နှာကို ကြည့်ကာ ငိုနေတယ်။ ငါ့သူငယ်ချင်းရဲ့ အမေက အလောင်းစင် ပေါ်ကို လက်ထောက်ပြီး ငိုနေတယ်။ ကျန်တဲ့ သူတွေ ကိုတော့ ငါ မသိဘူး။ အသားညိုတဲ့ ငါ့ သူငယ်ချင်း ခမျာ သေမှပဲ ဖြူသွား တော့တယ် လို့ ၀မ်းနည်းမှုတွေ ပြေလျော့ သွားအောင် တွေးလိုက် မိသေးတယ်။ ဒါပေမယ့် အဲဒီ အတွေးကပဲ ၀မ်းနည်း နေတဲ့ စိတ်ကို ပိုပြီး ၀မ်းနည်း လာစေတယ်။

လေတိုက်တဲ့ အခါ ဇရပ် ခေါင်မိုးက သွပ်တွေ တဖြန်းဖြန်း အသံမြည် သွားကြတယ်။ ငါ့ သူငယ်ချင်း တခါတလေ ဒေါသ ထွက်တဲ့အခါ လီဗာကို တဗြဲဗြဲ မြည်အောင် ဆွဲပြီး ဆိုင်ကယ်ကို မောင်းထွက် သွားတတ် လေ့ရှိတာကို သတိရ လာမိတယ်။ ခုတော့ ငါ့သူငယ်ချင်း ခမျာ တဖြန်းဖြန်း မြည်နေတဲ့ သွပ်အမိုး တွေရဲ့ အောက်မှာ ပက်လက် အနေ အထားနဲ့ပဲ နှုတ်ခမ်းတွေ တင်းတင်း စေ့ထားရင်း ဘာမှ မတုံ့ပြန်နိုင် ရှာတော့ဘူး။ ငါ့သူငယ်ချင်းရဲ့ ခြေမ နှစ်ဖက်ကို ပူးချည် ထားတဲ့ ဆံပင်တွေဟာ သူ့ အမေရဲ့ ဆံပင်တွေ ဖြစ်မယ် ထင်တယ်လို့ တွေးမိတယ်။ ငါ့ သူငယ်ချင်းရဲ့ ခြေမနှစ်ဖက်ကို စုချည်ထားနိုင် ပေမယ့် ခြေဖ၀ါး တွေက ဘေးကို ကားထွက်နေတယ်။ ရုန်းကန် နေတဲ့သဘောပဲ။ ငါ့သူငယ်ချင်းဟာ ဘယ်လို ချည်နှောင် မှုမျိုးကိုမှ မကြိုက်တဲ့ သူပဲ။ ငါ မသိတဲ့ လူတစ်ယောက်က ငါ့သူငယ်ချင်းရဲ့ လက်တွေကို ရင်ဘတ်ပေါ်မှာ  လက်ချင်း ယှက်ပြီး ထားတဲ့ အနေ အထားမျိုး ပြင်ပေး လိုက်တယ်။ ငါသိနေတယ်။ ငါသူငယ်ချင်းဟာ အဲသလို ရိုရို ကျိုးကျိုး အနေ အထားမျိုးကို သိပ်ကြိုက်တဲ့သူ မဟုတ်ဘူးဆိုတာ။ ဒါပေမယ့် ငါ့ သူငယ်ချင်း ခမျာ ဖြူလျော်လျော် လက်ချောင်း လေးတွေ ကို ရင်ဘတ်ပေါ်မှာ တင်လျှက်သား ရိုရို ကျိုးကျိုးလေး နေပေး နေရရှာပြီ။ ငါ့သူငယ်ချင်းရဲ့ ပိတ်နေတဲ့ မျက်ခွံတွေကို ကြည့်နေရင်း ရုတ်တရက် မျက်ခွံတွေဟာ ဖျတ်ခနဲ ပွင့်လာလေမလားလို့ ငါ မျှော်လင့် မိသေးတယ်။ ရုတ်တရတ် ဇရပ် ခေါင်မိုးပေါ်က အသံချဲစက် ဆီက စူးစူး ၀ါးဝါး အော်လိုက်တဲ့ အသံ ထွက်လာတယ်။

"ကွယ်လွန်သူ (---) ကို
ညနေ ၃ နာရီမှာ သဂြိုလ်မှာ ဖြစ်သည့်အတွက်
အသုဘရှုရန် ကြွရောက်ကြပါ ခင်ဗျားး"

ငါလန့်သွားတယ်။ နောက်ပြီး အံ့သြသွားတယ်။ အသံချဲ့စက်က အော်နေတဲ့ ပုဂ္ဂိုလ်ရဲ့ အသံဟာ ရွာထဲမှာ ရှိနေတဲ့ ငါ့သူငယ်ချင်းရဲ့ ဈာပန ကို လာကြမယ့် လူတွေကို အသိ ပေးလိုက်တာပဲ။ ငါ ဒီလိုမျိုး တစ်ခါမှ မကြားဖူးဘူး။ သူရဲ့ ရွာမှာ ဒီလို ဓလေ့ မျိုးရှိတယ်ဆိုတာလည်း ငါ့သူငယ်ချင်းက ငါ့ကို တစ်ခါမှ ပြောမပြခဲ့ ဖူးဘူး။ ပြောပြဖို့ကလည်း ဒီလို သူ့ဈာပန ကို သူ့ရွာကလေးရဲ့ သုသာန်လေးမှာ ပြုလုပ်နေတဲ့အချိန် ငါက အသုဘ ရှုသူ တစ်ယောက် အနေနဲ့ လာရ လိမ့်မယ်လို့ ငါ့သူငယ်ချင်းရော ငါရော ကြိုမှ မသိခဲ့ကြဘဲ။

ငါတို့ ကြိုမသိခဲ့ ကြတာတွေ အများကြီး ပါပဲ။ အဲဒီညက ငါတို့ တစ်ခါမှတောင် မမြင်ခဲ့ဖူးတဲ့ လူတွေနဲ့ ရန်ဖြစ် ရလိမ့်မယ်လို့ ငါတို့ ကြိုမသိခဲ့ကြဘူး။ ငါ့ သူငယ်ချင်းက အနေအေးတယ်။ ရန်မဖြစ်တတ်ဘူး။ မသွက်ဘူး။ ထုံးစံ အတိုင်း တစ်ဖက်နဲ့ တစ်ဖက် အဖွဲ့လိုက် ရိုက်ကြ နှက်ကြတယ်။ ရိုက်တယ် နှက်တယ် ဆိုတာ ဟာ ငါတို့ မြို့ကလေးမှာ လူငယ် အချင်းချင်း ရန်ဖြစ်ကြတဲ့ အခါ ဖြစ်တတ်ကြတဲ့ ပုံစံပဲ။ ရိုက်ကြ ပြုကြရင်း ခဏ လူစုကွဲသွားတဲ့အခါ  ငါ့သူငယ်ချင်းက နောက်ဆုံးမှာ ကျန်နေခဲ့တယ်။ တစ်ယောက်တည်း နောက်မှာ ကျန်နေရစ်တဲ့ ငါ့သူငယ်ချင်းကို တစ်ဖက်အဖွဲ့က တစ်ယောက်က  ဓားနဲ့ ပြေးထိုး လိုက် လိမ့်မယ်လို့ ငါတို့ ကြိုမသိခဲ့ကြဘူး။ ရန်ငြိုးရှိသူ အချင်းအချင်း အချင်းများသလို ခန္ဓာကိုယ်ထဲ စိုက်ဝင်သွားတဲ့ ဓားသွားကို  မွှေပစ်လိုက် လိမ့်မယ်လို့ ငါတို့ ကြိုမသိခဲ့ကြဘူး။ ငါ့သူငယ်ချင်းရဲ့ အပြာရောင် ဂျင်းဂျာကင် ကလေးမှာ သွေးတွေ ချင်းချင်း နီသွားလိမ့်မယ်လို့ ငါတို့ ကြိုမသိခဲ့ကြဘူး။ ငါ့သူငယ်ချင်းကို ပွေ့တင်ပြီး ဆေးရုံကို သယ်လာခဲ့ရတဲ့ အတွက် ဆိုင်ကယ် ကူရှင်ဟာ သွေးတွေနဲ့ စိုရွဲသွား လိမ့်မယ်လို့ ငါတို့ ကြိုမသိခဲ့ကြဘူး။ ငါ့ သူငယ်ချင်းအတွက် လိုအပ်တဲ့ သွေးအမျိုးအစားဟာ သိပ်ရှားတယ် ဆိုတာ ငါတို့ ကြိုမသိခဲ့ကြဘူး။ ငါ့သွေးဟာ ငါ့သူငယ်ချင်းရဲ့ သေရေးရှင်ရေး လိုအပ်ချက်ကို ဖြည့်ဆည်း မပေးနိုင်ဘူး ဆိုတာ  ကြိုမသိခဲ့ဘူး။

ငါ့ သူငယ်ချင်း ခမျာ ဆေးရုံ ကုတင်ပေါ်မှာ ပက်လက် အနေအထားနဲ့ မှိန်းနေရတယ်။ ခွဲစိတ်ခန်းက ထွက်လာပေမယ့် ငါ့သူငယ်ချင်းရဲ့ ဓားဒဏ်ရာက သွေးမတိတ်သေးဘူး။ သိပ်နာသလားလို့ ငါ့သူငယ်ချင်းရဲ့
အမေက မေးလာတဲ့အခါ  “ အမေ ရိုက်သလောက်တောင် မနာပါဘူး” လို့ ငါ့သူငယ်ချင်းက ပြန်ဖြေလိုက် တာကို ငါ သဘောကျခဲ့ မိသေးတယ်။ “ ဒဏ်ရာတွေက သွေးမတိတ် သေးပေမယ့် နာကျင်ခြင်း ကိုတော့ သွေးတိတ် ထားရတယ် “  ဆိုတဲ့ ငါရေးခဲ့ ဖူးတဲ့ ကဗျာ အပိုင်းအစလေးကို ဖျတ်ခနဲ သတိရမိတယ်။ ဒါပေမယ့် ငါ့ သူငယ်ချင်း ကိုတော့ ပြောမပြ ဖြစ်လိုက်ဘူး။ ဒုတိယ အကြိမ် ခွဲစိတ်ဖို့ လိုအပ်မယ် ဆိုတော့ ငါ့ စိတ်ထဲ ထင့်ခနဲ ဖြစ်သွားတယ်။

ဒုတိယ အကြိမ် ခွဲစိတ်ခန်းက ထွက်လာတဲ့ အချိန်မှာတော့ ငါ့ သူငယ်ချင်း ခမျာ “ အမေ ရိုက် သလောက်တောင် မနာပါဘူး” ရယ်လို့တောင် မပြောတော့ဘူး။ လုံးဝ မနာတော့ဘူး။ နာကျင် ခြင်းတွေ  မရှိတော့ဘူး။ ငါ့သူငယ်ချင်း လည်း မရှိတော့ဘူး။ ငါ့ ကဗျာ ကိုလည်း ရွတ်ပြလို့ မရ တော့ဘူး။ ငါ့သူငယ်ချင်းရဲ့ နှုတ်ခမ်းတွေ တင်းတင်း စေ့သွားပြီ။ ငါ့ သူငယ်ချင်းရဲ့ မျက်ခွံတွေကို ပိတ်ပေး လိုက်ကြပြီ။ ဖြုတ်လိုက်တဲ့ ပိုက်တွေ ထဲမှာ ငါ့ကို စိတ်တိုတိုင်း ဆဲတတ်တဲ့ ငါ့သူငယ်ချင်းရဲ့  ဆဲလုံး လေးတွေ ပါသွားပြီ။

“ နောင်... ဝေ.... ဝေ....“

ရုတ်တရက် ကြားလိုက်ရတဲ့ ကြေးစည်သံကြောင့် လူတွေ အားလုံး လှုပ်လှုပ် ရွရွ ဖြစ်သွားကြတယ်။ ခဏ တိတ်နေတယ်လို့ ထင်ရတဲ့ ငိုသံတွေ ပြန်ဆူညံ လာတယ်။ ငါ့ သူငယ်ချင်းကတော့ ပက်လက် အနေ အထား အတိုင်း နှုတ်ခမ်းတွေ တင်းတင်း စေ့လျှက်သား။ ငါ့ သူငယ်ချင်းရဲ့ အလောင်းကို လူတစ်စုက သူ နားခိုရမယ့် အုတ်ဂူ ကလေး ရှိရာဆီ သယ်ဆောင် လာကြတယ်။ သယ်ဆောင် လာကြတဲ့ လူတွေရဲ့ လက်ထဲ မှာ ငါ့ သူငယ်ချင်းရဲ့ အလောင်းဟာ အောက်ကို ပျော့ခွေကျ နေတယ်လို့ ထင်တယ်။ စောင်နဲ့ ပတ်ပြီး သယ်ဆောင် လာတာ ဖြစ်လို့ ငါ့သူငယ်ချင်းရဲ့ ခန္ဓာကိုယ် ကိုတော့  မမြင်ရဘူး။ ခြေဖ၀ါး နှစ်ဖက်ကိုပဲ မြင်ရတယ်။

အုတ်ဂူရဲ့ အရှေ့မှာ ငါ့သူငယ်ချင်းရဲ့ အလောင်းကို ခဏ ချလိုက်ကြတယ်။ လူကြီး တစ်ယောက်က ငါတို့ သူငယ်ချင်း တစ်စုကို လှမ်းပြောတယ်။ အမိန့် ပြန်စာ ဖတ်ဖို့။ ငါတို့ ဘယ်သူမှ မဖတ်ချင်ကြဘူး။ မဖတ်နိုင် ကြဘူး။ မဖတ်ရဲ ကြဘူး။ မဖတ်ရက်ကြဘူး။ နောက်ဆုံး ငါမဟုတ်တဲ့ တခြား သူငယ်ချင်း တစ်ယောက်က အမိန့် ပြန်စာကို ဖတ်ပေးတယ်။ ငါ့ သူငယ်ချင်းဟာ ငါတို့ တက္ကသိုလ်နဲ့ လုံးဝ မသက်ဆိုင် တော့ပါ ကြောင်း..တဲ့။ သင်သွား လိုရာ သွားနိုင်ပြီ တဲ့။ အမိန့်ပြန်စာကို ပြီးအောင်မှ ဖတ်နိုင်ရဲ့ လား မမှတ်မိ တော့ဘူး။ အမိန့်ပြန်စာ  စာရွက် အခေါက်လေးကို ငါ့သူငယ်ချင်းရဲ့ အလောင်းပေါ်မှာ တင်ပေးလိုက်တာ ကိုတော့ မှတ်မိတယ်။ အမိန့်ပြန်စာ ဖတ်နေတဲ့ အချိန်မှာ ငါ့ သူငယ်ချင်းရဲ့ အဖေ ဆီက ဆို့ဆို့ နင့်နင့် အသံကြီးကို ကြားလိုက်ရ သေးတယ်။ ငါ့ သူငယ်ချင်းရဲ့ အလောင်းကို အုတ်ဂူထဲ ထည့်ပြီး သွားတဲ့ အချိန်မှာ အသုဘရှုလာတဲ့ လူတွေ တော်တော် များများ ပြန်သွားကြပြီ။ အုတ်ဂူရဲ့ ခြေရင်းဘက် အပေါက်ကလေးကို ပိတ်ဖို့ပဲ ကျန်တော့တယ်။ ငါ့ သူငယ်ချင်းရဲ့ ခြေဖ၀ါးတွေကို မြင်နေရသေးတယ်။ အသက်ရှင်စဉ် ကာလ တစ်လျှောက်လုံး မြင်ရဖို့ သိပ်မလွယ်တဲ့ လူတစ်ယောက်ရဲ့ ခြေဖ၀ါးတွေ..။ ငါ့ သူငယ်ချင်းရဲ့ ခြေဖ၀ါး တွေ ကတော့ ဖြူဖွေး နေတာပါပဲ။

အပြန်ခရီးမှာ သုသာန်လေးထဲက ထွက်လာတဲ့ လမ်းကျဉ်းကလေးရဲ့ အဆုံးကို ရောက်တော့ ဆိုင်ကယ်ကို ခဏရပ်ပြီး သုသာန်ထဲက ဇရပ်ကလေး ဆီကို လှမ်းကြည့် မိတယ်။ ဘယ်သူမှ မရှိတော့ဘူး။  လူတစ်ချို့က ရွာဘက်ဆီကို တရွေ့ရွေ့ ပြန်နေကြတယ်။ ခပ်လှမ်းလှမ်းက လှမ်းမြင်နေရသေးတဲ့ ငါ့ သူငယ်ချင်းရဲ့ အုတ်ဂူလေး ပေါ်မှာ လွမ်းသူ့ ပန်းခွေ ကို တင်ထားတယ်။ စောစောက အဲဒီ ပန်းခွေဟာ ဘယ်နားမှာ ရှိနေခဲ့တာလည်း ဆိုတာကို သတိ မထားမိခဲ့ဘူး။ ငါနဲ့ အုတ်ဂူရဲ့ ကြားက အကွာအဝေးအရ ပန်းခွေမှာ ရေးထားတဲ့စာကို မမြင်ရဘူး။ ဖတ်လို့ မရဘူး။ ဒါပေမယ့် ငါ သူငယ်ချင်းရဲ့ နာမည်နဲ့ အသက်ကို ရေးထား တယ်ဆိုတာ ငါသိနေတယ်။ ငါ မမြင်ဘူး။ ဒါပေမယ့် ငါ သိတယ်။

သုသာန်လေး ဆီကထွက်လာတဲ့ မြေနီလမ်း ကျဉ်းကျဉ်းလေးရဲ့ အဆုံးမှာ ကတ္တရာလမ်းမကြီး ရှိတယ်။ ကတ္တရာ လမ်းမကြီးပေါ် ရောက်တာနဲ့ ငါ့ ဆိုင်ကယ်ရဲ့ အမြန်နှုန်းကို မြှင့်လိုက်တယ်။ ငါ့ ဆိုင်ကယ်ဟာ ငါ့ကို သယ်ဆောင်ကာ လမ်းမကြီးပေါ်မှာ တရိပ်ရိပ် ပြေးနေတယ်။ လမ်းမကြီး ဘယ်မှာ ဆုံးမယ် ဆိုတာ ငါ မသိဘူး။ ငါ ရပ်ရမယ့် နေရာကို ရောက်ရင်တော့ ငါ့ ဆိုင်ကယ်ဟာ ရပ်သွားမှာပဲ။    ။        

                                                                                      လင်းဝေအိမ်

                                                                                      ၂၉-၀၆-၂၀၁၅

31 October 2014

“သူစိမ်း ညနေ”

“သူစိမ်း ညနေ”


ညနေသည် တုန်ရီတိုးလျစွာ ရောက်ရှိ လာခဲ့ပြန်ပါပြီ။    

အိမ်ရှေ့က ကွင်းပြင်ကြီးထဲမှာ ကလေးတွေ စွန်လွှတ်နေကြတယ်။ ငယ်ငယ်တုန်းကတော့ စွန်လွှတ်တယ် ဆိုတာဟာ သိပ်ကိုစွန့်စားရတဲ့ အလုပ်ပဲဆိုတာ  မသိဘဲနဲ့  စွန်လွှတ်ခဲ့ကြတယ်။ အရွယ်ရောက် လာတော့ လည်း စွန့်စားရတဲ့ အလုပ်ဆိုတာ သိရက်နဲ့ပဲ စွန်လွှတ် နေကြတာပါပဲ။ ရုတ်တရက် ကြိုးပြတ်သွားတဲ့ စွန်ကလေးရဲ့ နောက်ကို ကောင်လေးတစ်ယောက်  အပြေးအလွှား လိုက်နေတယ်။ လေထဲမှာလွင့်နေတဲ့ ကြိုးပြတ် အစလေးကို သူ့ရဲ့ အရပ်ပုပုကလေးနဲ့ မမှီမကမ်းခုန်ဖမ်းဖို့ ကြိုးစားနေတယ်။ မမှီနိုင်တော့တဲ့ အဆုံးမှာတော့ ကောင်လေးဟာ တရွေ့ရွေ့နဲ့ လွင့်ဝေးသွားတဲ့ သူ့ရဲ့ စွန်ကလေးကို ရစ်ဘီးလုံလေး ပိုက်ရင်းနဲ့ပဲ ငေးကြည့် နေပါတော့တယ်။ ကောင်လေးဟာ သူ့ကိုကျောပေးထားတဲ့ အနေအထားနဲ့ ရပ်နေတာမို့ ကောင်လေးရဲ့ မျက်ဝန်းတွေမှာ မျက်ရည်စတွေ ဝေ့သီနေသလား ဆိုတာကိုတော့ သူ မမြင်ရပါဘူး။ ကောင်လေးခမျာ ၀မ်းနည်းနေမှာတော့ အသေအချာပဲ။

"ချာတိတ်ရေ..မင်းရဲ့ စွန်ကလေးကိုတစ်နေ့နေ့ ပြန် တွေ့ရင်တွေ့မှာပါကွာ"

အဲဒီလို ကောင်လေးရဲ့ စိတ်ထဲက ၀မ်းနည်းမှုတွေကို မျှော်လင့်ချက်လေး အနည်းငယ်နဲ့ပဲ ဖြစ်ဖြစ် ဖြေလျော့ ပေးလိုက်ချင်ပါရဲ့။ ၀မ်းနည်းမှုတွေထဲမှာ ကျွံကျ နစ်မြုပ်သွားတဲ့ စိတ်ဟာ မျှော်လင့်ချက်ကလေး တစ်ခု တစ်လေကို ဆွဲကိုင်ခွင့် ရလိုက်တဲ့အခါ နည်းနည်းပဲ ဖြစ်ဖြစ် သက်သာရာတော့ ရသွားမှာပဲ မဟုတ်လား။ ဒါပေမယ့် ငယ်ငယ်က ပျောက်ဆုံးခဲ့ရတဲ့ သူ့ရဲ့စွန်ကလေးကို သူကိုယ်တိုင်လည်း အခုအချိန်အထိ  ပြန်ရှာ မတွေ့နိုင်သေးဘူး ဆိုတာကိုတော့ ကောင်လေးမသိအောင် ဖုံးကွယ်ထားဖို့ လိုအပ်မှာပေါ့။ ကြိုးပြတ် လွင့်မျော သွားတဲ့ စွန်ကလေးရဲ့  နောက်ကိုလိုက်ရင်းနဲ့ သူဟာ နှစ်ပေါင်းများစွာ အိမ်ကို ပြန်မလာ နိုင်ခဲ့ဘူး ဆိုတာ အခုလိုအချိန်မျိုးမှာ ကောင်လေးကိုပြောပြဖို့ မသင့်လျော်တဲ့ ပုံပြင်အို တစ်ပုဒ်ပဲလေ။

အဲဒီအချိန်မှာပဲ သူရဲ့ မြင်ကွင်းထဲကို နွားလှည်းတစ်စီးက တရွေ့ရွေ့နဲ့ ဖြတ်မောင်း ၀င်လာပါတယ်။ လှည်းနောက်မှာ တလိမ့်လိမ့် ကပ်ပါလာတဲ့ ဖုန်လုံးကြီးတွေရဲ့အောက်မှာ စွန်ကလေးကို နှမြောတသစွာ ငေးမောနေတဲ့ ကောင်ကလေးရဲ့ ပုံရိပ်ဟာ ပျောက်ကွယ် သွားပါတယ်။ သူ့ရဲ့ အာရုံတွေကလည်း ကောင်လေး အပေါ်ကနေ ဖြတ်မောင်းသွားတဲ့ နွားလှည်းရဲ့ အပေါ်ကို ကူးပြောင်း ရောက်ရှိသွားပါတယ်။ ဖုန်လုံးကြီးတွေကိုကြည့်ရင်း သူဟာ နှာခေါင်းကို လက်ဖ၀ါးနဲ့ အုပ်ထားမိတယ်ဆိုတာ သူ့ကိုယ်သူ သတိ ထားလိုက်မိတယ်။ ဒါဟာ ဒီပတ်ဝန်းကျင် ဒီဒေသမှာ နေထိုင်အသားကျ နေတဲ့သူတွေ လုပ်လေ့လုပ်ထ သိပ်မရှိတဲ့ အမူအကျင့်တစ်ခုပဲ။ ဖုန်တွေသဲတွေကြားမှာ လှုပ်ရှားသွားလာနေကြသူတွေ အဖို့ ဒါဟာ မထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခုပဲလေ။ ဆိုတော့ သူဟာ  ဒီပတ်ဝန်းကျင် ဒီဒေသနဲ့ ကင်းကွာခဲ့ရတာ ဘယ်လောက် တောင်များ ကြာမြင့်ခဲ့ပြီတဲ့လဲ။ အချိန်ကာလတစ်ခု အတိအကျ မပြောနိုင်ရင်တောင် ဒီဒေသ ရဲ့ ဓလေ့စရိုက်တွေကို မေ့လျော့သွားလုနီးပါး ကြာမြင့်ခဲ့ပြီလို့ ဆိုရမှာပါပဲ။  သူ ဒီလို နွားလှည်းကို အပြင်မှာ မမြင်ရတာလည်း ကြာပြီကောလေ။

လေရူးတစ်ချက်က ဝှေ့ခနဲ တိုက်ခတ်လိုက်ပါတယ်။ သူ့ရဲ့ ရှည်လျား တွန့်လိမ်နေတဲ့ ကြမ်းထော်ထော် ဆံပင်တွေ တဖျတ်ဖျတ် လွင့်နေအောင် တိုက်ခတ်လိုက်တဲ့ အဲဒီ ‘လေ’ ကို ‘လေရူး’ လို့ သုံးနှုန်း လိုက်ရ ခြင်းအပေါ်မှာ သူ တကယ်တော့ စိတ်မကောင်း ဖြစ်မိတယ်။ "တိုက်ခတ်စရာ ဦးတည်ရာအရပ် ပျောက်ဆုံး နေသော လေ" ရယ်လို့ စာအုပ်ကြီးတွေထဲက လေသံအတိုင်း သုံးနှုန်းလိုက်ဖို့ ကိုတော့ မရည်ရွယ် ပါဘူးလေ။ ဒါပေယ့် ဦးတည်ရာအရပ် ပျောက်ဆုံးခဲ့ရခြင်းကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ ဖြတ်သန်းခဲ့ရသူ တစ်ယောက်အဖို့ ‘လေရူး’  လို့ ခေါ်ဆို လိုက်ရတာကိုတော့ စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ။

လေအဝှေ့မှာ သူ့အပေါ်ကို အုပ်မိုးနေတဲ့ သစ်ပင်ကြီးရဲ့ ကျိုးတို့ကျဲတဲ အကိုင်းတွေမှာ ခိုတွဲ ကျန်ရစ် နေကြတဲ့ ရွက်ဝါလေးတွေခမျာ တဖျောဖျော ကြွေကျကုန်ပါတော့တယ်။ ဒါဟာ နွေဦးလား။ နွေဦးရယ်တော့ ပီပီသသ မမြည်သေးဘူး ထင်ပါရဲ့။ ဆောင်းရဲ့ အအေးဓာတ်မှ လုံးလုံးလျားလျား မကုန်စင် သေးဘဲ။   အခု တိုက်ခတ်လိုက်တဲ့လေဟာ ဆောင်းကြွင်း မြောက်ပြန်လေ ဖြစ်မယ်ပေါ့။ တစ်ဝက် တစ်ပျက်ပဲ ဆွဲတင် ထားတဲ့ အနွေးထည်ရဲ့ ဇစ်ကို မေးဖျားအထိ အဆုံးဆွဲတင်လိုက်ပါတယ်။ သူဟာ ဘာမှ မပြောပလောက်တဲ့ အအေးဒဏ်ကိုတောင် ခံနိုင်ရည် မရှိတော့ဘူး။ ဆောင်းနဲ့ ထိတွေ့ခွင့်မရတာပဲ နှစ်တွေ မနည်းတော့ ဘူးလေ။

လွန်ခဲ့တဲ့ နှစ်ကာလတစ်ခုမှာပေါ့။ သူ့ရဲ့ အမေဟာ အိမ်ရှေ့မှာ ကြက်ကလေးတွေကို အစာကျွေးနေတယ်။ ပါးစပ်က တတီတီ နဲ့ ကြက်တွေကို အော်ခေါ်နေရင်းပေါ့။ အမေက အစာ လာစားကြတဲ့ ကြက်တွေကို ဘယ်နှစ်ကောင်လဲဆိုတာ ရေတွက်နေတယ်။ တစ်ကောင်ချင်းစီရဲ့ ဖြစ်နိုင်ချေ အလေးချိန်ကိုလည်း ခန့်မှန်း ကြည့်နေတယ်။ ဈေးကွက်မှာ အလေးချိန် တပိသာကို ဘယ်ဈေး ပေါက်သလဲဆိုတာနဲ့ ချိန်ထိုးပြီး ငွေကြေး အားဖြင့် ဘယ်လောက်ရမယ် ဆိုတာကိုပါ တွက်ချက်ကြည့်တယ်။အဲသလိုနဲ့ အမေမွေးထားတဲ့ ကြက်တွေ အကုန် ရောင်းထုတ်ပြီးသွားတဲ့ နောက်မှာပဲ အနွေးထည် တစ်ထည် ၀ယ်ဖို့ လုံလောက်တဲ့ ငွေကြေးပမာဏ ကို အမေက သူ့ကိုပေးခဲ့တယ်။ အဲဒါ အခုသူဝတ်ထားတဲ့ အနွေးထည်လေးပေါ့။ အနွေးထည်လေးခမျာ နှစ်ပေါင်းများစွာ သူ ချန်ထားရစ်ခဲ့ရတဲ့ ထင်းရူး သေတ္ထာလေးထဲမှာပဲ ပိုင်ရှင်ကင်းဝေးစွာ ခိုအောင်း နေခဲ့ရ ရှာပါတယ်။

လှေကားခြေရင်းက ဖိနပ်ခုံလေးပေါ်မှာ အနက်ရောင် ကတ္တီပါ ဖိနပ်ကလေး တစ်ရံကလည်း သူ ထားရစ် ခဲ့တဲ့အတိုင်း နေရာမယွင်း ရှိနေတယ်။ ဖိနပ်သဲကြိုးလေးတွေမှာ ပင့်ကူ မျှင်တွေတောင် သွယ်တန်းနေပါရဲ့။ သူ့ရဲ့ ခြေထောက်တွေဟာ ကတ္တီပါ ဖိနပ်ကလေးနဲ့  တော်မှတော်ပါဦးမလား ဆိုတဲ့ စိုးရိမ်စိတ် နဲ့ပဲ သူ ဖိနပ်ကလေးကို ပြန်မစီးဖြစ်တော့ပါဘူး။ ကတ္တီပါဖိနပ် စီးခဲ့ဖူးသော နေ့စွဲများဟာ ပြန်ရှာဖို့ မလွယ်ကူ တော့တဲ့ ဒိုင်ယာယီစာအုပ် အဟောင်းလေးတွေနဲ့အတူ ပျောက်ကွယ်ခဲ့ပါပြီလေ။

"ဟေးး ကြည့်စမ်းဟ... မန်ကျည်းရွက်ကလေးတွေတောင် အိပ်ကုန်ကြပြီ"

မှုန်ရီဝိုးဝါး ညနေခင်းတစ်ခုမှာ တစ်ယောက်ယောက်က အဲဒီလို ပြောလိုက်ပါတယ်။ ဘယ်သူက ပြောလိုက်တာလဲ။ ဘယ်တုန်းက ပြောခဲ့လိုက်တာလဲ ဆိုတာတော့ သူ့ရဲ့ မှတ်ဥာဏ်က ပြန်လည် ဖော်ပြ နိုင်စွမ်း မရှိတော့ဘူး။ အရွက် ရိုးတံ တစ်ဖက်တစ်ချက်စီက မန်ကျည်းရွက် သေးသေး ရှည်ရှည် လေး တွေဟာ ညနေရောက်တာနဲ့ တစ်ရွက်နဲ့တစ်ရွက် မျက်နှာချင်းဆိုင် ပူးကပ်သွားကြပါတယ်။ ဒါကိုပဲ မန်ကျည်းရွက် ကလေးတွေ အိပ်ကုန်ကြပြီလို့ တစ်စုံတစ်ယောက်က ပြောလိုက်တာပေါ့။ ဒါဟာ သိပ်ကိုလှ ပြီး သိပ်ကို ကဗျာဆန်တဲ့ စကားပဲဆိုတာ အဲဒီအချိန်တုန်းကတော့ သူ သတိမထားမိခဲ့ဘူး ထင်ပါရဲ့။ တကယ်တော့ ဒါဟာသိပ်ပြီးတော့ လူသားဆန်တဲ့ စကားလည်းပဲ ဖြစ်ပါတယ်။

“မန်ကျည်းရွက်ကလေးတွေတောင်  အိပ်ကုန်ကြပြီ....” တဲ့။

ဟိုး...အဝေးဆီက လွင့်ပျံလာတဲ့ အသံချဲ့စက်အသံက ဟင်္သာတ ထွန်းရင်ရဲ့ လူကြီးတွေသိမှာစိုးတယ် သီချင်း ဖြစ်နေတယ်။ မှိုင်းရီနေတဲ့ ညနေခင်းတစ်ခုမှာ အဲဒီသီချင်းကို အသံချဲ့စက်ကနေ ကြားခဲ့ရဖူးတယ်။ အမှတ်မမှားဘူး ဆိုရင် အဲဒီညနေခင်းဟာ ဆောင်းညနေခင်းတစ်ခုပဲ။ ညနေ၀င်စ အချိန်မှာပေါ့။ လက်ဖျား မှာ စိုစွတ်နေတဲ့ ချွေးစတွေ၊ ဆောင်းညရဲ့ တဖြည်းဖြည်းချင်း တရွေ့ရွေ့ အေးစိမ့်လာမှု ၊ တလောကလုံး မှိုင်းဝေနေတဲ့အချိန် အသံချဲ့စက်ကနေ လွင့်ပျံလာတဲ့ သီချင်းသံ၊ ခြေထောက်အစုံက ထိတွေ့ခံစားနေရတဲ့ သဲလုံးကြမ်းကြမ်းတွေနဲ့မြေကြီးရဲ့ ဆောင်းဓာတ်ကြောင့် အေးစက်နေမှု၊  အနီးနားက အိမ်တစ်အိမ်အိမ်ရဲ့ မီးဖိုဆီက လွင့်လာတဲ့ ဟင်းအိုးကပ်ညှော်နံ့ အဲဒီ အရာတွေနဲ့ ယှက်ဖွဲ့ထားတဲ့ အာရုံ အစုအဝေး တစ်ခုဟာ သူ့ မှတ်ဥာဏ်ရဲ့  တစ်ထောင့် တစ်နေရာမှာ စွဲစွဲထင်ထင်ကြီး ငြိစွန်းနေခဲ့တာပေါ့။

          “လူကြီးတွေသိမှာစိုးတယ်
          တိုးတိုးလေး ဖွင့်ပြောစမ်းပါ့ကွယ်”

ဝှေ့ခနဲ တစ်ချက် တိုက်ခတ်လိုက်တဲ့ လေထဲမှာ ညမွှေးပန်းရနံ့တွေ လွင့်ပါလာတာကို သူ သတိပြုမိလိုက် တယ်။ ဟိုး တစ်ချိန်တုန်းကတော့ အိမ်ရှေ့မှာ ညမွှေးပန်းပင်လေး ရှိခဲ့ဖူးပါတယ်။ ညရောက်တာနဲ့ မွှေးရနံ့ တွေ လွှင့်ထုတ်ပေးနေကျ အဲဒီ ပန်းပင်ကလေး မရှိတော့တာဟာ အချိန်အတော် ကြာခဲ့ပါပြီ။ အခု ရနေတဲ့ ညမွှေးပန်းရနံ့ဟာ ဘယ်က လာတာပါလိမ့်။ ရနံ့ကိုတော့ ရတယ်။ ရနံ့ရဲ့ လာရာ ကိုတော့ မသိဘူး။

တစ်စုံတစ်ခုကို အတွေးလွန်နေရင်း ဆင်းရမယ့် မှတ်ကို ကျော်သွားတဲ့ ဘက်စ်ကားစီး ခရီးသည် တစ် ယောက်လို သူ့ရဲ့ စိတ်မှာ ထိတ်ခနဲ ဖြစ်သွားမိတယ်။ ညမွှေးပန်း လေးတွေ ပွင့်နေ မွှေးနေပြီ ဆိုတော့ ည ရောက်ပြီပေါ့။ ဒါဆိုရင်....။

ညနေဟာ တိတ်တဆိတ် ပြန်လည် ထွက်ခွာသွားပြန်ပြီပဲ။ သူ မျက်လုံး  အစုံကို ဘယ်တော့မှ ပြန်မဖွင့်တော့ မယ့်ပုံမျိုးနဲ့  ခပ်တင်းတင်းပဲ မှိတ်ချလိုက်မိပါတယ်။

ညနေဟာ မှုန်ရီဖျော့လျစွာပဲ ပြန်လည် ထွက်ခွါသွားခဲ့ပြန်ပါပြီ ။      ။

                                                                                          လင်းဝေအိမ်

01 October 2014

“သီချင်း အသေ"

“သီချင်း အသေ"


Intro: 

လှသွားတဲ့ မြင်ကွင်းလို့ နိုင်တဲ့သူက ပြောတယ်။
လုသွားတဲ့ မြင်ကွင်းလို့  ရှုံးတဲ့သူက ပြောတယ်။


Verse 1:

ဂစ်တာကြိုး နံပါတ်(၁) ထဲကိုတိုးဝင်သွားတဲ့ အရိပ်ဟာ အင်္ဂါမစုံတဲ့ ချစ်ခြင်းမေတ္ထာနဲ့ သစ္စာတရားကို ခေါစာ ပစ်ကျွေးခဲ့သူ ။ ညာသံစူးစူးရှရှတွေနဲ့ ယှက်ဖွဲ့ထားတဲ့ အနက်ရောင် နှင်းဆီတစ်ပွင့်ကို ရင်ဘတ် တည့်တည့် ဆီချိန်ရွယ်ပြီး ခလုတ်ကိုဖြုတ်ချလိုက်တယ်။ လူတစ်ယောက် သေတယ်ဆိုတာ  ဂစ်တာကြိုး တစ်ချောင်း ထောင်းခနဲ ပြတ်သွား သလောက်ပါပဲ။ သီချင်းအသစ်အတွက် ကြိုးအသစ် တစ်ချောင်း လဲလှယ် တပ်ဆင် လိုက်ပါလေ။ သီချင်းအဟောင်းနဲ့ ကြိုးအဟောင်းလေးကို အမှိုက်ပုံးက စောင့်ကြိုနေပါလိမ့်မယ်။ တခုတ် တရ ပြောဆိုချစ်ခင်ခြင်းခံခဲ့ရတဲ့ လက်ချောင်း သွယ်သွယ် လျလျလေးတွေဟာ ဂစ်တာ ဖလက်တံပေါ်မှာ ကော့ဒ် တွေကို သေသပ် လှပစွာ ပုံဖော် ဖန်တီးနိုင်တတ်ခဲ့ပေမယ့် ငွေစက္ကူတွေ အထပ်လိုက်စီထားတာ သိပ်များလွန်းနေရင် မရေတွက် တတ်ရှာဘူး။ ရှက်လွန်းလာတဲ့အခါ အုတ်ခုံလေး ပေါ်မှာ ဂစ်တာလေး ကြေမွသွားတာပါပဲ။ ပြန့်ကျဲနေတဲ့ သီချင်းစာရွက်တွေပေါ်မှာ သီချင်းစာသားတွေဟာ အော်ဟစ် အက်ကွဲ တုန်ခါနေတယ်။

 တံခါးမရှိတဲ့ အခန်းကျဉ်းလေးထဲက  ယိုင်နဲ့နဲ့ ခေါက်ကုတင်လေးဟာ အိပ်ယာခင်း အလွတ်ကလေးကိုပဲ ထမ်းပိုးထားရတဲ့ ညတွေ များလာတဲ့အခါ ၀မ်းနည်းသံတွေ တကျွီကျွီ ထွက်လာတယ်။ အလင်းဆိုင်လေး တွေမှာ ညလုံးပေါက် ထိုင်နေရင်း အလင်းကို ရှာဖွေမတွေ့နိုင်သူ တစ်ယောက်အဖို့ မိုးလင်းသွားပေမယ့် မှောင်နေဆဲပါပဲ။ အပြန်လမ်းပေါ်မှာ မျက်ရည်တွေ လွှမ်းပြီး ပိတ်ဆို့နေတယ်။ ဂျင်းဘောင်းဘီကို အနား ခေါက်ပြီး ဒူးခေါင်းအထိ လိပ်တင်လိုက်တယ် ။ ခြေသလုံးသားပေါ်က ဆာမူရိုင်း တက်တူးအရုပ်ရဲ့ လက်ထဲ မှာ  ကိုင်မြှောက်ထားတဲ့ ဓားသွားတလျှောက် မာနတွေ နီရဲ စိုစွတ် စွန်းထင်း နေတယ်။ ဆာလောင်မှု၊ တပ်မက်မှု တွေကို မာနနဲ့ တောင့်ခံရတဲ့အခါ အံသွားတွေ နာကျင်လွန်းလှပါတယ်။



Verse 2:

စန္ဒယားကို ခလုတ်အဖြူလေးတွေနဲ့ပဲ အသုံးပြု တီးခတ်တတ်ခဲ့သူကို ခလုတ်အနက် ကလေးတွေကိုပါ အသုံးပြု တီးခတ်တတ်လာအောင် သင်ကြားပေးခြင်းခံခဲ့ရပြီး နောက်မှာပဲ နာကျင်စရာတွေဟာ သံစုံမြည် လာခဲ့ပါတယ်။ John Lennon ရဲ့ Imagine သီချင်းကို တီးခတ်နေတဲ့ နူးညံ့သိမ်မွေ့သော လက်ချောင်းဖြူဖြူ သွယ်သွယ်လေးတွေ..။ မဟာဂီတ ကြိုးသီချင်း တစ်ပုဒ်ပုဒ်ကို တီးခတ်နေတဲ့ မာကျော သိမ်မွေ့သော လက်ချောင်း ညိုညို ရှည်ရှည်လေးတွေ..။ တည်ငြိမ်မှုတွေနဲ့ အိနြေ္ဒရနေတဲ့  စန္ဒယားအိုကြီးကတော့ လက်ချောင်းကလေးတွေရဲ့ ပုံပြင်ကို မသိနားမလည်ချင်စွာ  လက်ချောင်းကလေးတွေရဲ့ ဖန်တီး စေခိုင်းမှု အတိုင်း ဂီတသံတွေကိုသာ အန်ထုတ်ပေးနေပါတယ်။

အနက်ရောင် နှင်းဆီပွင့် တစ်ဆယ့်သုံးပွင့်ကို စန္ဒယားခလုတ်တွေပေါ်မှာ တင်ထားတယ်။ အသံတစ်သံ အတွက် နှင်းဆီပွင့် တစ်ပွင့်နှုန်းဆိုရင် စန္ဒယားကြီးမှာ အသံ တဆယ့်နှစ်သံပဲ ရှိတဲ့အတွက် ပိုတဲ့ နှင်းဆီ တစ်ပွင့်ဟာ ကံဆိုးသူတစ်ယောက်အတွက်ပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။ နှင်းဆီအနက်ကို ကံဆိုးခြင်း လို့ နိမိတ်ကောက်ယူလိုက်လို့ရမလား။ ဒါဆို စန္ဒယား ခလုတ်အနက် ကလေးတွေကရော နာကျင်စရာ တွေကို သယ်ဆောင် လာခဲ့ကြသူတွေပဲလား ။ အနက်ရောင် စန္ဒယားကြီးကတော့ တိတ်ဆိတ်ခြင်းကို တွေတွေကြီး ငေးစိုက်ကြည့်နေပါတယ်။ မျက်ဝန်း နက်နက်ကလေးတွေက ဘာကိုမှ နားမလည်နိုင်စွာ ချာချာလည်လို့ ။


Pre Chorus:

အနက်ရောင်တွေဆီက လွင့်ထွက်လာတဲ့ အသံဟာ လိပ်ပြာလေးရဲ့ အတောင်ပံတွေကို ထိုးခွဲသွားတယ်။
တ၀ီဝီလည်နေတဲ့ ပန်ကာလေး ရပ်သွားမယ့် အချိန်ကို စက္ကန့်လက်တံတွေပေါ်မှာ ထိုင်လိုက်ရင်း စောင့်စား နေရ။ နွေဦးကိုစောင့်ရ။ ညစာ ကိုစောင့်ရ။ ရောက်မလာမယ့်ခြေသံကို စောင့်ရ။  နောက်ဆုံးတစ်နေ့ ကို စောင့်ရ ။ ပုဒ်မချလိုက်ရ မလိုလို ။ ပုဒ်ထီးချလိုက်ရ မလိုလို ။ ရွေးချယ်ခွင့်မရှိတဲ့ သေခြင်းတရား သည်သာ လူတွေအပေါ် ဒုက္ခပေးမှု အနည်းဆုံးအရာပဲ။


Chorus:

လည်နေတဲ့ ဓာတ်ြ့ပားက ရပ်သွားပြီ။လွင့်နေတဲ့ သီချင်းက မရပ်နိုင်သေးဘူး။ ချိုးငှက်တကောင်ရဲ့ တကူးကူး ကူသံက  ပြတင်းတံခါးမှန်ကို တိုးတိုးလေးလာခေါက်နေတယ်။ တစ်စုံတစ်ရာကို ကြောက်ရွံ့စွာ ခန်းဆီးစ လေးတွေက တဖျတ်ဖျတ်တုန်ခါလို့ ။


ကျေးဇူးပြုပြီး ကိုစောညိန်းရဲ့ ပွင့်ဦးသီချင်းကို ဖွင့်မပေးကြပါနဲ့။
ကျေးဇူးပြုပြီး နာမည်ကို မခေါ်ကြပါနဲ့။
ကျေးဇူပြုပြီး အိမ်ခြံမြေဈေးကွက်အကြောင်း (မစားရ၀ခမန်း) အော်ကြီးဟစ်ကျယ် လာလာမပြောကြပါနဲ့ ။
ကျေးဇူးပြုပြီး ကဗျာမရွတ်ပါနဲ့။
ကျေးဇူးပြုပြီး သော့ခတ်ထားတဲ့ စန္ဒယားကြီးရဲ့ အဖုံးကိုမဖွင့်ကြပါနဲ့။
ကျေးဇူးပြုပြီး ဘာအကြောင်းကြောင့်မှ အော်ဟစ်မရယ်မောကြပါနဲ့။

တိမ်တွေကို ဘယ်သူမှ မပိုင်ဆိုင်ဘူး။
တိမ်တွေကို လူတိုင်း  ပိုင်ဆိုင်တယ်။


Verse 3:

“စာရွက်ပေါ်မှာ ရေးထားပြီးသား ဂီတ သင်္ကေတ တွေကို
ကြည့်ပြီး တီးခတ်ရသလို ဘ၀က  လွယ်ကူမှာမဟုတ်ဘူး”

လက်ချောင်းဖြူဖြူလေးတွေရဲ့ ပိုင်ရှင်က အဲဒီလိုပြောလိုက်တယ်။

“လွယ်ကူခြင်းမှာ သာယာပျော်မွေ့မယ်ဆိုရင်
ခုလို စန္ဒယားခုံပေါ်မှာထိုင်ပြီး စန္ဒယားကို ဘယ်တီးခတ်နေပါ့မလဲ
သက်တောင့်သက်သာဖြစ်မယ့် ဆိုဖာ တစ်ခုခုမှာထိုင်ပြီး
အလွယ်တကူရနိုင်တဲ့ တစ်ယောက်ယောက်ရဲ့ စန္ဒယားလက်သံကိုပဲ
အေးအေးလူလူ နားထောင်နေလိုက်တော့မှာပေါ့”

လက်ချောင်း ညိုညိုလေးတွေရဲ့ ပိုင်ရှင်က အဲဒီလို ပြန်ပြောလိုက်တယ်။ အဲဒီနေ့တုန်းက ဘယ်သူမှ စန္ဒယား မတီးဖြစ်ကြဘူး။

ခါတိုင်း စန္ဒယား ခလုပ်တွေပေါ်မှာ စုန်ချည် ဆန်ချည် ပြေးလွှားလှုပ်ရှားရင်း ဂီတသံစဉ်တွေကို ဖန်တီးနေကျ လက်ချောင်းလေးတွေဟာ အခု လုပ်နေကျအလုပ်ကို မလုပ်ကြရတဲ့အခါ ယောင်တောင်တောင် ဖြစ်နေ ကြရှာတယ်။ လက်ချောင်းညိုညိုလေးတွေက စန္ဒယားကြီးရဲ့အဖုံးကို တဒေါက်ဒေါက်မြည်အောင် လေးလေး တွဲ့တွဲ့စည်းချက်နဲ့ ခေါက်နေတယ်။ လက်ချောင်းဖြူဖြူလေးတွေကတော့ လက်ချောင်းရဲ့ လက်ဆစ် ကလေးတွေကို တဖျောက်ဖျောက်မြည်အောင် ချိုးပြီး ဆော့ကစားနေတယ်။ အပြင်မှာရွာနေတဲ့ မိုးရေတွေ ဟာ ဘာအရောင်လဲဆိုတာကို လက်ချောင်းဖြူဖြူလေးတွေရော လက်ချောင်းညိုညိုလေးတွေပါ တွေး ဖြစ်ကြပုံမပေါ်ဘူး။

အပြင်ဘက်မှာ မိုးဟာ တဝေါဝေါနဲ့။ အသိုက်ထဲက ထွက်လာမယ့် သားကောင်လေးတွေ ကို စောင့်ဆိုင်း နေတဲ့ ၀ံပုလွေတစ်ကောင်လို မိုး ဟာ အပြင်မှာ စောင့်ဆိုင်းနေတယ်။ မိုးရေတွေထဲမှာ စိုရွှဲ စုတ်ပြဲ ပျက်စီး သွားရတော့မယ့် သီချင်းစာရွက်တစ်ရွက်လို တရွေ့ရွေ့သွားနေတဲ့နာရီဟာ တအိအိ ပျော့တွဲ ကျလာ နေတယ်။

Ending :

တိမ်တွေကို ဘယ်သူမှ မပိုင်ဆိုင်ဘူး။
တိမ်တွေကို လူတိုင်း  ပိုင်ဆိုင်တယ်။

Fade Out

                                                                        လင်းဝေအိမ်

12 September 2014

“ဘုံ”

“ဘုံ”

ခုံပုပုလေးတွေ ခင်းထားသော လက်ဖက်ရည်ဆိုင်ကိုမှ ရွေးပြီးထိုင်တတ်သည့် သူငယ်ချင်းတစ်စုနှင့် အတူ ဖြတ်သန်းခဲ့ဖူးသော ဒူးထောင်ပေါင်ကား နေ့စွဲများတွင် ငြိကျန်ခဲ့သည့် တစ်ပတ်နွမ်း စွပ်ကျယ် ခပ်ညစ်ညစ် ကလေးကို အပြင်းအထန် သတိရနေမိသည်။ တိုက်ခန်း၏ လူခေါ် ခေါင်းလောင်းကြိုးကလေးအား တစ်စုံ တစ်ယောက် လာဆွဲမည့် အချိန်ကို မျှော်လင့်တကြီး စောင့်နေခဲ့ရဖူးသည်။ တရွေ့ရွေ့ တိုးတိမ်သွားသည့် အမှိုက်သိမ်းလှည်း၏ ခေါင်းလောင်းသံက မရှိမဲ့ ရှိမဲ့ တက်ကြွမှု လက်ကျန်ကလေးများကိုပါ ထိုးသိပ် ဖိနှိပ်ကာ သိမ်းယူ သွားသည်။ အကြိမ်ပေါင်းများစွာဖွင့်ဖို့ ကြိုးစားနေမိသမျှ အကြိမ်ပေါင်းများစွာပင် ပွင့်မလာနိုင်သော ဒဏ်ရာရ ကွန်ပြူတာတစ်လုံး၏ တတီတီ အော်ငြီးသံကို အေးစက်စက် ကော်ဖီ တစ်ခွက်ဖြင့် ခုခံ ကုသ နေရသည်။ ပြန့်ကျဲနေသော အမျိုးအမည်စုံလင်လှသည့် သီချင်းစာအုပ်များ၊ DVD/VCD အခွေများ၊ ကဗျာစာအုပ်များ၊ တွန့်ကြေနေသာ အိပ်ယာခင်း၊ ပုံလျက်သား ပုဆိုးများ၊ စောင်များ စသည့် ရံရွေတော်များ၏အလယ်တွင် အိုးကွဲနေသော အသံကြောင် ဂစ်တာတစ်လက်က ပက်လက်ကြီး စံမြန်း နေသည်။ ပြတ်သွားသည့် နံပါတ်(၁) ဂစ်တာကြိုးကို တစ်ယောက်ယောက်က လာပြီး ပြန်လည် တပ်ဆင် ပေးလိမ့်မည်ဟု ဘယ်လို ယုံကြည်မှုမျိုးနှင့် မျှော်လင့် နေမိပါသနည်း။


အခန်းတံခါးကို အေးစက်စက်ကြီး ခေါက်လိုက်သည့် အသံဖြင့် အလန့်တကြား နိုးထလိုက်ရသော မနက်ခင်းများစွာတို့သည် နှုတ်ခမ်းပဲ့နေသော ဆေးခံခွက် အအိုကလေးထဲတွင် ပြာမှုန်များနှင့်အတူ ထိုးချေ ငြိမ်းသတ်ထားခြင်း ခံနေကြရသည်။ ၀ရန်တာမှ အောက်သို့ ငုံကိုင်းကြည့်လိုက်တိုင်း ရင်ဘတ်ထဲတွင် တလှပ်လှပ် ဖြစ်သွားသည့် ခံစားမှုမှာ ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရစဉ်ကအတိုင်း လတ်ဆတ်နေဆဲ။ တလှပ်လှပ် ဖြစ်နေဆဲ။ ထိတ်လန့် ကြောက်ရွံ့စွာပင် နှစ်သက် စွဲလန်းမိသော ဝေဒနာ..။


တိုက်ခန်းများ၏ မှောင်မည်းနေသော လှေကား တစ်လျောက် တရွေ့ရွေ့တက်လာစဉ် အပေါ်ဆီမှ အရှိန်ဖြင့် ပြေးဆင်း လာသော (သို့မဟုတ်) အောက်မှ အရှိန်ဖြင့် ပြေးတက်လာသော ခပ်ပြင်းပြင်း ခြေသံများကို ကြားလိုက်ရလျှင် ရောက်ရာ လှေကားထစ်၏ ဘေးနံရံ ကို ကပ်၍ ရှောင်တိမ်း ပေးတတ်ခြင်းသည်ပင် အကျင့်တစ်ခု ဖြစ်လာခဲ့သည်။ လူခေါ် ခေါင်းလောင်းကြိုးကို အပေါ်သို့ ဆွဲတင်ထားကာ အခန်းတံခါးကို သော့ခတ်၍ မှောင်မည်းနေသာ အခန်းကျဉ်းထဲတွင် ထူးအိမ်သင်၏ သီချင်း တစ်ပုဒ်ပုဒ်ကို တိုးတိုးလေး ထပ်ကျော့ဖွင့်ထားပြီး စိတ်ကို တတိတိ လှီးဖြတ်ရသည့် အရသာအား နာနာကျင်ကျင် စွဲလန်းနေမိခြင်းသည် အနက်ရောင် စိတ္တဇဖြစ်ကြောင်း ၀န်မခံလိုပါ။ နေရာပြပုဒ် များကိုသာ မြောင်းထဲသို့ သွန်ပစ်လိုက် မည်ဆိုပါလျှင် ထွက်ခွာခြင်းသည်ပင် ဆိုက်ရောက်ခြင်း၏ အစဖြစ်ကြောင်း တံခါးပိတ် ယုံကြည်၍ ရပါလိမ့်မည်။


ဆိုင်းထမ်းဖြင့်ထမ်း၍ ရောင်းချသော ကုန်စိမ်းဈေးသည် တစ်ယောက်လို အစိမ်းရောင်တွေကို ထမ်းပိုးကာ လမ်းတွေပေါ်မှာ လျှောက်သွားချင်နေမိသည်။သို့သော် စိမ်းစို လတ်ဆတ်မှုသည် စိတ်အလိုအတိုင်းလိုက်၍ မစိမ်းစိုနိုင်ကြောင်းကို ခြောက်သွေ့ ပျက်စီးခဲ့ပြီဖြစ်သော နုပျိုမှု အချို့က သက်သေပြနေကြသည်။ ခေါင်မိုး ကို မိုးစက်များ ရိုက်ခတ်သည့်အသံ တဖျောက်ဖျောက် (သို့မဟုတ်) တဖြောင်းဖြောင်း မကြားရဘဲ အသံတိတ် ရွာနေသော မိုးကို အဓိပ္ပါယ်ဖွင့်ဆိုနေဖို့ မကြိုးစားတော့ဘဲ တိုးတိုးကလေး ငေးနေမိသည်။ မိုးရေထဲမှာ တရွေ့ရွေ့ ထွက်ခွာသွားသူ၏ ခြေသံကို မှုန်မှုန်ဝါးဝါး ကြားနေရသည် ။ အာခေါင်ကိုခြစ်၍ အော်ခေါ်ဖို့ ကြိုးစား လိုက်သည်။ suside လုပ်သွားသည့် အသံ ကို မျက်စိဖြင့် မမြင်မတွေ့ နိုင်ကြသူတို့ ဟက်ဟက် ပက်ပက် ရယ်မော နေကြ၏။


ဘယ်တော့မှ ဖွင့်ဖြစ်တော့မည် မဟုတ်သော ပြတင်းပေါက်တစ်ပေါက်ကို ပိုင်ဆိုင်ထားရခြင်းနှင့် ပတ်သတ်၍ အခန်းကျဉ်းလေးကတော့ ကျေနပ်နိုင်မည် မဟုတ်ပါ။ မျက်စေ့စုံမှိတ်ကာ အညစ်ညမ်းဆုံးသော စကားလုံး ဖြင့် ဆဲရေးပစ်လိုက်သည် ။ လှေကားအတိုင်းတက်လာသော ခြေသံများ၊ လှေကားအတိုင်း ဆင်းလာသော ခြေသံများ၊ အခန်းရှေ့မှ ဖြတ်လျှောက်သွားသော ခြေသံများ၊ ခပ်တိုးတိုး စကားသံများ၊ အော်ကြီးဟစ်ကျယ် စကားသံများ ။သော့ခတ်ကာ ပိတ်ထားသော အခန်းတံခါးရှေ့တွင် လက်ပိုက်ပြီး ရပ်နေရင်း တံခါး၏ အပြင်ဘက်မှ အသံဗလံများကို ကျားနာ တစ်ကောင်လို စူးစူး ရှရှ ကြည့် နေမိသည်။


လမ်းကျဉ်းကျဉ်းလေးထဲမှာ လူတွေက ဖောင်းပွနေသည်။ တိုးနေသည်။ တိုက်နေသည်။ ကျော်နေသည်။ နင်း နေသည်။ မနက်ခင်း ကုန်ဆုံးသွားသည်အထိ မရောင်းရသေးဘဲ ကျန်နေခဲ့သော အီကြာကွေး တစ်ချောင်းလို ပျော့ပြဲ ခွေလျော နေသည့် ယုံကြည်ချက်တို့ဖြင့် ကျီးကန်းများ အသံ တအာအာ အော်မြည် နေကြသည်။ ရနံ့တွေကို ကျဲပက်ဖို့ ကြိုးစားနေသော ပွင့်လက်စ စံပယ်ငုံကလေး ရေနွေးပူဖြင့် အပက် ခံလိုက်ရသည်။ ဆေးပေါ့လိပ်များသည် နောက်ဆုံးထွက်သက်အထိ အလောင်ကျွမ်းခံနေရခြင်းကို ခုခံ ကာကွယ် ငြိမ်းသတ် သွားကြသည်။ ကြိုးဖြင့် တွဲလောင်း ဆွဲထားခြင်း ခံရသော ဂက်စ်မီးခြစ်က အခြေအနေ ပေးသည်နှင့် တပြိုင်နက် မီးလျှံကို အမြင့်ဆုံး တောက်လောင်ပြသည်။ အပူသည် လူသတ်ကောင် တစ်ကောင်လို ခြေသံလုံလုံဖြင့် ချဉ်းကပ်လာတတ်ပါသည်။


ပိတ်ထားသော မှန်ပြတင်းကို တဖျတ်ဖျတ် တိုးဝှေ့နေသည့် လိပ်ပြာတစ်ကောင်၏ အတောင်ပံတွေက  ဆိုညည်းလက်စ တေးသွားကို အဆုံးမသတ်မှီ အသက်ဆုံးစေခဲ့သည်။ သီချင်းသံ ကင်းမဲ့နေသည့် အခါ မီးသဂြိုလ်စက်၏ ခေါင်းတိုင်မှ လွင့်ထွက်လာသော မီးခိုများ ပျင်းရိနေကြ ပါလိမ့်မည်။ ၀ယ်ယူ စုဆောင်း ထားသော စာအုပ်များတွင် မိမိ၏ အမည်ကို ရေးထိုးတတ်သည့် အကျင့်မရှိတော့သည်မှာ ကာလ အတန် ကြာခဲ့ပြီ။ သနပ်ခါး ကြိုက်သည်။ ပိတောက်ပန်း ကြိုက်သည်။ အ၀ါရောင်ကိုတော့ တွေ့ရာ သချိုင်း ဓားမဆိုင်းဘဲ သတ်ပစ်ချင်သည်။ တဖျတ်ဖျတ်လွင့်ခါ မနေဘဲ ငြိမ်သက်နေကာ ရံဖန်ရံခါတွင်မှ အနည်း ငယ်မျှသာ လှုပ်ခါတတ်သော အ၀ါရောင် ခန်းစီးများ၏ တိုက်စစ်ကို အလူးအလဲ ကာကွယ်နေရသည်။ အခန်းထောင့်မှ ပန်းအိုးထဲတွင် နှင်းဆီအပင်ပေါက်ကလေးက နွမ်းဖျော့စွာ ရှင်သန်ခြင်းကို ခြစ်ယူ နေရှာသည်။ အ၀ါရောင် နှင်းဆီများ ပွင့်မလာဖို့ မျှော်လင့်ပါသည်။ တစ်ချိန်က ဗန်ဂိုး၏ နေကြာပန်းများကို ချိတ်ဆွဲ ထားခဲ့ဖူးသော  ဧည့်ခန်းနံရံတွင် အ၀ါရောင်တစ်ချို့  စွန်းထင်းကျန်နေရစ်သည်။


သီချင်းနားထောင်ချင်စိတ် မရှိသောအခါ၊ ဂစ်တာတီးချင်စိတ် မရှိသောအခါ၊ နွမ်းလျနေသော နှင်းဆီပင်ကလေးကို ရေလောင်းချင်စိတ် မရှိသောအခါ၊ စာဖတ်ချင်စိတ် မရှိသောအခါ၊ ကဗျာရေးချင်စိတ် မရှိသောအခါ၊ ဖုန်းခေါ်သံများကို လက်ခံဖြေဆိုချင်စိတ် မရှိသောအခါ ၀ရန်တာလေးဆီသို့ထွက်၍ အောက်ကို ငုံကြည့်နေမိခြင်းသည်သာ တစ်ခုတည်းသော ထွက်ပေါက် ဖြစ်သည်။ ထိုသို့ အမြင့် တစ်နေရာဆီမှ အောက်သို့ ငုံကိုင်းကြည့်လိုက်မိတိုင်း ကြောက်ရွံ ထိတ်လန့်စိတ်တို့ဖြင့် တုန်လှုပ် လာမိသော ခံစားမှုသည်ပင် အ၀ါရောင်များ၏ တိုက်ခိုက် ထိုးနှက်နေမှုကို မေ့လျော့ကာနေစေနိုင်သည့် တစ်ခုတည်းသော အကူအညီလည်း ဖြစ်သည်။


ရှုပ်ထွေးနေသော ဓာတ်ကြိုးများ၏ အောက်တွင် အနက်ရောင် လမ်းမကြီးရှိပါသည်။
ရှုပ်ထွေးနေသော ဓာတ်ကြိုးများ၏ အပေါ်တွင် အသက်ရှင်နေသေးသော လူတစ်ယောက် ရှိနေသည်။ ။

                                                                                လင်းဝေအိမ်

21 August 2014

“အေးစက်နေတဲ့ အရောင်”

“အေးစက်နေတဲ့ အရောင်”

တိမ်တွေကို နာမည် ပေးလိုက်တယ်။ လက်သည်းနဲ့ ခြစ်ချလိုက်တဲ့ ဆေးသားတွေရဲ့ နောက်ကွယ်မှာ အသံ  တစ်ချို့  ပုန်းခို နေကြတယ်။   နာမ၀ိသေသနတွေ  ဆင်မြန်း ထားကြတဲ့ ကောင်မလေးတွေ။ ကြိယာ ၀ိသေသနတွေ ကိုင်ဆွဲထားကြတဲ့ ကောင်လေးတွေ။ ၀တ္ထုတွေထဲဝင်ပြီး  ရုပ်ရှင်တွေ ထဲက ထွက်ခဲ့တယ်။  ဘာတွေ တွေ့ခဲ့လဲလို့  မေးမယ့်သူတွေကို  မျက်နှာ ချင်း မဆိုင်ချင်လို့   ခေါင်းငုံ့ပြီးေ လျှာက်တယ်။  လမ်းတွေကတော့  လမ်းတွေရဲ့ အမူအကျင့် အတိုင်း    ဖြတ်နင်း   လျှောက်သွား  သူတွေရဲ့  စိတ်ခံစားမှုတွေကို ဥပေက္ခာ ပြုကာ လဲလျောင်းနေပါတယ်။

အညိုရောင် ကျောပိုးလွယ်အိတ်လေးထဲမှာ အက္ခရာတွေကို ထိုးသိပ်ထည့်လာခဲ့တယ်။ အဆင်ပြေမယ့် တစ်ချိန်ချိန် တစ်နေရာရာမှာ ၀ါကျတစ်ကြောင်းကို  တည်ဆောက်မယ်။ ကျေးဇူးပြု၍  အသံ ထွက်ပြီး မရွတ်ဖတ်လိုက်ပါနဲ့။

သူတို့ အသုံးပြုနေတဲ့ ဘာသာစကားထဲမှာတော့ ကိုယ်တို့ဟာ အပယ်ခံ အက္ခရာတွေ ။ တနည်းအားဖြင့် သူတို့ရေးနေတဲ့ ၀ါကျထဲက ကိုယ်တို့  ခုန်ထွက်ခဲ့ကြတာ။  စိတ်မလုံခြုံမှု အပေါက်အပြဲလေးရဲ့  ဖာရာထေးရာ ချုပ်ရိုးရာတွေ ကြားမှာ မျက်ရည်စတွေ အဆုပ်လိုက် ပွင့်ဝေနေတယ်။ နှင်းတွေ ဟာ ဖြူမှမဖြူတော့ပဲ။ ရယ်သံတွေမှာ ချိန်ကိုက်ဗုံးတွေနဲ့။

ငွေစက္ကူတွေ အပေါ်မှာ စိုက်ပျိုးမှ ဖြစ်ထွန်းမယ့် သစ်ပင်တွေနဲ့ ကမ္ဘာကြီးက စိန်းလန်း (ယောင်ဆောင်) နေတယ်။ ဘ၀ကို ခဏ ခဏ စိတ်မကောက်  စိတ်မဆိုးနဲ့ လို့တော့ တစ်စုံတစ်ယောက်က မှာလိုက်တယ်။ ရှုသွင်းလိုက်တဲ့  လေထဲမှာ စပယ် ရနံ့တွေ ဖွေးဖွေး လှုပ်နေအောင် ပါမလာနိုင်ခဲ့တာ ကြာပါပြီ။  တွေ့သမျှ တံခါးတွေကို လိုက်ဖွင့်နေမိတယ်။ တွေ့သမျှ ခလုပ် တွေကို လိုက်နှိပ်နေမိတယ်။ တွေ့သမျှ မျက်နှာတိုင်းကို( ကြိုးစားပြီး) ပြုံးပြနေမိတယ်။ ခေါ်သံ တစ်ခုခု ကြားလိုက် တိုင်း လှည့်ကြည့် နေမိတယ်။ ခြေသံတစ်ခုခု ကြားလိုက်တိုင်း  သွေးကြောတွေ ဆတ်ခနဲ လှုပ်ခါသွားတယ်။ တစ်ချက်တစ်ချက် ကြားလိုက်ရတဲ့ ငှက်အော်သံတွေဟာ နာမည် တစ်ခုခုကိုပဲ အော်ခေါ်နေသလိုလို။

ဒဏ်ရာတွေက နာတော့ ကဗျာက ပိုပိုမြည်တယ်။ ၀လုံးလေးတွေခမျာ နားခိုရာ စာမျက်နှာကင်းမဲ့နေကြဆဲ။ မောင်းကျိုးနေတဲ့  ပလက်စတစ် သေနတ်ကလေးနဲ့ ရန်သူ့တပ်ကို တက်သိမ်းလို့ရဦးမယ်ထင်တဲ့ စိတ်က အခုထိ မရင့်ကျက် နိုင်သေးဘူး။ ငယ်ငယ်က စစ်တိုက်တမ်းကစားကြရင် တကယ်မသေဘူးဆိုတာ သိပေမယ့် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက်တော့ ကိုယ့်ကိုယ်ကို ကာကွယ်ခဲ့ကြတာပဲ မဟုတ်လား။ အခု တကယ် သေမယ့်ပွဲတွေကြုံမှ ကာကွယ်ဖို့ ကိုယ်စွမ်း ဥာဏ်စွမ်းတွေက ရှားပါးလိုက်တာ။ လက်ခုပ်နဲ့ ခပ်ယူလိုက်လို့ မရတဲ့ ဖုန်းခေါ်သံတွေထဲမှာ မေတ္တာတရားတွေ ကတော့ ကြည်ကြည် လင်လင်ပါပဲ (အဲဒီလို ကြိုးစားပြီး ယုံကြည်ထားတယ်) ။

ပြတ်အံဆဲဆဲ ဖိနပ်သဲကြိုးလေးအပေါ် ယုံကြည်မှု ကင်းမဲ့သွားခဲ့ခြင်းဟာ အမှန်တရားကို မသွေဖည် ပါဘူးလေ။ ပန်းချီကား ပေါ်မှာ စွန်းထင်းသွားတဲ့ ဆေးစက် တစ်စက်ရဲ့ သက်ရောက်မှုကို နားမလည်သူများ ထွေးထုတ်လိုက်တဲ့ တံတွေးစက်တွေ ထဲမှာတော့ အရောင်တစ်ချို့ လွင့်စင်ပါသွားတယ်။

စန္ဒယားခလုတ်တွေပေါ်မှာ တင်ထားမိတဲ့ လက်ချောင်းတွေက ဘာကို တီးခတ်ရမလဲဆိုတဲ့ စိတ်ရဲ့ အမိန့်ပေး စေခိုင်းမှုကို စောင့်စားနေကြတယ်။ ဒီအချိန်မှာ ပခန်းမင်းသားကြီးရဲ့ အောင်မြေသာစံပတ်ပျိုး ကလွဲရင်  ဘယ်တေးသွားပဲ ဖြစ်ြဖစ် အဆင်ပြေနိုင်ပါတယ်။

“ရွှေပြည်တော် မျှော်တိုင်းဝေး”
“ရွှေပြည်တော် မျှော်တိုင်းဝေး”
“ရွှေပြည်တော် မျှော်တိုင်းဝေး”

အာရုံကို လာရောက်စူးဝင်နေတဲ့ ပတ်ပျိုးထဲက စာသားအချို့ကို ဆွဲထုတ်ဖယ်ရှားပစ်လိုက်ဖို့ မတတ်နိုင်တော့တဲ့ အဆုံး မှာတော့ စန္ဒယားခလုတ်တွေကို  ရည်ရွယ်ရာမဲ့စွာ တီးခတ်ပစ်လိုက်ပြီး စန္ဒယားခုံကထလာခဲ့ ရပါတယ်။

နတ်သျှင်နောင်ရဲ့ "ရင့်မြရွှေကျန်" ဆိုတဲ့စာသားက တဖြည်းဖြည်းချင်း အေးစက် လာနေတဲ့ သောက်လက်စ ကော်ဖီခွက် ထဲကို ဖြုတ်ခနဲ ပြုတ်ကျလာတယ်။ ပြတင်းပေါက်ကို အပြေးအလွှား သွားဖွင့်လိုက်ရတယ်။ ဒဏ်ရာ ရနေတဲ့ တိမ်တစ်ချို့ ရုတ်တရက် လန့်ပျံ ပြေးကုန်ကြတယ်။ လှုပ်ခါနေတဲ့ သစ်ကိုင်းခြောက်ကလေး ကလွဲရင် အရာအားလုံးဟာ ပုံမှန်ပါပဲ။ တိတ်ဆိတ်ခြင်းကို ဘယ်လို အသံထွက်နဲ့ ရွတ်ဆိုပြရပါ့မလဲ။

ကဗျာရွတ်သံ တိုးတိုးညင်းညင်းလေးဟာ အခန်းထဲမှာ စီးကရက်ငွေ့တွေနဲ့အတူ ရောထွေးလွင့်ပျံနေတယ်။ ထိုးစိုက်ထားတဲ့ ပန်းကလေးတွေ မညှိုးနွမ်းသေးခင် ပန်းအိုးကလေး ကွဲအက်သွားခဲ့ရတဲ့ ပုံပြင်ကို ချာချာလည်နေတဲ့ ပန်ကာက လုံးဝ(လုံးဝ) မကြားချင်ဘူး။ သံစုံမြည်နာရီတစ်လုံးရဲ့ အချိန်နာရီအရေအတွက်ကို ညွှန်းဆို တီးခတ် လိုက်တဲ့ ဂီတသံစဉ် တစ်ခုလို အဓိပ္ပါယ် တစ်ခုတစ်လေကို သည်းသည်းမည်းမည်း တောင့်တငတ်မွတ်နေမိတယ်။

နာဖျားနေတဲ့ ကျီးကန်းတစ်ကောင် ရေမြောင်းဘောင်ပေါ်မှာ ကုပ်ကုပ်ကလေး ခိုနားနေတယ်။ရေစီး ရေလာ မကောင်း တဲ့နေ့စွဲတွေမှာ နေရောင်ဟာ ကမ္ဘာမြေပေါ်ကို ရောက်မလာနိုင်ခဲ့ဘူး ။ကြွေကျသွားတဲ့ သစ်ရွက်တွေကိုအားကျတဲ့စိတ်ဟာ အမှောင်ထဲက ဓားမြှောင်တစ်ချောင်းလို တိတ်တဆိတ် ချဉ်းကပ်လာနေတယ်။

သီချင်းမဆိုချင်တော့ဘူး။ သီချင်းတွေ စို ကုန်မှာစိုးတယ်။  ။


                                                                                       လင်းဝေအိမ်
                                                                                      Idea မဂ္ဂဇင်း၊သြဂတ်လ၊ ၂၀၁၄



19 August 2014

"ညက မိုးတွေအရမ်းသည်းတာပဲ နေခြည်"

"ညက မိုးတွေအရမ်းသည်းတာပဲ နေခြည်"


[ နေခြည် ]

မနက်ခင်းတိုင်း ကျွန်တော့်ဖုန်း၏ Message Box ထဲသို့ ကဗျာလေးတွေပို့ပို့ပေးတတ်သည့် ကောင်မလေး တစ်ယောက်ရှိသည်။သူမရဲ့ အမည်က နေခြည် ..။ ကျွန်တော့်ကို ပိတ်ဖုံးထားသော အမှောင် ထုကြီးကို ထိုးခွဲ ဖယ်ရှား ပေးသော နေခြည်နုနုလေးသည် သူမ ဖြစ်သည်။ ကြောင်နာ တစ်ကောင်လိုချောင် တစ်ချောင်မှာ ခွေနေတတ်သော ကျွန်တော့်ကို ယုယုယယ ထွေးပွေ့ကာ ကြင်နာစွာ ပွတ်သပ် ချော့မြူပေး သူမှာ သူမ ဖြစ်သည်။  ပိတ်နေသော ကျွန်တော်၏ မျက်လုံးများ ပွင့်လာသည်။ နားရွက်လေးများ ထောင် လာသည်။ ထို့နောက်  ညောင် ဟု တိုးငြင်းစွာ အော်လိုက်သည်။ ထိုအသံသည် "နေခြည်ရေ.." ဟူသော ခေါ်သံလေး အဖြစ် ပြောင်းလဲသွားကာ သူမ ၏ နှလုံးသားပေါ်တွင် သွားရောက်ခိုနားနေလေသည်။ ထိုအခါ တိုင်းတွင် နေခြည်သည် ကြည်လင် ပေါ့ပါးစွာ ရယ်မော လိုက်လေ့ရှိသည်။ သူမ၏ ရယ်သံ ချိုရှရှတို့ သည်
ကျွန်တော်၏ ဒဏ်ရာများကို ဆေးကြောပေးသော အပြာရောင် မြစ်ရေများပင် ဖြစ်ပါသည်။ သူမသည် ကျွန်တော် အကြိမ်ကြိမ် အခါခါ နစ်မွန်းနေချင်သော မြည်သံချို မြစ်တစ်စင်းလည်း ဖြစ်ပါသည်။

(၁)

          "ရှင် ကဗျာမရေးတော့ဘူးလား ကဗျာဆရာ"

ဒီနေ့တစ်နေ့လုံး သူမ၏ နှုတ်ဖျားမှ ဒီမေးခွန်းကိုပင် အကြိမ်ကြိမ် ကြားနေရသည်။ အဖြေ မရှိသော သို့မဟုတ် ဖြေဆိုရန် ဆန္ဒမရှိသော မေးခွန်းတွေကို ရင်ဆိုင်ရသည့်အခါ ပြုမှုနေကျ ကျွန်တော့် အကျင့် အတိုင်း သူမကို အသာအယာပြုံးပြကာ အကြောင်းပြချက် ဟုဆိုရမည်လား ဆင်ခြေဟု  သတ်မှတ် ရမည်လား မသေချာသော ၀ါကျများဖြင့်သာ သူမ၏ မေးခွန်းကို ပြန်လည် တုံပြန်ဖို့ကြိုးစား နေမိသည်။

          "ကဗျာမရေးဖြစ်ခြင်းမှာ အကြောင်းပြချက်တွေအများကြီးရှိနေနိုင်တယ် နေခြည်ရဲ့"

          "အကြောင်းပြချက်ဆိုတာအပိုပါပဲရှင်။
          ဖြစ်ပြီးသား အကျိုးရလဒ်တစ်ခုအတွက် ဆီလျော်ရာ အကြောင်းတစ်ခုခုကိုဆွဲပြလိုက်တာပါပဲ။
          ဆင်ခြေ အကြီး အသေး အရွယ်အစားအမျိုးမျိုးကိုပဲ  အကြောင်းပြချက်လို့ ရှင်တို့လို့
          စကားလုံး ကြွယ်ဝသူတွေက စာသံပေသံထည့်ခေါ်တာပဲ မဟုတ်လားလို့"

နေခြည်နှင့် စကားအခြေအတင်ပြောကြရတိုင်း ကျွန်တော် သူမကို နိုင်အောင်မပြောနိုင်ပါ။ သူမက ကျွန်တော့်ကို  စကားလုံးကြွယ်ဝသူ ဟု သုံးနှုန်းသည်။တကယ်တော့ ကျွန်တော့်၏ စကားလုံးများကို အသုံး ပြုနိုင်စွမ်းသည် စာမျက်နှာပေါ်တွင်သာဖြစ်သည်။သူမကဲ့သို့ နှုတ်ဖျားမှ လိုအပ်ရင် လိုအပ်သလို ပစ်မှတ်ကို တိတိကျကျစိုက်ဝင်သွားတော့မည့် မြှားတံကဲ့သို့ စကားလုံးများ ထွက်ကျလာနိုင်စွမ်း ကျွန်တော့်မှာမရှိ။ ဒါသည်ပင် သူမ၏ အရည်အချင်းဖြစ်သည်။ တိတိကျကျ ဆိုရလျှင် ဒါသည်ပင် ကျွန်တော့်ကို လွှမ်းမိုး ထားနိုင်သော သူမ၏ အရည်အချင်း တစ်ခုပင် ဖြစ်ပါသည်။

သူမနှင့် စကားပြောဖြစ်သည့်အခါတိုင်း ကျွန်တော့်စကားလုံးတွေက ကဗျာဆန်နေတတ်သည်။ သာမန် နေ့စဉ်ဘ၀ ပြောရိုးပြောစဉ် စကားများ မဟုတ်သော ခပ်ကြောင်ကြောင်စကားများဟု ဆိုချင် ဆိုနိုင် ပါသည်။ သူမသည် ကျွန်တော်၏ ဒိုင်ကြောင် များကို နားလည်စွာ နားထောင်ပေးနိုင်မည့်သူဟု ယုံကြည် ထားမိသော ကြောင့်ဖြစ်နိုင်ပါသည်။

          "မေတ္ထာတရားမှာ ငွေကြေးတွေ မလိုဘူး
          သွေးသားဆန္ဒတွေလည်း မလိုဘူး
          မေတ္တာတရားဟာ ဘယ်ရုပ်ဝတ္ထုတွေပေါ်မှာမှ
          မှီခိုနေခြင်းမရှိဘဲ သီးခြားတည်ရှိနေတဲ့အရာတစ်ခုပဲ။
          အချိန်ကာလ အတိုအရှည်၊ နေရာ ဒေသ အကွာအဝေး
          ဘယ်အရာတွေကမှလည်း မေတ္ထာတရားကို ဖျက်စီးမပစ်နိုင်ဘူး။
          စစ်မှန်တဲ့ မေတ္ထာစိတ်ဟာ ထာဝရတရားတစ်ခုပါပဲကွာ "

ထိုသို့သော အဆက်စပ်မဲ့ စကားများ ကျွန်တော့် နှုတ်ဖျားမှ ခဏခဏ ထွက်ထွက် ကျလာ တတ် သည်။ သို့သော် ထိုသို့ သောအခြေအနေ  မျိုးနှင့် ယဉ်ပါးစပြုနေပြီဖြစ်သည့်အလျောက် သူမက-

          "ရှင် ကျွန်မကို ကဗျာတွေလာရွတ်ပြနေတာလားးး ဟင်"

ဟု အပြုံးတစ်ဝက် ချိတ်ဆွဲထားသော နှုတ်ခမ်းများဖြင့်ပြန်မေးလိုက်ပါသည်။

          "လူ့ဘ၀ ဆိုတာလည်း ကဗျာတစ်ပုဒ်ပဲ မဟုတ်လားး
          ကိုယ်တို့ဟာ အရွတ်ဖတ်ခံ ကဗျာတစ်ပုဒ်ထဲက အက္ခရာလေးတွေပေါ့။
          ကိုယ်ကတော့ ကိုယ့်အသံထွက်ကိုယ်တောင် ပီပီ သသ မမြည်နိုင်တဲ့
          ခပ် အ အ အက္ခရာတစ်လုံးပေါ့လေ။ 
          ဟားး...... "

          "ရှင်တော့ ကဗျာ ပြန်ရေးဖို့အာရုံတွေလန်းလာပြီထင်တယ် ကဗျာဆရာရေ့......"

သူမက ကျွန်တော့်ကို ကဗျာရေးဖို့ အကြိမ်ကြိမ် တိုက်တွန်းလေ့ရှိသည်။ တကယ်တော့ ကဗျာ သည် ကျွန်တော့် လက်ထဲမှပျံတက် ထွက်ခွာသွားသော ငှက်ဖြူလေး တစ်ကောင်ပင်ဖြစ်သည်။ ငှက်ကလေး ကို အတင်းလိုက်ဖမ်းလိုသော ဆန္ဒ ကျွန်တော့်မှာ မရှိ။ ဖမ်း၍ လည်း ရနိုင်မည်မထင်။ ငှက်ကလေး ပြန်လာ နားမည့်အချိန်ကိုသာ မျှော်လင့်နေမိသည်။ ငှက်ကလေးပြန်လာနား နိုင်ရန် လိုအပ်သည်များကိုတော့ ကြိုးစားတည်ဆောက်နေပါသည်။

ငွေကြေးမှ လွဲ၍ အားလုံး ပြည့်စုံနေသာ ပတ်ဝန်းကျင်တစ်ခုဆီမှ ငွေကြေးမှ လွဲ၍ တခြား ဘာမှ မရှိသော ပတ်ဝန်းကျင်တစ်ခုဆီသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်စဉ်တွင် ကဗျာ အပါအ၀င် အခြား ကျွန်တော် မြတ်နိုးရသော အရာတော်တော် များများ ကို စွန့်လွှတ်ခဲ့ရသည်။ ယုံကြည်ချက်တူညီသောမိတ်တွေများ၊ ကျပ်ငွေ အနည်းငယ်ဖြင့် ကြက်ဥတစ်လုံးနှင့် ခွေးတောက်ရွက် တစ်စည်းဝယ်ကာ အရက် မြည်းရင်း ညစာ စားခဲ့ရသောနေ့စွဲများ၊ ရိုးသားခြင်းရနံ့ထောင်းထောင်းထနေသော ဘုံဆိုင်ကလေး များ (စစ်မှန်တဲ့ ရိုးသားမှုဟာ ဘယ်တော့မှ မမွှေးဘူး)၊ ပလက်ဖောင်းပေါ်မှ အလင်းဆိုင် လေးများ စသည်ဖြင့် ကျွန်တော် နှစ်သက်စွာ ပျော်ဝင်ခဲ့သော အရာများစွာအား ကျောခိုင်းခဲ့ရသည်။

ပတ်ဝန်းကျင်အသစ်တွင် ကျွန်တော် ပြန်လည်ရရှိလိုက်သည်က လူတွေအပေါ်မှာ ယုံကြည်မှုကင်းမဲ့ လာခြင်း ပင်ဖြစ်သည်။ ငွေကြေးမှလွဲ၍ တခြားဘာမှမသိသော၊ ငွေကြေးတစ်ခုတည်းပေါ်တွင် အခြေပြု ၍ သာ အရာရာ ကို တန်ဖိုးဖြတ်တတ်သော လူများအကြားတွင် ကျွန်တော်သည် သခင် ပျောက်နေသော ခွေး တစ်ကောင်သာဖြစ်နေပါသည်။  ဤနေရာ ဤဒေသမှ ကျွန်တော်အတွက် ဆုလာဘ် တစ်ခု ရရှိ ခဲ့ပါ သည် ဆိုလျှင် ထိုအရာသည် နေခြည်နှင့်ဆုံတွေ့ခဲ့ရခြင်းပင် ဖြစ်ပါလိမ့်မည်။

(၂)

          "ရှင်က လူတွေကို မုန်းတီးနေတဲ့ ရောဂါရနေတာပဲ"

ပထမဆုံးအကြိမ် ထိုစကားကို သူမဆီမှ ကြားလိုက်ရစဉ်က ကျွန်တော် တော်တော် ကသိက အောက် ဖြစ်သွားခဲ့သေးသည်။ နောက်တော့လည်း ကျွန်တော်၏ အချိုးမပြေသော လူမှု ဆက်ဆံရေး ပြဿနာများ ကိုတွေ့ရတိုင်း သူမ ဆီက ထိုစကားကို ခဏ ခဏ ကြားရသည်။ ထိုစကား သည်သူမ၏ နှုတ်ဖျားမှ  ကျွန်တော် နှင့်ပတ်သတ်၍ ထွက်ကျလာသော စကားများအနက် ကျွန်တော့်ကို  တုန်လှုပ် သွားစေသော စကား တစ်ခွန်းပင်ဖြစ်သည်။ ၀တ္ထုရေးဆရာ တစ်ယောက်က သူ့၏ ၀တ္ထု တစ်ပုဒ် ထဲတွင် ထို စကားကို ထည့်ရေးထားသည်ကို ကျွန်တော်  ဖတ်ခဲ့ရဖူးသည်။ သူမလည်း ထို ၀တ္ထုကို ဖတ်ခဲ့ ဖူးလိမ့် မည်ထင်သည်။ ကျွန်တော်၏ ပစ္စခ အခြေနေနှင့် တိုက်ဆိုင်နေသဖြင့် ထိုစကားကိုသူမ ယူ သုံးလိုက် တာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ (ကျွန်တော့်အမြင်အရ) ခပ်ပေါ့ပေါ့ ခပ်လွှာလွှာ တွေးခေါ် နေ ထိုင်သည့်  ကောင်မလေးတစ်ယောက်အဖြစ် ထင်မြင်ထားမိသော သူမ ဆီမှထိုသို့သော စကားကို ကြား လိုက် ရမည် ဟု ကျွန်တော်လုံးဝ ထင်မှတ်မထားမိကြောင်း ၀န်ခံရပါမည်။ ထိုစကားသည် ငြိမ်သက် ဟန် ဆောင်နေသော ကျွန်တော်၏ ရေပြင်ကို ပုတ်နှိုးလိုက်ပါသည်။  မနာကျင်ဟန်ဆောင်ကာ ဖုံးကွယ်ထား သော ဒဏ်ရာကို လက်သည်းဖျားလေးဖြင့် ထိုးဆွလိုက်ခြင်းပင် ဖြစ်သည်။

          "ကျွန်တော်ဟာ လူတွေကို မုန်းတီးနေမိသတဲ့လားးးး"

ကျွန်တော်ကိုယ် ကျွန်တော်ပြန်မေးကြည့်မိပါသည်။ ကျွန်တော်မဖြေတတ်ပါ။ သို့မဟုတ် ကျွန်တော်မဖြေချင်ပါ။ သို့သော် လှောင်ချိုင့်ထဲရောက်နေသော  ခြင်္သေ့ တစ်ကောင်သည် ကျွန်တော် ဖြစ်သည်။ အလမ္မယ်ဆရာ၏ ပခြုပ်ထဲမှာရောက်နေသော မြွေဟောက်တစ်ကောင်သည် ကျွန်တော် ဖြစ်သည်။ ဆပ်ကပ်ဆရာခိုင်းသမျှ လိုက်နာနေရသော ကျားတစ်ကောင်သည် ကျွန်တော်ဖြစ်ပါသည်။

ထို့အပြင် သူမက-

          "ချစ်တယ်ဆိုတာလည်း အစွန်းရောက်တာပဲ
          မုန်းတယ်ဆိုတာလည်း အစွန်းရောက်တာပဲ
          အဲဒီအစွန်းနှစ်ဖက်ကို လွတ်အောင်မရှောင်နိုင်သေးသရွှေ့
          အဲဒီနှစ်ခုစလုံးက ရှင့်စိတ်ကို ဒုက္ခအကြီးကြီးပေးနေမှာပဲ"

ဟု တွေဝေ ငေးငိုင်နေတတ်သော ကျွန်တော်၏ မျက်ဝန်းများကို တည့်မတ်စွာ စူးစိုက်ကြည့်ရင်း ပြောလိုက်သေးသည်။

သူမ၏ စကားလုံးတွေက ကျွန်တော့် သိစိတ်တွင် လက်ခံထားသော မေတ္ထာ ၀ါဒ နှင့် ဆက်စပ်မှု ရှိနေသည် ထင်သည်။ ချစ်စိတ်သည် လိုချင်တပ်မက်မှုရရှိခြင်းကို အခြေခံသည်။မုန်းစိတ်သည် လိုချင် တပ်မက်မှုများ မရရှိခြင်းကို အခြေခံသည်။မေတ္ထာတရားသည်  ထို အချက်နှစ်ချက်စလုံးနှင့် ကင်းလွတ် နေသည်။ ထိုသို့ ယေဘုယအားဖြင့် ကျွန်တော်လက်ခံထားသည်။ သို့သော် ထိုတရားသည် ကျွန်တော်၏ သိစိတ် တွင် သိသည် ဆိုရုံမျှသာဖြစ်သည်။ မသိစိတ်သို့ တိုင်အောင် လွှမ်းမိုးနိုင်ခြင်းမရှိသေး။ ကျွန်တော်၏ မသိ စိတ်တွင်မူ ကျွန်တော်ကိုယ်တိုင် ခွဲခြား ဆင်ခြင်နိုင်စွမ်းမရှိသော အရာများဖြင့်  ပိတ်မှောင် နေလျက် သာ ရှိသည်။ ဤသည်ကိုပင် စကားလုံးအားဖြင့်ဆိုလျှင် အ၀ိဇ္ဖာ ဟု ခေါ်ဆိုရမည်လားမသိပါ။ အစစ် အမှန် တရားများကို စကားလုံးများ၏ နောက်ကွယ်သို့ တွန်းပို့လိုက်ရမည်ကိုတော့ ကျွန်တော် အင်မတန် မုန်းတီးပါသည်။

(၃)


          "ရှင် အရက်လျှော့သောက်စမ်းပါ ကဗျာဆရာရယ်
          ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါးပဲတဲ့ ရှင်လည်းသိပါတယ်"

          သူမဆီက ကျွန်တော် အရက်ကိုအလွန်အကျွံသောက်ခြင်း နှင့်ပတ်သတ်၍ ပူပန်သော စကားများ ကို ခဏ ခဏ ကြားရတတ်သည်။ထို့သို့ ကြုံလာတိုင်း -

          “ကျွန်တော့် အသည်းက ပကတိ အကောင်းကြီး ရှိပါသေးတယ်ဗျာ”

ဟု ပြန်ပြောကာ ကျွန်တော်က အော်ဟစ် ရယ်မောပစ်လိုက်တတ်သည်။ ကျွန်တော်၏ ကျယ်ကျယ် လောင်လောင် ရယ်သံအောက်တွင် ညှိုးငယ် နွမ်းဖျသွားသော သူမ၏ မျက်နှာလေး တိုးတိမ် ပျောက်ကွယ် သွားရှာပါသည်။

          “ ဒီလရော အိမ်ကို ငွေလွှဲပြီးပြီလား”

ဟု ရယ်လက်စ အရှိန်မသတ်နိုင်သေးသော အသံဖြင့် ကျွန်တော် မေးလိုက်တော့ သူမ၏ မျက်နှာလေး ပြုံးယောင်သမ်းလာသည်။ မျက်ဝန်းတွေ တောက်ပလာသည်။ အောင်ပွဲရခဲ့သော တိုက်ပွဲအကြောင်း ပြန်ပြောပြတော့မည့် စစ်သူရဲကောင်းတစ်ယောက်လို၊ အောင်မြင်စွာဖြေဆိုနိုင်ခဲ့သော စာမေးပွဲအကြောင်း ပြန်ပြောပြတော့မည် ကျောင်းသူမလေးတစ်ယောက်လို သူမ၏ နှုတ်ခမ်းများဆီမှ တက်ကြွ အားပြည့်သော စကားလုံးများ အစီအရီ ထွက်ကျလာသည်။ ထိုစကားလုံးများ၏ နောက်ကွယ်တွင် လေးလံ ဖိစီးမှုများ ရှိနေသည် ကို တော့ ကျွန်တော် မမြင်ဟန်ဆောင်နေမိပါသည်။

          “ ဟော လခထုတ်ပြီးတာနဲ့ အဆောင်လခရယ် စားစားရိတ်ရယ်
            အသေးသုံးစားရိတ်ရယ် နှုတ်ပြီး ကျန်တဲ့ ငွေကို အိမ်ကို လွှဲပေးလိုက်တာပဲ။ ကုန်ရော…”

ဟု ပြောကာ ဘာကိုမှန်းမသိ သဘောကျစွာ ရယ်မောနေတတ်သူလေး၏ မျက်ဝန်းထဲတွင် အားငယ် စိုးရွံမှုအချို့က ထိန်းမနိုင်သိမ်းမရ စိုစွတ်နေပါသည်။

          ရံဖန် ရံခါတွင် သူမသည် ကျွန်တော်ပြောနေသော စကားများကို မကြားသည့်အလား တစ်နေရာရာ (သို့မဟုတ်) တစ်စုံတစ်ရာ ကို  ကြည့်ကာ ငေးငိုင်နေတတ်သေးသည်။ လက်ဖက်ရည်ဆိုင်တွင် အတူထိုင်နေကြကာ စကားပြောနေရင်း ဆိုင်၏ မျက်စောင်းထိုးအရပ်တွင်ရှိသော အုန်းပင်ကြီး၏ ကြွေလုလု အုန်းလက်ကြီး လေထဲမှာ တွဲလောင်းကြီး ဖြစ်နေတာကို ငေးကြည့်နေတတ်သည် ။ လမ်းပေါ်တွင် ခွေးမကြီးမှ ခွေးပေါက်စကလေးများအား နို့တိုက်နေသည်ကို ငေးကြည့်ချင် ကြည့်နေတတ်သည်။ ထိုအခါ မျိုးတွင် သူမ ဆီမှ မည်သို့ သော စကားသံကိုမျှ မကြားရ။ တိတ်ဆိတ်စွာ ငေးကြည့်သော သူမ၏ မျက်ဝန်း များတွင် မပြောဖြစ်သော စကားလုံးများဖြင့် ပြည့်လျှမ်းနေပါသည်။


[ ည ]

          ညက မိုးသည်းသည်။

          နေခြည်နှင့်အတူ ထိုင်နေကျ လက်ဖက်ရည်ဆိုင်လေး၏ မျက်စောင်ထိုး အရပ်တွင်ရှိသော အုန်းပင်ကြီး၏ ကြွေလုလု အုန်းလက်ကြီး ပြုတ်ကျသွားသည် ။ လမ်းမပေါ်တွင် ခွေးမကြီးက ခွေးပေါက်စ ကလေး တစ်ကောင်တည်းကို နို့ တိုက်နေသည်။ အခြားခွေးပေါက်စ ကလေးများမှာ ကားကြိတ်ခံရ၍ သေဆုံးသွား ကြပြီဖြစ်သည်။ နေခြည်နေထိုင်ရာ အဆာင်မှ အဆောင်ပိုင်ရှင် အန်တီကြီး၏ စကားများက ကျွန်တော်၏ အကြားအာရုံတွင် မကြားတစ်ချက် ကြားတစ်ချက်ဖြင့် ရစ်ဝဲနေသည်။


          "သြော်..မသိသေးဘူးထင်တယ် နေခြည်  ဒီအဆောင်မှာ မနေတော့ဘူး
           သူ့ရဲ့ သွေးထဲမှာ စီပိုးတွေ့လို့တဲ့ ပြန်သွားတယ်”

          “အိမ်ပြန်သွားတယ် ထင်တာပဲ သူ့ဇာတိကိုတော့မသိဘူး”

          “ ဟုတ်တယ် အသည်းရောင်အသားဝါစီပိုး တွေ့တာတဲ့”

          “ ဖြစ်နေတာကြာပြီ အခုမှ သိတာတဲ့”

          "အဲဒီရောဂါက ကုလို့တော့ရတယ်
          ဒါပေမယ့် ဆေးကုဖို့စားရိတ်က သိန်းရာချီပြီးကုန်မှာတဲ့
          ပိုက်ဆံတတ်နိုင်တဲ့သူတွေပဲ ကုနိုင်မှာပေါ့လေ
          နေခြည်တို့က......."

          ထို အနက်ရောင် ဒိုင်ယာလော့များက ကျွန်တော့်ဆီကို မြားတွေလို စိုက်ဝင်လာသည်။ အဆိပ်ပြင်းသော ပျားပိတုန်းတွေကို အနားနားမှာ တ၀ီဝီ ပျံသန်းနေသည်။ ဖြေဆိုမည့်သူ ကင်းမဲ့နေသော မေးခွန်း တစ်ခုကိုသာ ကျွန်တော် အကြိမ်ကြိမ်အခါခါ မေးနေမိသည်။

          “နေခြည် ဘယ်မှာလဲ”
          “နေခြည် ဘယ်မှာလဲ”
          “နေခြည် ဘယ်မှာလဲ”
          “နေခြည် ဘယ်မှာလဲ”

နေခြည့် အတွက် အနည်းဆုံး ကျွန်တော့် ကဗျာလေးတစ်ပုဒ်ဖြစ်ဖြစ် လက်ဆောင်ပါးလိုက် ချင်သည်။ ဘာမှဖြစ်ဖြစ်မြောက်မြောက် မရှိလှသော ကျွန်တော့်ကဗျာလေးကိုပဲ သူမက သိပ်ကောင်းတာပဲ ဟု ပြောနေကျ စကားကို ပြောနေကျလေသံ အတိုင်း တစ်သွေမသိမ်း ပြောလိုက် လိမ့်မည်ထင်ပါသည်။

နေခြည်ဟာ တကယ်ပဲ သေခြင်းတရားဆီကို တည့်တည့်ကြီး တိုးဝင်ပစ်လိုက်ရတာလား။ သို့ဆိုလျှင် နေခြည်ဟာ လက်တစ်ကမ်းမှာ ရောက်နေသည့် သေခြင်းတရားနှင့် စကား အခြေအတင် ပြောရင်း စကားနိုင်လုနေလေဦးမလား။ ဒါဆိုရင်တော့ နေခြည် ပဲ နိုင်လိမ့်မည်မှာ သေချာပါသည်။ သို့သော် သေခြင်း တရားသည် ကစားပွဲတစ်ခု၏ အရှုံးအနိုင်မဟုတ်။ ကစားပွဲတစ်ခု၏ သတ်မှတ်ထားသော အချိန် ကန့်သတ်ချက်တစ်ခုသာဖြစ်သည်။ သေခြင်းတရားဆီသို့ တိုးဝင်လိုက်ရပြီ ဆိုပါလျှင် ခြောက်ကပ်ဖွယ်ရာ စက္ကန့်လက်တံတို့၏ နောက်ဆုံးမိနစ်အား ဖြတ်ကျော်နေသံများကို နေခြည် ဘယ်လိုရင်ဆိုင်ပါ့မလဲ။

          “ကျွန်တော့် အသည်းက ပကတိ အကောင်းကြီး ရှိပါသေးတယ်ဗျာ”

ဟု ဆိုတာ ကျွန်တော် အော်ဟစ်ရယ်မောခဲ့သည်ကိုတော့ သူမ သတိမရစေလိုပါ။

          ကျွန်တော် ရေးလက်စ ကဗျာတစ်ပုဒ်ကို ပင်ပန်းကြီးစွာပင် ကြိုးစား၍ အဆုံးသတ် ပစ်လိုက် ပါသည်။ သို့သော် ကဗျာသည် ဘယ်တော့မှ အဆုံးသတ်၍ မရနိုင်သော အရာတစ်ခုဖြစ်မှန်း (အခုအချိန် အထိ) ကျွန်တော် မသိခဲ့ပါ။ ။

                                                                                                လင်းဝေအိမ်
                                                                                              (၁၉-၀၈-၂၀၁၄)


30 July 2014

“အိပ်မက်နာ”

“အိပ်မက်နာ”


၁။

မိချောင်းတွေဟာ ဘယ်လိုလုပ်ပြီး အိပ်မက်ထဲကို ရောက်လာကြတာလဲ။ ရေမရှိဘဲ ခြောက်ကပ်နေတဲ့ နေရာမှာ သူတို့ အချိန်အကြာကြီး မနေနိုင်ကြဘူး မဟုတ်လား။ အိပ်မက်ထဲမှာ ရေဆာလိုက်တာ။ အိပ်မက် ထဲမှာ ပူလောင်မှုဟာ အပြင် လောကထက်တော့ နည်းနည်း ပိုသက်သာနေသလိုပဲ။ အိပ်မက်ဟာ  မျက်လုံးကို မဖွင့်သေးမချင်း ရောက်ရာပေါက်ရာ လျှောက်သွားနေတယ်။ ဟထားတဲ့ မိချောင်းပါးစပ်ထဲမှာ ငွေထုပ်ကြီးက ၀င်းလက် နေတာပဲ ။ အိပ်မက်ထဲမှာလည်း ငွေမက်တဲ့စိတ်က လျော့မသွားဘူး။ မောလိုက် တာ။ ချွေးစေးတွေပြန်နေပြီ။ ရင်ထဲမှာ ပူလောင်နေတယ်။ ညက သောက်ခဲ့တဲ့ ၀ီစကီတစ်ချို့ရဲ့ သက်ရောက် မှုကြောင့် ဖြစ်မယ်။ နောက်ဆုံးမနေနိုင်တော့တဲ့ အဆုံးမှာ ခေါင်းရင်းက ရေဗူးကို လက်နဲ့စမ်းပြီး ယူမော့ လိုက်ရတယ်။ မျက်လုံးကိုတော့ မှိတ်ထားလျက်သားပဲ။ အိပ်မက်ဟာ လူမိသွားတဲ့ သူခိုး တစ်ကောင်လို အခန်းထောင့်မှာ ကုပ်ကုပ်ကလေးသွားပြီ ငြိမ်ဝပ်နေတယ်။


ရေသောက်ပြီး သက်ပြင်းတစ်ချက်ချလိုက်တာနဲ့ အိပ်မက်ဟာ ပြန်ဝင်လာပြန်တယ်။ အမေက သူ့ရဲ့ သံသေတ္ထာလေးကို ဖွင့်နေတယ်။ ကျွန်တော်နဲ့ အမေနဲ့ စကားတွေပြောကြတယ်။

"အမေ ပိုက်ဆံနည်းနည်း လောက်ပေးပါဦး"

"ဘာလုပ်ဖို့တုန်း"

"အရက်သွားသောက်မလို့"

"ရော့ မအန်အောင်သောက်"


အိပ်မက်က ချာချာလည်နေပြီ။ အိပ်မက်က ရေချိန်လွန်နေပြီ။ အိပ်မက်ဟာ အရမ်းပူတာပဲ။ အိပ်မက်ဟာ လူမှန်းသူမှန်းမသိတော့ဘူး။ အိပ်မက်ဟာ အလုအယက် မြိုချထားခဲ့တဲ့ လိုချင်တပ်မက်မှုတွေကို အကုန်လုံး ပြန်အန်ထုတ် ပစ်လိုက်ရတယ်။ အိပ်မက်ဟာ ခြေပစ်လက်ပစ် လဲကျသွားတယ်။



၂။

အစိမ်းရောင်နုနုလေးတွေ တလက်လက်တောက်ပနေတဲ့ မြွေသေးသေးလေးတစ်ကောင်ဟာ ဦးခေါင်း ချွန်ချွန်လေးကို လေထဲမှာ မြှောက်ကာမြှောက်ကာနဲ့ လူးလွန့် ကစားနေတယ်။ သူ အချစ်ဆုံး (သို့မဟုတ်) စိတ်အ၀င်စားဆုံး သတ၀ါဟာ မြွေ ဖြစ်ကြောင်း တစ်စုံတစ်ယောက်က မေးခဲ့ဖူးလို့ ဖြေခဲ့ဖူးတယ်။ သူ အမုန်းဆုံး သတ္တ၀ါက လူ ဖြစ်ကြောင်းကိုတော့ အခုအချိန်အထိ မေးမယ့်သူမရှိလို့ ဖြေခွင့်မရသေးဘူး။ အဲဒီ အဖြေဟာ အချိန်ကာလ ကြာမြင့်စွာ သိုလှောင်ထားခြင်းခံလိုက်ရတဲ့အခါ ပုပ်သိုး သွားနိုင်မလား ဆိုတာကို တော့ သူစိတ်ပူမိတယ်။ ရက်လွန်ဆွေးမြေ့နေတဲ့ အဖြေတစ်ခုကိုတော့ ဘယ်လိုမေးခွန်းမျိုးကိုမှ သူ မပေးချင်ပါဘူး။


စာသင်ခန်းလေးရဲ့ ဘေးနားမှာ အမြဲတန်းလိုလို စိမ်းနေတတ်တဲ့ ခြုံပင်တန်းတွေရှိတယ်။ အဲဒီခြုံပင်တန်းတွေ ဆီမှာ မြွေစိမ်းလေးတွေကို ခဏ ခဏ တွေ့ရတတ်တယ်။ တွေ့လိုက်တိုင်းလည်း သူ ကြည်နူးရတာပါပဲ။ သူတို့ကို မြင်ရတာနဲ့ တပြိုင်နက် မျက်စိအောက်ကနေ သူတို့ပျောက်ကွယ်သွားတဲ့ အချိန်အထိ သူတို့ရဲ့ ရွေ့လျား မှုကို မျက်တောင်မခတ်စတမ်း လိုက်ကြည့်နေမိတတ်တယ် ။ တခြားတစ်ယောက်ယောက်က သူတို့လေး တွေအပေါ် ရန်ပြုလာမှာကိုလည်း စိုးရိမ် ပူပန်စွာ စောင့်ကြည့်ပေးနေရင်းပေါ့ ။ သေးသေး မျှင်မျှင်နဲ့ အစိမ်းရည်လဲ့နေတဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ကို သစ်ကိုင်းတစ်ခုခုမှာ ခွေပတ်ထားရင်း လည်ပင်း သွယ်သွယ် လေးကိုဆန့်ထုတ်ပြီး ဦးခေါင်းချွန်ချွန်လေးကို လေထဲမှာ ယိမ်းထိုး လှုပ်ခါ ကစားနေတတ်တဲ့ အဲဒီ အကောင်လေးတွေဟာ သူရဲ့ တစ်ဖတ်သတ် မိတ်ဆွေလေးတွေပါပဲ။ သူက သူတို့လေးတွေရဲ့ လှုပ်ရှားမှုကို တမေ့တမော ချစ်ခင် နှစ်လိုစွာ ရပ်ကြည့်ငေးမောနေတတ်ပေမယ့် သူတို့လေးတွေရဲ့ သိမှု အာရုံ ထဲမှာတော့ သူ ရှိမနေလောက်ပါဘူး။


အိမ်မက်ထဲကို လူးလွန့်ပြီးဝင်လာတဲ့ မြွေစိမ်းလေးကတော့ သူတို့ စူးစူးစိုက်စိုက် ကြည့်နေတယ် ။ စာသင်
ခန်း ဘေးနားက ခြုံတန်းလေးရဲ့ရှေ့မှာ တစ်စုံတစ်ခုကို စိတ်ဝင်တစား ငေးမောကြည့်နေတဲ့ ဘောင်းဘီတို အစိမ်းလေးနဲ့ ကောင်လေးတစ်ယောက်ရဲ့ ပုံရိပ်ကို မြွေစိမ်းလေးရဲ့ မျက်လုံးနက်နက် လေးတွေထဲမှာ တွေ့ လိုက်ရတယ်။ ကောင်လေးရဲ့ ပုံရိပ်ဟာ အစွန်းအထင်းတွေနဲ့ မှုန်ဝါးလျော့ရဲ နေပါပြီ ။ မြွေကလေးတော့
သစ်သစ်လွင်လွင်စိမ်း နေတုန်းပဲ။ မြွေကလေးက အရင်တုန်းလို လည်ပင်းသွယ်သွယ်လေးကို ဆန့်ထုတ်ပြီး ဦးခေါင်း ချွန်ချွန်လေးကို ယိမ်းထိုး လှုပ်ခါ ကခုန်ပြတယ်။ ဒါပေမယ့် သူက စာသင်ခန်းဘေးနားက ကောင် လေးလို မြွေကလေးကို ငေးမောကြည့်မနေနိုင်တော့ပါဘူး။ ရုတ်တရက် မြည်လာတဲ့ တယ်လီဖုန်းအသံက မြွေကလေးကို မောင်းထုတ်ပစ်လိုက်ပါတယ်။

“ ဟယ်လို ပြောပါ ခင်ဗျာ”


ချွေးစေးတွေ စိုစွတ်စေးကပ်နေတဲ့ လက်ထဲက တယ်လီဖုန်းဟာ လိုအပ်တာထက်ကို ပိုပူနေသလိုပါပဲ ။ နားထဲကို စီးဝင်လာတဲ့ ဒိုင်ယာလော့တွေက အထက်စီးဆန်မှုတွေ ပေကျံနေတယ်။ တဖက်က ဘာတွေ ပြောနေတယ်ဆိုတာ ဝေခွဲမရပေမယ့် သူကတော့ ဟုတ်ကဲ့ တစ်ခွန်းတည်းကိုပဲ အကြိမ်ကြိမ်အခါခါ ပြောနေ
မိပါတယ်။


“ ဟုတ်ကဲ့ပါ ခင်ဗျာ”
“ ဟုတ်ကဲ့ပါ ခင်ဗျာ”
“ ဟုတ်ကဲ့ပါ ခင်ဗျာ”



၃။

အကြော်ပင်ကြီးက အရွက် စိမ်းစိမ်း ဖားဖားကြီးတွေနဲ့ သိပ်လှတယ်။ ဟိုတစ်ချိန်က အကြော်ပင်ကြီးရဲ့ အောက်မှာ အကြော်ပင်ကြီး ခြွေချပေးထားတဲ့ ရွက်ကြွေလေးတွေ ပွင့်ကြွေလေးတွေနဲ့ ကောင်ကလေး ကစားလေ့ရှိတယ်။ ကောင်လေး မြို့ကို ကျောင်းသွားတက်တော့မယ် ဆိုတဲ့နေ့က အကြော်ပင်ကြီးငိုတယ်။ ကောင်လေးအိမ် ကထွက်လာတော့ အကြော်ပင်ကြီးက အခက်အလက်တွေ လှုပ်ခါပြီး အပြေး လိုက်လာ တယ်။ ပြေးလာရာ လမ်းတစ်လျှောက် ပွင့်ကြွေတွေ ရွက်ကြွေတွေ လွင့်လွင့်ပြီးဝဲနေတာပဲ။ နောက်ဆုံးမှာ တော့ အကြော်ပင်ကြီးဟာ ကောင်လေးကို သယ်ဆောင်သွားတဲ့ စက်သံခပ်ပြင်းပြင်းနဲ့ မော်တော်ကားကြီး မီးခိုးတွေ တလုံးလုံးနဲ့ တရွေ့ရွေ့ ထွက်ခွာသွားတာကို ပွင့်ကြွေတွေ ရွက်ကြွေတွေ တစစီ ပြန်လိုက် ကောက် နေရင်းနဲ့ မော့မော့ကြည့်ပြီး ကျန်နေရစ်ရှာတယ်။


အိမ်မက်ထဲကို ရောက်လာတဲ့ အကြော်ပင်ကြီးကို ရုတ်တရက် သူက မမှတ်မိဘူး။ အကြော်ပင်ကြီးက အရင်လို အရွက် စိမ်းစိမ်း ဖားဖားကြီးတွေနဲ့ မဟုတ်တော့ဘူး ။ အကြော်ပင်ကြီးမှာ အရွက်တွေ ခပ်ပါးပါးပဲ ကျန်တော့ တယ်။ အပွင့်တွေ လည်းမရှိတော့ဘူး။  ဟိုးးးတုန်းကလို ကောင်ကလေး ကစားဖို့ အရွက်တွေ ခြွေချ မပေး နိုင်တော့ဘူး။ အပွင့်တွေ ခြွေချမပေးနိုင်တော့ဘူး။ အကြော်ပင်ကြီးက ဟိုတုန်းကလို အသံ အကျယ်ကြီးနဲ့တော့ ရယ်ပြနေတယ်။ အကြော်ပင်ကြီးကို သူက သူရဲ့ တိုက်ခန်းကျဉ်းလေးရဲ့ ဧည့်ခန်းမှာ နေရာချပေးလိုက်တယ်။ အကြော်ပင်ကြီးက သူရဲ့ တိုက်ခန်းကျဉ်းလေးထဲမှာ နေတတ်ပုံမရဘူး။ အကြော်ပင်ကြီးက မပျော်ဘူး။ အကြော်ပင်ကြီးက ပြန်တော့မယ်လို့ပြောတယ်။ အဲဒီလိုပြောတဲ့နေတုန်းက သူ မငိုမိဘူး။ အကြော်ပင်ကြီး ပြန်သွားတော့ သူ အကြော်ပင်ကြီးရဲ့ နောက်ကို အပြေးအလွှား လိုက် မသွားမိဘူး။ အကြော်ပင်ကြီးက ခဏခဏ နောက်ကို ပြန်ပြန် လှည့်ကြည့်ရင်း တရွေ့ရွေ့ ထွက်ခွာ သွားရှာတယ်။



၎။

ထွန်ယက်ပြီးကာစ အနီရောင် ယာခင်းပြင်ကြီးဆီကနေ ကောင်လေး ထွက်ပြေးလာခဲ့တယ်။ အနီရောင် ယာခင်းပြင်ကြီးဟာ အစိမ်းရောင် ယာခင်းပြင်ကြီး အဖြစ်ပြောင်းလဲသွားတယ်။ ကောင်လေးက ပြေးနေ တုန်းပဲ။ အစိမ်းရောင် ယာခင်းပြင်ကြီးက အ၀ါရောင် ယာခင်းပြင်ကြီးအဖြစ်ပြောင်းလဲ ရင့်မှည့်သွားတယ်။ ကောင်လေးက ပြေးနေတုန်းပဲ ။

ရွာကနေ ကောင်လေး ထွက်တာတဲ့နေ့တုန်းက ရွာအ၀င်တံခါးလေးကို ပြန်ပိတ်ထားခဲ့မိတယ်။ ဒါကို မြင်တဲ့ တံခါး ရဲ့ဘေးနားမှာ ရပ်နေတဲ့ တမာပင်ကြီးက နားမလည်နိုင်သလို အံအားသင့်စွာ ကောင်လေးကို ငေးကြည့် နေတယ်။


“ ဘယ်အချိန်ပြန်လာမှာလဲ” လို့ တမာပင်ကြီးက ကောင်လေးကို မေးလိုက်တယ်။


ကောင်လေးက ပြန်မဖြေခဲ့ဘူး။ ပိတ်လျက်သား ရွာအ၀င်တံခါးလေးကို ကျောခိုင်းပြီး ထွက်လာခဲ့တယ်။ ကောင်လေး ပြေးထွက်လာရာ လမ်းပေါ်မှာ ချောင်းကလေးက ကန့်လန့်ဖြတ် စီးဆင်းနေတယ်။ ကောင်လေးက ချောင်းကလေးကို တိုးတိုး တိတ်တိတ်လေးပဲ ကျော်ဖြတ်လာခဲ့ပါတယ်။ လမ်းပေါ်ကို ငုံကိုင်း နေတဲ့ ဒဟတ်ပင်ကြီးရဲ့အောက်ကို ရောက်တဲ့အခါမှာတော့ ကောင်လေးက စာသင်ကျောင်းမှာ သင်ခဲ့ရဖူးတဲ့ ဒဟတ်ပန်းကဗျာကို တိုးတိုးလေး ရွတ်လိုက်သေးတယ်။

         
“လူမရောက်၊
           ဂူ ကျောက်ချောင် တောင်ကတုံးမှာ၊
 စုရုံးကာ သူတို့ ပေါက်ရှာကြ၊
 အခေါက်ဖြူဖြူကလေးရယ်နှင့်၊
 အခြောက်ကြူကြူ မွှေးရှာဘု၊
 ကျေးငှက် ပျော်စံ “ *


ကောင်လေးပြေးထွက်လာခဲ့တဲ့ ရာသီဟာ ဒဟတ်ပန်းတွေ ပွင့်တဲ့ရာသီမဟုတ်တဲ့အတွက် ကောင်လေးရဲ့ ကဗျာရွတ်သံကို ဒဟတ်ပင်ကြီးက ဒဟတ်ပန်းရနံ့တွေနဲ့ ပံပိုး မွှမ်းထုံ မပေးနိုင်ခဲ့ပါဘူး။


ဒဟတ်ရွက် ရဲ့ မျက်နှာပြင်ဟာ သိပ်ကြမ်းရှတယ်။ ဒဟတ်အရွက်နဲ့ ပွတ်တိုက်မိတဲ့ အသားအရေဟာ ပွန်းရှပြီး ခဏချင်းမှာ ပဲ ညိုမည်းလာတတ်တယ်။ ကောင်လေးရဲ့ အစ်ကိုက ကောင်လေးရဲ့ မျက်နှာကို ဒဟတ်ရွက်နဲ့ ပွတ်တိုက်ပြီး ကျီစယ်လေ့ရှိတယ်။ ဒဟတ်ရွက်နဲ့ ပွတ်မိတဲ့ နေရာဟာ ပွန်းရှပြီး ညိုမည်းလာတယ်။ ဒါဟာ အပေါ်ယံ ပွန်းရှရုံပါပဲ ။ သေရာပါမယ့် ဒဏ်ရာ မဟုတ်ပါဘူး။ မကြာခင်မှာပဲ ပျောက်ကွယ် သွားမှာပါပဲ ။ ဒါပေမယ့် ပွန်းရှခြင်းကြောင့် ပူစပ်ပူလောင် ခံစားရမှုကို ကောင်လေးက နည်းနည်းတော့ ကြောက်ရွံ့တယ်။ တစ်သက်စာ ထမ်းပိုးထားရတဲ့ တနင့်တပိုး ဒဏ်ရာတွေကတော့ နာကျင်မှုတွေမှာ သာယာပျော်မွေ့တတ်လာစေတယ် ဆိုတာကို အဲဒီအချိန်တုန်းက ကောင်လေး မသိရှာသေးဘူး။


သူရဲ့ အိပ်မက်ထဲမှာတော့ ဒဟတ်ပင်ကြီးက အပွင့်တွေ ဖွေးနေအောင်ပွင့်နေတယ်။ ဒဟတ်ပွင့်တွေ ဖွေးနေတာ မြင်ရပေမယ့် သူကဗျာမရွတ်ချင်မိဘူး။ ဒဟတ်ပန်း ကဗျာကိုလည်း မေ့လျော့စပြုနေပါပြီ ။
တကယ်ဆို ဒဟတ်ပင်ကြီးရဲ့ ပုံပန်း သဏ္ဌာန် ၊  ဒဟတ်ရွက်တွေရဲ့ ပုံပန်း သဏ္ဌာန် ၊ ဒဟတ်ပွင့်လေးတွေ ရဲ့ ရနံ့ စသည်ဖြင့် တော်တော်များများကို သူ မေ့လျော့စပြုနေပါပြီ ။ အရွက်စိမ်းစိမ်းနဲ့ သာမန် သစ်ပင်တစ်ပင် လိုလို မပီဝိုးဝါးတဲ့ ပုံပန်း သဏ္ဌာန်တစ်ခုကိုပဲ ဒဟတ်ပင်ရယ်လို့ သူ့အိပ်မက်ထဲမှာ ပြန်မြင် တွေ့နိုင်ပါ တော့တယ်။ ဒဟတ်ပန်းလေးတွေရဲ့ ရနံ့ကိုတော့ ဘယ်လိုမှ ပုံဖော်လို့ မရတော့။ သူ ဒဟတ်ပန်း ကဗျာကို ရွတ်မပြနိုင်တော့ပေမယ့် ဒဟတ်ပင်ကြီးကတော့ အပွင့်တွေကို ဖွေးနေအောင်ပွင့်ပြပြီး သူ  ကဗျာ ရွတ်လေ မလား ရယ်လို့ စောင့်မျှော်နေရှာပါတယ်။



၅။

တစ်ညလုံးအိပ်ခဲ့တဲ့ အိပ်ယာဟာ ကိုယ့်အိပ်ယာကလေး မဟုတ်ဘူးဆိုတာ နိုးနိုးချင်းမှာပဲ အထိတ်တလန့် သတိပြုမိလိုက်တဲ့ မနက်ခင်းတွေရဲ့ လောင်ကျွမ်းမှုကို ကော်ဖီတစ်ခွက်နဲ့ ငြိမ်းသတ်နေရတယ်။


တချွင်ချွင်မြည် နေတဲ့ ငွေသံကြေးသံတွေ ၊
သားရေတွေစီးကျနေတဲ့ မြေခွေးမျက်လုံးတွေ ၊
ပျစ်ချွဲချွဲ ရယ်သံတွေ ၊
ကျောကိုလာသပ်တဲ့ အေးစက်စက် လက်တွေ ၊
ခေါင်းကိုလာပွတ်တဲ့ မာကျောကျော လက်တွေ ၊
တ၀ီဝီပျံသန်းလာတဲ့ ကျည်ဆန်တွေရဲ့ အလှတရားကို ငေးမောကြည့်နေမိတဲ့ အရူးတွေ ၊
ဆိုင်လင်ဇာတပ်ထားတဲ့ သေနတ်နဲ့ လူမသိသူမသိ ပစ်ခတ်ပြီးခါမှ
အကျယ်ကြီး အော်ဟစ် ရယ်မောပြနေတဲ့ ဇာတ်လိုက်တွေ ၊
ဖက်လုံးလေးကိုပဲ မလွတ်တမ်းပွေ့ဖက်ထားရတဲ့ တစ်ယောက်အိပ် အိပ်ယာခင်းလေးတွေ ၊
တစ်စုံတစ်ယောက် (သို့မဟုတ်) တစ်စုံတစ်ရာကို အော်အော်ခေါ်နေမိတဲ့ ကယောင်ကတမ်းတွေ ။


အိပ်မက်တွေက သူ့ကို အနက်ရောင် သွားတွေနဲ့ ပိန်းပိတ် မှောင်မည်းနေအောင် ကိုက်ခဲထားတယ်။
သူ မရုန်းမိဘူး။  ။

                                                                                  လင်းဝေအိမ်(၃၀-၀၇-၂၀၁၄)

* ဒဟတ်ပန်း - ဦးကြော့