21 August 2014

“အေးစက်နေတဲ့ အရောင်”

“အေးစက်နေတဲ့ အရောင်”

တိမ်တွေကို နာမည် ပေးလိုက်တယ်။ လက်သည်းနဲ့ ခြစ်ချလိုက်တဲ့ ဆေးသားတွေရဲ့ နောက်ကွယ်မှာ အသံ  တစ်ချို့  ပုန်းခို နေကြတယ်။   နာမ၀ိသေသနတွေ  ဆင်မြန်း ထားကြတဲ့ ကောင်မလေးတွေ။ ကြိယာ ၀ိသေသနတွေ ကိုင်ဆွဲထားကြတဲ့ ကောင်လေးတွေ။ ၀တ္ထုတွေထဲဝင်ပြီး  ရုပ်ရှင်တွေ ထဲက ထွက်ခဲ့တယ်။  ဘာတွေ တွေ့ခဲ့လဲလို့  မေးမယ့်သူတွေကို  မျက်နှာ ချင်း မဆိုင်ချင်လို့   ခေါင်းငုံ့ပြီးေ လျှာက်တယ်။  လမ်းတွေကတော့  လမ်းတွေရဲ့ အမူအကျင့် အတိုင်း    ဖြတ်နင်း   လျှောက်သွား  သူတွေရဲ့  စိတ်ခံစားမှုတွေကို ဥပေက္ခာ ပြုကာ လဲလျောင်းနေပါတယ်။

အညိုရောင် ကျောပိုးလွယ်အိတ်လေးထဲမှာ အက္ခရာတွေကို ထိုးသိပ်ထည့်လာခဲ့တယ်။ အဆင်ပြေမယ့် တစ်ချိန်ချိန် တစ်နေရာရာမှာ ၀ါကျတစ်ကြောင်းကို  တည်ဆောက်မယ်။ ကျေးဇူးပြု၍  အသံ ထွက်ပြီး မရွတ်ဖတ်လိုက်ပါနဲ့။

သူတို့ အသုံးပြုနေတဲ့ ဘာသာစကားထဲမှာတော့ ကိုယ်တို့ဟာ အပယ်ခံ အက္ခရာတွေ ။ တနည်းအားဖြင့် သူတို့ရေးနေတဲ့ ၀ါကျထဲက ကိုယ်တို့  ခုန်ထွက်ခဲ့ကြတာ။  စိတ်မလုံခြုံမှု အပေါက်အပြဲလေးရဲ့  ဖာရာထေးရာ ချုပ်ရိုးရာတွေ ကြားမှာ မျက်ရည်စတွေ အဆုပ်လိုက် ပွင့်ဝေနေတယ်။ နှင်းတွေ ဟာ ဖြူမှမဖြူတော့ပဲ။ ရယ်သံတွေမှာ ချိန်ကိုက်ဗုံးတွေနဲ့။

ငွေစက္ကူတွေ အပေါ်မှာ စိုက်ပျိုးမှ ဖြစ်ထွန်းမယ့် သစ်ပင်တွေနဲ့ ကမ္ဘာကြီးက စိန်းလန်း (ယောင်ဆောင်) နေတယ်။ ဘ၀ကို ခဏ ခဏ စိတ်မကောက်  စိတ်မဆိုးနဲ့ လို့တော့ တစ်စုံတစ်ယောက်က မှာလိုက်တယ်။ ရှုသွင်းလိုက်တဲ့  လေထဲမှာ စပယ် ရနံ့တွေ ဖွေးဖွေး လှုပ်နေအောင် ပါမလာနိုင်ခဲ့တာ ကြာပါပြီ။  တွေ့သမျှ တံခါးတွေကို လိုက်ဖွင့်နေမိတယ်။ တွေ့သမျှ ခလုပ် တွေကို လိုက်နှိပ်နေမိတယ်။ တွေ့သမျှ မျက်နှာတိုင်းကို( ကြိုးစားပြီး) ပြုံးပြနေမိတယ်။ ခေါ်သံ တစ်ခုခု ကြားလိုက် တိုင်း လှည့်ကြည့် နေမိတယ်။ ခြေသံတစ်ခုခု ကြားလိုက်တိုင်း  သွေးကြောတွေ ဆတ်ခနဲ လှုပ်ခါသွားတယ်။ တစ်ချက်တစ်ချက် ကြားလိုက်ရတဲ့ ငှက်အော်သံတွေဟာ နာမည် တစ်ခုခုကိုပဲ အော်ခေါ်နေသလိုလို။

ဒဏ်ရာတွေက နာတော့ ကဗျာက ပိုပိုမြည်တယ်။ ၀လုံးလေးတွေခမျာ နားခိုရာ စာမျက်နှာကင်းမဲ့နေကြဆဲ။ မောင်းကျိုးနေတဲ့  ပလက်စတစ် သေနတ်ကလေးနဲ့ ရန်သူ့တပ်ကို တက်သိမ်းလို့ရဦးမယ်ထင်တဲ့ စိတ်က အခုထိ မရင့်ကျက် နိုင်သေးဘူး။ ငယ်ငယ်က စစ်တိုက်တမ်းကစားကြရင် တကယ်မသေဘူးဆိုတာ သိပေမယ့် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက်တော့ ကိုယ့်ကိုယ်ကို ကာကွယ်ခဲ့ကြတာပဲ မဟုတ်လား။ အခု တကယ် သေမယ့်ပွဲတွေကြုံမှ ကာကွယ်ဖို့ ကိုယ်စွမ်း ဥာဏ်စွမ်းတွေက ရှားပါးလိုက်တာ။ လက်ခုပ်နဲ့ ခပ်ယူလိုက်လို့ မရတဲ့ ဖုန်းခေါ်သံတွေထဲမှာ မေတ္တာတရားတွေ ကတော့ ကြည်ကြည် လင်လင်ပါပဲ (အဲဒီလို ကြိုးစားပြီး ယုံကြည်ထားတယ်) ။

ပြတ်အံဆဲဆဲ ဖိနပ်သဲကြိုးလေးအပေါ် ယုံကြည်မှု ကင်းမဲ့သွားခဲ့ခြင်းဟာ အမှန်တရားကို မသွေဖည် ပါဘူးလေ။ ပန်းချီကား ပေါ်မှာ စွန်းထင်းသွားတဲ့ ဆေးစက် တစ်စက်ရဲ့ သက်ရောက်မှုကို နားမလည်သူများ ထွေးထုတ်လိုက်တဲ့ တံတွေးစက်တွေ ထဲမှာတော့ အရောင်တစ်ချို့ လွင့်စင်ပါသွားတယ်။

စန္ဒယားခလုတ်တွေပေါ်မှာ တင်ထားမိတဲ့ လက်ချောင်းတွေက ဘာကို တီးခတ်ရမလဲဆိုတဲ့ စိတ်ရဲ့ အမိန့်ပေး စေခိုင်းမှုကို စောင့်စားနေကြတယ်။ ဒီအချိန်မှာ ပခန်းမင်းသားကြီးရဲ့ အောင်မြေသာစံပတ်ပျိုး ကလွဲရင်  ဘယ်တေးသွားပဲ ဖြစ်ြဖစ် အဆင်ပြေနိုင်ပါတယ်။

“ရွှေပြည်တော် မျှော်တိုင်းဝေး”
“ရွှေပြည်တော် မျှော်တိုင်းဝေး”
“ရွှေပြည်တော် မျှော်တိုင်းဝေး”

အာရုံကို လာရောက်စူးဝင်နေတဲ့ ပတ်ပျိုးထဲက စာသားအချို့ကို ဆွဲထုတ်ဖယ်ရှားပစ်လိုက်ဖို့ မတတ်နိုင်တော့တဲ့ အဆုံး မှာတော့ စန္ဒယားခလုတ်တွေကို  ရည်ရွယ်ရာမဲ့စွာ တီးခတ်ပစ်လိုက်ပြီး စန္ဒယားခုံကထလာခဲ့ ရပါတယ်။

နတ်သျှင်နောင်ရဲ့ "ရင့်မြရွှေကျန်" ဆိုတဲ့စာသားက တဖြည်းဖြည်းချင်း အေးစက် လာနေတဲ့ သောက်လက်စ ကော်ဖီခွက် ထဲကို ဖြုတ်ခနဲ ပြုတ်ကျလာတယ်။ ပြတင်းပေါက်ကို အပြေးအလွှား သွားဖွင့်လိုက်ရတယ်။ ဒဏ်ရာ ရနေတဲ့ တိမ်တစ်ချို့ ရုတ်တရက် လန့်ပျံ ပြေးကုန်ကြတယ်။ လှုပ်ခါနေတဲ့ သစ်ကိုင်းခြောက်ကလေး ကလွဲရင် အရာအားလုံးဟာ ပုံမှန်ပါပဲ။ တိတ်ဆိတ်ခြင်းကို ဘယ်လို အသံထွက်နဲ့ ရွတ်ဆိုပြရပါ့မလဲ။

ကဗျာရွတ်သံ တိုးတိုးညင်းညင်းလေးဟာ အခန်းထဲမှာ စီးကရက်ငွေ့တွေနဲ့အတူ ရောထွေးလွင့်ပျံနေတယ်။ ထိုးစိုက်ထားတဲ့ ပန်းကလေးတွေ မညှိုးနွမ်းသေးခင် ပန်းအိုးကလေး ကွဲအက်သွားခဲ့ရတဲ့ ပုံပြင်ကို ချာချာလည်နေတဲ့ ပန်ကာက လုံးဝ(လုံးဝ) မကြားချင်ဘူး။ သံစုံမြည်နာရီတစ်လုံးရဲ့ အချိန်နာရီအရေအတွက်ကို ညွှန်းဆို တီးခတ် လိုက်တဲ့ ဂီတသံစဉ် တစ်ခုလို အဓိပ္ပါယ် တစ်ခုတစ်လေကို သည်းသည်းမည်းမည်း တောင့်တငတ်မွတ်နေမိတယ်။

နာဖျားနေတဲ့ ကျီးကန်းတစ်ကောင် ရေမြောင်းဘောင်ပေါ်မှာ ကုပ်ကုပ်ကလေး ခိုနားနေတယ်။ရေစီး ရေလာ မကောင်း တဲ့နေ့စွဲတွေမှာ နေရောင်ဟာ ကမ္ဘာမြေပေါ်ကို ရောက်မလာနိုင်ခဲ့ဘူး ။ကြွေကျသွားတဲ့ သစ်ရွက်တွေကိုအားကျတဲ့စိတ်ဟာ အမှောင်ထဲက ဓားမြှောင်တစ်ချောင်းလို တိတ်တဆိတ် ချဉ်းကပ်လာနေတယ်။

သီချင်းမဆိုချင်တော့ဘူး။ သီချင်းတွေ စို ကုန်မှာစိုးတယ်။  ။


                                                                                       လင်းဝေအိမ်
                                                                                      Idea မဂ္ဂဇင်း၊သြဂတ်လ၊ ၂၀၁၄



No comments:

Post a Comment