19 August 2014

"ညက မိုးတွေအရမ်းသည်းတာပဲ နေခြည်"

"ညက မိုးတွေအရမ်းသည်းတာပဲ နေခြည်"


[ နေခြည် ]

မနက်ခင်းတိုင်း ကျွန်တော့်ဖုန်း၏ Message Box ထဲသို့ ကဗျာလေးတွေပို့ပို့ပေးတတ်သည့် ကောင်မလေး တစ်ယောက်ရှိသည်။သူမရဲ့ အမည်က နေခြည် ..။ ကျွန်တော့်ကို ပိတ်ဖုံးထားသော အမှောင် ထုကြီးကို ထိုးခွဲ ဖယ်ရှား ပေးသော နေခြည်နုနုလေးသည် သူမ ဖြစ်သည်။ ကြောင်နာ တစ်ကောင်လိုချောင် တစ်ချောင်မှာ ခွေနေတတ်သော ကျွန်တော့်ကို ယုယုယယ ထွေးပွေ့ကာ ကြင်နာစွာ ပွတ်သပ် ချော့မြူပေး သူမှာ သူမ ဖြစ်သည်။  ပိတ်နေသော ကျွန်တော်၏ မျက်လုံးများ ပွင့်လာသည်။ နားရွက်လေးများ ထောင် လာသည်။ ထို့နောက်  ညောင် ဟု တိုးငြင်းစွာ အော်လိုက်သည်။ ထိုအသံသည် "နေခြည်ရေ.." ဟူသော ခေါ်သံလေး အဖြစ် ပြောင်းလဲသွားကာ သူမ ၏ နှလုံးသားပေါ်တွင် သွားရောက်ခိုနားနေလေသည်။ ထိုအခါ တိုင်းတွင် နေခြည်သည် ကြည်လင် ပေါ့ပါးစွာ ရယ်မော လိုက်လေ့ရှိသည်။ သူမ၏ ရယ်သံ ချိုရှရှတို့ သည်
ကျွန်တော်၏ ဒဏ်ရာများကို ဆေးကြောပေးသော အပြာရောင် မြစ်ရေများပင် ဖြစ်ပါသည်။ သူမသည် ကျွန်တော် အကြိမ်ကြိမ် အခါခါ နစ်မွန်းနေချင်သော မြည်သံချို မြစ်တစ်စင်းလည်း ဖြစ်ပါသည်။

(၁)

          "ရှင် ကဗျာမရေးတော့ဘူးလား ကဗျာဆရာ"

ဒီနေ့တစ်နေ့လုံး သူမ၏ နှုတ်ဖျားမှ ဒီမေးခွန်းကိုပင် အကြိမ်ကြိမ် ကြားနေရသည်။ အဖြေ မရှိသော သို့မဟုတ် ဖြေဆိုရန် ဆန္ဒမရှိသော မေးခွန်းတွေကို ရင်ဆိုင်ရသည့်အခါ ပြုမှုနေကျ ကျွန်တော့် အကျင့် အတိုင်း သူမကို အသာအယာပြုံးပြကာ အကြောင်းပြချက် ဟုဆိုရမည်လား ဆင်ခြေဟု  သတ်မှတ် ရမည်လား မသေချာသော ၀ါကျများဖြင့်သာ သူမ၏ မေးခွန်းကို ပြန်လည် တုံပြန်ဖို့ကြိုးစား နေမိသည်။

          "ကဗျာမရေးဖြစ်ခြင်းမှာ အကြောင်းပြချက်တွေအများကြီးရှိနေနိုင်တယ် နေခြည်ရဲ့"

          "အကြောင်းပြချက်ဆိုတာအပိုပါပဲရှင်။
          ဖြစ်ပြီးသား အကျိုးရလဒ်တစ်ခုအတွက် ဆီလျော်ရာ အကြောင်းတစ်ခုခုကိုဆွဲပြလိုက်တာပါပဲ။
          ဆင်ခြေ အကြီး အသေး အရွယ်အစားအမျိုးမျိုးကိုပဲ  အကြောင်းပြချက်လို့ ရှင်တို့လို့
          စကားလုံး ကြွယ်ဝသူတွေက စာသံပေသံထည့်ခေါ်တာပဲ မဟုတ်လားလို့"

နေခြည်နှင့် စကားအခြေအတင်ပြောကြရတိုင်း ကျွန်တော် သူမကို နိုင်အောင်မပြောနိုင်ပါ။ သူမက ကျွန်တော့်ကို  စကားလုံးကြွယ်ဝသူ ဟု သုံးနှုန်းသည်။တကယ်တော့ ကျွန်တော့်၏ စကားလုံးများကို အသုံး ပြုနိုင်စွမ်းသည် စာမျက်နှာပေါ်တွင်သာဖြစ်သည်။သူမကဲ့သို့ နှုတ်ဖျားမှ လိုအပ်ရင် လိုအပ်သလို ပစ်မှတ်ကို တိတိကျကျစိုက်ဝင်သွားတော့မည့် မြှားတံကဲ့သို့ စကားလုံးများ ထွက်ကျလာနိုင်စွမ်း ကျွန်တော့်မှာမရှိ။ ဒါသည်ပင် သူမ၏ အရည်အချင်းဖြစ်သည်။ တိတိကျကျ ဆိုရလျှင် ဒါသည်ပင် ကျွန်တော့်ကို လွှမ်းမိုး ထားနိုင်သော သူမ၏ အရည်အချင်း တစ်ခုပင် ဖြစ်ပါသည်။

သူမနှင့် စကားပြောဖြစ်သည့်အခါတိုင်း ကျွန်တော့်စကားလုံးတွေက ကဗျာဆန်နေတတ်သည်။ သာမန် နေ့စဉ်ဘ၀ ပြောရိုးပြောစဉ် စကားများ မဟုတ်သော ခပ်ကြောင်ကြောင်စကားများဟု ဆိုချင် ဆိုနိုင် ပါသည်။ သူမသည် ကျွန်တော်၏ ဒိုင်ကြောင် များကို နားလည်စွာ နားထောင်ပေးနိုင်မည့်သူဟု ယုံကြည် ထားမိသော ကြောင့်ဖြစ်နိုင်ပါသည်။

          "မေတ္ထာတရားမှာ ငွေကြေးတွေ မလိုဘူး
          သွေးသားဆန္ဒတွေလည်း မလိုဘူး
          မေတ္တာတရားဟာ ဘယ်ရုပ်ဝတ္ထုတွေပေါ်မှာမှ
          မှီခိုနေခြင်းမရှိဘဲ သီးခြားတည်ရှိနေတဲ့အရာတစ်ခုပဲ။
          အချိန်ကာလ အတိုအရှည်၊ နေရာ ဒေသ အကွာအဝေး
          ဘယ်အရာတွေကမှလည်း မေတ္ထာတရားကို ဖျက်စီးမပစ်နိုင်ဘူး။
          စစ်မှန်တဲ့ မေတ္ထာစိတ်ဟာ ထာဝရတရားတစ်ခုပါပဲကွာ "

ထိုသို့သော အဆက်စပ်မဲ့ စကားများ ကျွန်တော့် နှုတ်ဖျားမှ ခဏခဏ ထွက်ထွက် ကျလာ တတ် သည်။ သို့သော် ထိုသို့ သောအခြေအနေ  မျိုးနှင့် ယဉ်ပါးစပြုနေပြီဖြစ်သည့်အလျောက် သူမက-

          "ရှင် ကျွန်မကို ကဗျာတွေလာရွတ်ပြနေတာလားးး ဟင်"

ဟု အပြုံးတစ်ဝက် ချိတ်ဆွဲထားသော နှုတ်ခမ်းများဖြင့်ပြန်မေးလိုက်ပါသည်။

          "လူ့ဘ၀ ဆိုတာလည်း ကဗျာတစ်ပုဒ်ပဲ မဟုတ်လားး
          ကိုယ်တို့ဟာ အရွတ်ဖတ်ခံ ကဗျာတစ်ပုဒ်ထဲက အက္ခရာလေးတွေပေါ့။
          ကိုယ်ကတော့ ကိုယ့်အသံထွက်ကိုယ်တောင် ပီပီ သသ မမြည်နိုင်တဲ့
          ခပ် အ အ အက္ခရာတစ်လုံးပေါ့လေ။ 
          ဟားး...... "

          "ရှင်တော့ ကဗျာ ပြန်ရေးဖို့အာရုံတွေလန်းလာပြီထင်တယ် ကဗျာဆရာရေ့......"

သူမက ကျွန်တော့်ကို ကဗျာရေးဖို့ အကြိမ်ကြိမ် တိုက်တွန်းလေ့ရှိသည်။ တကယ်တော့ ကဗျာ သည် ကျွန်တော့် လက်ထဲမှပျံတက် ထွက်ခွာသွားသော ငှက်ဖြူလေး တစ်ကောင်ပင်ဖြစ်သည်။ ငှက်ကလေး ကို အတင်းလိုက်ဖမ်းလိုသော ဆန္ဒ ကျွန်တော့်မှာ မရှိ။ ဖမ်း၍ လည်း ရနိုင်မည်မထင်။ ငှက်ကလေး ပြန်လာ နားမည့်အချိန်ကိုသာ မျှော်လင့်နေမိသည်။ ငှက်ကလေးပြန်လာနား နိုင်ရန် လိုအပ်သည်များကိုတော့ ကြိုးစားတည်ဆောက်နေပါသည်။

ငွေကြေးမှ လွဲ၍ အားလုံး ပြည့်စုံနေသာ ပတ်ဝန်းကျင်တစ်ခုဆီမှ ငွေကြေးမှ လွဲ၍ တခြား ဘာမှ မရှိသော ပတ်ဝန်းကျင်တစ်ခုဆီသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်စဉ်တွင် ကဗျာ အပါအ၀င် အခြား ကျွန်တော် မြတ်နိုးရသော အရာတော်တော် များများ ကို စွန့်လွှတ်ခဲ့ရသည်။ ယုံကြည်ချက်တူညီသောမိတ်တွေများ၊ ကျပ်ငွေ အနည်းငယ်ဖြင့် ကြက်ဥတစ်လုံးနှင့် ခွေးတောက်ရွက် တစ်စည်းဝယ်ကာ အရက် မြည်းရင်း ညစာ စားခဲ့ရသောနေ့စွဲများ၊ ရိုးသားခြင်းရနံ့ထောင်းထောင်းထနေသော ဘုံဆိုင်ကလေး များ (စစ်မှန်တဲ့ ရိုးသားမှုဟာ ဘယ်တော့မှ မမွှေးဘူး)၊ ပလက်ဖောင်းပေါ်မှ အလင်းဆိုင် လေးများ စသည်ဖြင့် ကျွန်တော် နှစ်သက်စွာ ပျော်ဝင်ခဲ့သော အရာများစွာအား ကျောခိုင်းခဲ့ရသည်။

ပတ်ဝန်းကျင်အသစ်တွင် ကျွန်တော် ပြန်လည်ရရှိလိုက်သည်က လူတွေအပေါ်မှာ ယုံကြည်မှုကင်းမဲ့ လာခြင်း ပင်ဖြစ်သည်။ ငွေကြေးမှလွဲ၍ တခြားဘာမှမသိသော၊ ငွေကြေးတစ်ခုတည်းပေါ်တွင် အခြေပြု ၍ သာ အရာရာ ကို တန်ဖိုးဖြတ်တတ်သော လူများအကြားတွင် ကျွန်တော်သည် သခင် ပျောက်နေသော ခွေး တစ်ကောင်သာဖြစ်နေပါသည်။  ဤနေရာ ဤဒေသမှ ကျွန်တော်အတွက် ဆုလာဘ် တစ်ခု ရရှိ ခဲ့ပါ သည် ဆိုလျှင် ထိုအရာသည် နေခြည်နှင့်ဆုံတွေ့ခဲ့ရခြင်းပင် ဖြစ်ပါလိမ့်မည်။

(၂)

          "ရှင်က လူတွေကို မုန်းတီးနေတဲ့ ရောဂါရနေတာပဲ"

ပထမဆုံးအကြိမ် ထိုစကားကို သူမဆီမှ ကြားလိုက်ရစဉ်က ကျွန်တော် တော်တော် ကသိက အောက် ဖြစ်သွားခဲ့သေးသည်။ နောက်တော့လည်း ကျွန်တော်၏ အချိုးမပြေသော လူမှု ဆက်ဆံရေး ပြဿနာများ ကိုတွေ့ရတိုင်း သူမ ဆီက ထိုစကားကို ခဏ ခဏ ကြားရသည်။ ထိုစကား သည်သူမ၏ နှုတ်ဖျားမှ  ကျွန်တော် နှင့်ပတ်သတ်၍ ထွက်ကျလာသော စကားများအနက် ကျွန်တော့်ကို  တုန်လှုပ် သွားစေသော စကား တစ်ခွန်းပင်ဖြစ်သည်။ ၀တ္ထုရေးဆရာ တစ်ယောက်က သူ့၏ ၀တ္ထု တစ်ပုဒ် ထဲတွင် ထို စကားကို ထည့်ရေးထားသည်ကို ကျွန်တော်  ဖတ်ခဲ့ရဖူးသည်။ သူမလည်း ထို ၀တ္ထုကို ဖတ်ခဲ့ ဖူးလိမ့် မည်ထင်သည်။ ကျွန်တော်၏ ပစ္စခ အခြေနေနှင့် တိုက်ဆိုင်နေသဖြင့် ထိုစကားကိုသူမ ယူ သုံးလိုက် တာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ (ကျွန်တော့်အမြင်အရ) ခပ်ပေါ့ပေါ့ ခပ်လွှာလွှာ တွေးခေါ် နေ ထိုင်သည့်  ကောင်မလေးတစ်ယောက်အဖြစ် ထင်မြင်ထားမိသော သူမ ဆီမှထိုသို့သော စကားကို ကြား လိုက် ရမည် ဟု ကျွန်တော်လုံးဝ ထင်မှတ်မထားမိကြောင်း ၀န်ခံရပါမည်။ ထိုစကားသည် ငြိမ်သက် ဟန် ဆောင်နေသော ကျွန်တော်၏ ရေပြင်ကို ပုတ်နှိုးလိုက်ပါသည်။  မနာကျင်ဟန်ဆောင်ကာ ဖုံးကွယ်ထား သော ဒဏ်ရာကို လက်သည်းဖျားလေးဖြင့် ထိုးဆွလိုက်ခြင်းပင် ဖြစ်သည်။

          "ကျွန်တော်ဟာ လူတွေကို မုန်းတီးနေမိသတဲ့လားးးး"

ကျွန်တော်ကိုယ် ကျွန်တော်ပြန်မေးကြည့်မိပါသည်။ ကျွန်တော်မဖြေတတ်ပါ။ သို့မဟုတ် ကျွန်တော်မဖြေချင်ပါ။ သို့သော် လှောင်ချိုင့်ထဲရောက်နေသော  ခြင်္သေ့ တစ်ကောင်သည် ကျွန်တော် ဖြစ်သည်။ အလမ္မယ်ဆရာ၏ ပခြုပ်ထဲမှာရောက်နေသော မြွေဟောက်တစ်ကောင်သည် ကျွန်တော် ဖြစ်သည်။ ဆပ်ကပ်ဆရာခိုင်းသမျှ လိုက်နာနေရသော ကျားတစ်ကောင်သည် ကျွန်တော်ဖြစ်ပါသည်။

ထို့အပြင် သူမက-

          "ချစ်တယ်ဆိုတာလည်း အစွန်းရောက်တာပဲ
          မုန်းတယ်ဆိုတာလည်း အစွန်းရောက်တာပဲ
          အဲဒီအစွန်းနှစ်ဖက်ကို လွတ်အောင်မရှောင်နိုင်သေးသရွှေ့
          အဲဒီနှစ်ခုစလုံးက ရှင့်စိတ်ကို ဒုက္ခအကြီးကြီးပေးနေမှာပဲ"

ဟု တွေဝေ ငေးငိုင်နေတတ်သော ကျွန်တော်၏ မျက်ဝန်းများကို တည့်မတ်စွာ စူးစိုက်ကြည့်ရင်း ပြောလိုက်သေးသည်။

သူမ၏ စကားလုံးတွေက ကျွန်တော့် သိစိတ်တွင် လက်ခံထားသော မေတ္ထာ ၀ါဒ နှင့် ဆက်စပ်မှု ရှိနေသည် ထင်သည်။ ချစ်စိတ်သည် လိုချင်တပ်မက်မှုရရှိခြင်းကို အခြေခံသည်။မုန်းစိတ်သည် လိုချင် တပ်မက်မှုများ မရရှိခြင်းကို အခြေခံသည်။မေတ္ထာတရားသည်  ထို အချက်နှစ်ချက်စလုံးနှင့် ကင်းလွတ် နေသည်။ ထိုသို့ ယေဘုယအားဖြင့် ကျွန်တော်လက်ခံထားသည်။ သို့သော် ထိုတရားသည် ကျွန်တော်၏ သိစိတ် တွင် သိသည် ဆိုရုံမျှသာဖြစ်သည်။ မသိစိတ်သို့ တိုင်အောင် လွှမ်းမိုးနိုင်ခြင်းမရှိသေး။ ကျွန်တော်၏ မသိ စိတ်တွင်မူ ကျွန်တော်ကိုယ်တိုင် ခွဲခြား ဆင်ခြင်နိုင်စွမ်းမရှိသော အရာများဖြင့်  ပိတ်မှောင် နေလျက် သာ ရှိသည်။ ဤသည်ကိုပင် စကားလုံးအားဖြင့်ဆိုလျှင် အ၀ိဇ္ဖာ ဟု ခေါ်ဆိုရမည်လားမသိပါ။ အစစ် အမှန် တရားများကို စကားလုံးများ၏ နောက်ကွယ်သို့ တွန်းပို့လိုက်ရမည်ကိုတော့ ကျွန်တော် အင်မတန် မုန်းတီးပါသည်။

(၃)


          "ရှင် အရက်လျှော့သောက်စမ်းပါ ကဗျာဆရာရယ်
          ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါးပဲတဲ့ ရှင်လည်းသိပါတယ်"

          သူမဆီက ကျွန်တော် အရက်ကိုအလွန်အကျွံသောက်ခြင်း နှင့်ပတ်သတ်၍ ပူပန်သော စကားများ ကို ခဏ ခဏ ကြားရတတ်သည်။ထို့သို့ ကြုံလာတိုင်း -

          “ကျွန်တော့် အသည်းက ပကတိ အကောင်းကြီး ရှိပါသေးတယ်ဗျာ”

ဟု ပြန်ပြောကာ ကျွန်တော်က အော်ဟစ် ရယ်မောပစ်လိုက်တတ်သည်။ ကျွန်တော်၏ ကျယ်ကျယ် လောင်လောင် ရယ်သံအောက်တွင် ညှိုးငယ် နွမ်းဖျသွားသော သူမ၏ မျက်နှာလေး တိုးတိမ် ပျောက်ကွယ် သွားရှာပါသည်။

          “ ဒီလရော အိမ်ကို ငွေလွှဲပြီးပြီလား”

ဟု ရယ်လက်စ အရှိန်မသတ်နိုင်သေးသော အသံဖြင့် ကျွန်တော် မေးလိုက်တော့ သူမ၏ မျက်နှာလေး ပြုံးယောင်သမ်းလာသည်။ မျက်ဝန်းတွေ တောက်ပလာသည်။ အောင်ပွဲရခဲ့သော တိုက်ပွဲအကြောင်း ပြန်ပြောပြတော့မည့် စစ်သူရဲကောင်းတစ်ယောက်လို၊ အောင်မြင်စွာဖြေဆိုနိုင်ခဲ့သော စာမေးပွဲအကြောင်း ပြန်ပြောပြတော့မည် ကျောင်းသူမလေးတစ်ယောက်လို သူမ၏ နှုတ်ခမ်းများဆီမှ တက်ကြွ အားပြည့်သော စကားလုံးများ အစီအရီ ထွက်ကျလာသည်။ ထိုစကားလုံးများ၏ နောက်ကွယ်တွင် လေးလံ ဖိစီးမှုများ ရှိနေသည် ကို တော့ ကျွန်တော် မမြင်ဟန်ဆောင်နေမိပါသည်။

          “ ဟော လခထုတ်ပြီးတာနဲ့ အဆောင်လခရယ် စားစားရိတ်ရယ်
            အသေးသုံးစားရိတ်ရယ် နှုတ်ပြီး ကျန်တဲ့ ငွေကို အိမ်ကို လွှဲပေးလိုက်တာပဲ။ ကုန်ရော…”

ဟု ပြောကာ ဘာကိုမှန်းမသိ သဘောကျစွာ ရယ်မောနေတတ်သူလေး၏ မျက်ဝန်းထဲတွင် အားငယ် စိုးရွံမှုအချို့က ထိန်းမနိုင်သိမ်းမရ စိုစွတ်နေပါသည်။

          ရံဖန် ရံခါတွင် သူမသည် ကျွန်တော်ပြောနေသော စကားများကို မကြားသည့်အလား တစ်နေရာရာ (သို့မဟုတ်) တစ်စုံတစ်ရာ ကို  ကြည့်ကာ ငေးငိုင်နေတတ်သေးသည်။ လက်ဖက်ရည်ဆိုင်တွင် အတူထိုင်နေကြကာ စကားပြောနေရင်း ဆိုင်၏ မျက်စောင်းထိုးအရပ်တွင်ရှိသော အုန်းပင်ကြီး၏ ကြွေလုလု အုန်းလက်ကြီး လေထဲမှာ တွဲလောင်းကြီး ဖြစ်နေတာကို ငေးကြည့်နေတတ်သည် ။ လမ်းပေါ်တွင် ခွေးမကြီးမှ ခွေးပေါက်စကလေးများအား နို့တိုက်နေသည်ကို ငေးကြည့်ချင် ကြည့်နေတတ်သည်။ ထိုအခါ မျိုးတွင် သူမ ဆီမှ မည်သို့ သော စကားသံကိုမျှ မကြားရ။ တိတ်ဆိတ်စွာ ငေးကြည့်သော သူမ၏ မျက်ဝန်း များတွင် မပြောဖြစ်သော စကားလုံးများဖြင့် ပြည့်လျှမ်းနေပါသည်။


[ ည ]

          ညက မိုးသည်းသည်။

          နေခြည်နှင့်အတူ ထိုင်နေကျ လက်ဖက်ရည်ဆိုင်လေး၏ မျက်စောင်ထိုး အရပ်တွင်ရှိသော အုန်းပင်ကြီး၏ ကြွေလုလု အုန်းလက်ကြီး ပြုတ်ကျသွားသည် ။ လမ်းမပေါ်တွင် ခွေးမကြီးက ခွေးပေါက်စ ကလေး တစ်ကောင်တည်းကို နို့ တိုက်နေသည်။ အခြားခွေးပေါက်စ ကလေးများမှာ ကားကြိတ်ခံရ၍ သေဆုံးသွား ကြပြီဖြစ်သည်။ နေခြည်နေထိုင်ရာ အဆာင်မှ အဆောင်ပိုင်ရှင် အန်တီကြီး၏ စကားများက ကျွန်တော်၏ အကြားအာရုံတွင် မကြားတစ်ချက် ကြားတစ်ချက်ဖြင့် ရစ်ဝဲနေသည်။


          "သြော်..မသိသေးဘူးထင်တယ် နေခြည်  ဒီအဆောင်မှာ မနေတော့ဘူး
           သူ့ရဲ့ သွေးထဲမှာ စီပိုးတွေ့လို့တဲ့ ပြန်သွားတယ်

          “အိမ်ပြန်သွားတယ် ထင်တာပဲ သူ့ဇာတိကိုတော့မသိဘူး

          “ ဟုတ်တယ် အသည်းရောင်အသားဝါစီပိုး တွေ့တာတဲ့

          “ ဖြစ်နေတာကြာပြီ အခုမှ သိတာတဲ့

          "အဲဒီရောဂါက ကုလို့တော့ရတယ်
          ဒါပေမယ့် ဆေးကုဖို့စားရိတ်က သိန်းရာချီပြီးကုန်မှာတဲ့
          ပိုက်ဆံတတ်နိုင်တဲ့သူတွေပဲ ကုနိုင်မှာပေါ့လေ
          နေခြည်တို့က......."

          ထို အနက်ရောင် ဒိုင်ယာလော့များက ကျွန်တော်ဆီကို မြားတွေလို စိုက်ဝင်လာသည်။ အဆိပ်ပြင်းသော ပျားပိတုန်းတွေကို အနားနားမှာ တ၀ီဝီ ပျံသန်းနေသည်။ ဖြေဆိုမည့်သူ ကင်းမဲ့နေသော မေးခွန်း တစ်ခုကိုသာ ကျွန်တော် အကြိမ်ကြိမ်အခါခါ မေးနေမိသည်။

          “နေခြည် ဘယ်မှာလဲ”
          “နေခြည် ဘယ်မှာလဲ”
          “နေခြည် ဘယ်မှာလဲ”
          “နေခြည် ဘယ်မှာလဲ”

နေခြည့် အတွက် အနည်းဆုံး ကျွန်တော့် ကဗျာလေးတစ်ပုဒ်ဖြစ်ဖြစ် လက်ဆောင်ပါးလိုက် ချင်သည်။ ဘာမှဖြစ်ဖြစ်မြောက်မြောက် မရှိလှသော ကျွန်တော့်ကဗျာလေးကိုပဲ သူမက သိပ်ကောင်းတာပဲ ဟု ပြောနေကျ စကားကို ပြောနေကျလေသံ အတိုင်း တစ်သွေမသိမ်း ပြောလိုက် လိမ့်မည်ထင်ပါသည်။

နေခြည်ဟာ တကယ်ပဲ သေခြင်းတရားဆီကို တည့်တည့်ကြီး တိုးဝင်ပစ်လိုက်ရတာလား။ သို့ဆိုလျှင် နေခြည်ဟာ လက်တစ်ကမ်းမှာ ရောက်နေသည့် သေခြင်းတရားနှင့် စကား အခြေအတင် ပြောရင်း စကားနိုင်လုနေလေဦးမလား။ ဒါဆိုရင်တော့ နေခြည် ပဲ နိုင်လိမ့်မည်မှာ သေချာပါသည်။ သို့သော် သေခြင်း တရားသည် ကစားပွဲတစ်ခု၏ အရှုံးအနိုင်မဟုတ်။ ကစားပွဲတစ်ခု၏ သတ်မှတ်ထားသော အချိန် ကန့်သတ်ချက်တစ်ခုသာဖြစ်သည်။ သေခြင်းတရားဆီသို့ တိုးဝင်လိုက်ရပြီ ဆိုပါလျှင် ခြောက်ကပ်ဖွယ်ရာ စက္ကန့်လက်တံတို့၏ နောက်ဆုံးမိနစ်အား ဖြတ်ကျော်နေသံများကို နေခြည် ဘယ်လိုရင်ဆိုင်ပါ့မလဲ။

          “ကျွန်တော့် အသည်းက ပကတိ အကောင်းကြီး ရှိပါသေးတယ်ဗျာ”

ဟု ဆိုတာ ကျွန်တော် အော်ဟစ်ရယ်မောခဲ့သည်ကိုတော့ သူမ သတိမရစေလိုပါ။

          ကျွန်တော် ရေးလက်စ ကဗျာတစ်ပုဒ်ကို ပင်ပန်းကြီးစွာပင် ကြိုးစား၍ အဆုံးသတ် ပစ်လိုက် ပါသည်။ သို့သော် ကဗျာသည် ဘယ်တော့မှ အဆုံးသတ်၍ မရနိုင်သော အရာတစ်ခုဖြစ်မှန်း (အခုအချိန် အထိ) ကျွန်တော် မသိခဲ့ပါ။ ။

                                                                                                လင်းဝေအိမ်
                                                                                              (၁၉-၀၈-၂၀၁၄)


No comments:

Post a Comment