02 April 2015

"အကြိမ်ကြိမ် ပြန်လှည့်ကြည့်မိပေမယ့် အဲဒီမှာ သူ မရှိတော့"

"အကြိမ်ကြိမ် ပြန်လှည့်ကြည့်မိပေမယ့် အဲဒီမှာ သူ မရှိတော့"


အနက်ရောင်ဟာ ခေါင်းတလားထဲမှာ ငြိမ်သက်စွာ
ပျံနေတဲ့ငှက် ပြန်ပြီ
ပုလင်းအခွံလေးကို အခန်းထောင့်မှာ ကပ်ထားပေးလိုက်ကြ
ပွကျဲပြီးကျန်နေတဲ့ အခန်းကျဉ်းလေးထဲ
ပြောလက်စ စကားတွေ ဆိုလက်စ သီချင်းတွေ
စာဖတ်နေတုန်း ရုတ်တရက်မီးပျက်သွားသလို
ဇာတ်ကောင်ဟာ စာသားတွေရဲ့ ထိန်းချုပ်မှုကနေ လွတ်ထွက်သွား
ဇာတ်လမ်းက မြွေအရေခွံတစ်ခုလို ပျော့စိစိကြီးကျန်နေခဲ့ရ
ကမ်းမှခွာသွားတဲ့ သင်္ဘောတစ်စင်းဆီက လွင့်ကျတဲ့ ဥသြသံ
တိုးတိုးလျလျလေး တဖြည်းဖြည်း ပျောက်ကွယ် လွင့်ပါး
ပစ်ပြီးခါစ သေနတ်ပြောင်းဝက ယမ်းငွေ့လေးများ
မျက်နှာချင်းဆိုင်က ထိုင်သူမဲ့ ပက်လက်ကုလားထိုင်လေးပေါ်မှာ
ပုဆိုးအဟောင်းတစ်ထည်ကို လွှမ်းပေးထားလိုက်တယ်
စီးနေတဲ့ချောင်းကလေးဘေးနားမှာ ထိုင်နေတုန်း
ရေစီးမှာ မျောပါသွားရှာတဲ့ မြက်ပင်လေးရဲ့ ခရီး
မပြီးဆုံးသေးပဲနဲ့ ရပ်သွားရတဲ့ သီချင်းကို
ခွေးလေခွေးလွင့် တစ်ကောင် ကိုက်ချီသွားတာ
လရောင်က ပစ်မှတ် တည့်တည့်ဆီ စိုက်ဝင်သွားတဲ့ သန်းခေါင်
အိမ်မပြန်နိုင်တော့တဲ့ ဂစ်တာတစ်လက် ရဲ့ ခြေသံ
တေးသွားမပါဘဲနဲ့
မြက်ပင်တွေ ခြောက်ကပ်ကပ်ကြီး ကနေကြရရှာတယ်။     ။

လင်းဝေအိမ် (၀၂-၀၄-၂၀၁၅)

No comments:

Post a Comment