15 March 2012

"ပုံပြင်(၂)"


ကြေကွဲခြင်းရဲ့မျိုးစေ့တွေမှန်းသိရက်နဲ့
နှလုံးသားမြေတွေမှာ ပျိုးကြဲခဲ့ကြ
အစကတည်းက မှားခဲ့ကြတာပါ ကွယ်..။

နီးစပ်ခွင့်ဆိုတာ
ငါတို့မျှော်လင့်ခွင့်မရှိတဲ့အရာပဲ။

“မဖြစ်နိုင်ဘူး”လို့
ငါတို့ နှုတ်ခမ်းတွေကတဖွဖွညဉ်းတွားနေတာ
နှလုံးသားလေးတွေကမှ မကြားခဲ့ပဲကွယ်။

သံယောဇဉ်ဆိုတာ
ခူးခြွေခွင့်မရှိဘဲနဲ့ပျိုးမိကြရင်
ဥယျာဉ်မှုးတွေရဲ့ရင်ကိုအဆိပ်ပြန်သင့်စေတဲ့
ကျိန်စာဖွဲ့ပန်းပွင့်လေးပဲလေ။

ခုတော့
နှလုံးသားလေးနှစ်ခုစလုံး
အဆိပ်တွေဖုံးလွှမ်းပြီးကွဲကြေရပြီ….။

.....ရေ
ငါတို့တွေ မချစ်ခဲ့သင့်ဘူး…။

တစ်နေနေ့
ဒီလိုခွဲခွာချိန်ကိုတွေ့ရမယ်ဆိုတာကြိုသိနေရက်နဲ့
နှလုံးသားလေးတွေရဲ့ခံနိုင်ရည်ကိုမှမငဲ့
ငါတို့ သိပ် မှား ခဲ့ကြတယ်။

ကွယ်…………
မျက်လုံးလေးတွေမှိတ်
ရည်ရွယ်ဖူးခဲ့တဲ့တို့ရဲ့အနာဂတ်လေးကို
အတိတ်နံရံပေါ်မှာပဲ ဆွဲချိတ်ထားခဲ့ရင်း
မျက်ရည်တွေခင်းမယ့်လမ်းမှာ
နှုတ်ဆက်လိုက်ကြပါစို့ ………..။

ငါမြတ်နိုးတဲ့ပန်းလေး
သက်ဆိုင်သူတခြားရင်ခွင်မှာပဲနွေးနွေးထွေးထွေးပွင့်လန်းပါစေ
ငါက
နင့်ရဲ့သက်ဆိုင်ခွင့်မရသူအဖြစ်
ကံ ကြမ္မာရိုင်းကညစ်တယ်…။

သံယောဇဉ်တွေနဲ့လမ်းခွဲတစ်ခုပါကွယ်
နာနာကျင်ကျင်ဆွဲလိုက်တဲ့ဥသြသံတွေက
နှလုံးသားလေးနှစ်ခုဆီကလာတယ်
မျက်ရည်စက်တွေ တဂျုန်းဂျုန်းခုတ်မောင်းသွားပြီးတဲ့နောက်
အားလုံးကို ဒီဘူတာလေးမှာပဲထားခဲ့လိုက်ကြရတော့မယ်…။

မိုးပွင့်လေးတွေကြားကအချစ်များ
မိုးရေတွေထဲမှာပဲ စီးမျောသွားတော့မယ်။

မိုးပွင့်တွေကြားမှာ ရယ်ခဲ့ကြဖူးတယ်
မိုးစက်တွေအောက်မှာပဲငိုကြရဦးမယ်။

မျက်တောင်အတုတွေနဲ့ နင် ငိုပေမယ့်
မျက်ရည်အစစ်တွေဆိုတာ
ငါ့ ဘယ်ဘက်ရင်အုံက အိပ်ကပ်လေးသိပါတယ်ကွယ်…။

ညနေခင်းတွေလည်း ဆောင်းဆန်လာပြီ
ငါ့ ရင်ထဲမှာတော့
မိုးရာသီလေးပါပဲ…။

နှင်းဖွဲဖွဲလေးတွေကျနေတာတောင်
မိုးစက်တွေအထင်နဲ့
နင်ပေးတဲ့ထီးလေးကို ထုတ်ထုတ်ဆောင်းနေမိဆဲ
အစွဲလန်းကြီးတတ်တယ်ဆိုတာ ၀ဋ်ကြွေးတစ်ခုပဲဖြစ်တယ်။

ခုတော့
အားလုံးပြီးဆုံးသွားပါပေါ့..။

ဆုပ်ကိုင်ထားခဲ့သမျှ
အားလုံးကို လွှတ်ချလိုက်ကြရပြီ..။

တစ်စုံတစ်ခုကျကွဲသွားတဲ့အသံတွေကြားလိုက်ရမယ်
ဒါ…
ငါတို့ရဲ့ နှလုံးသားလေးတွေ……..။

ကျေနပ်စွာ
အော်ဟစ်ပြီး ရယ်လိုက်ပါတော့
ကံကြ မ္မာရိုင်းရေ…။   ။

                                    လင်းဝေအိမ်

No comments:

Post a Comment