30 June 2014

"စိတ်ပျောက်လက်ပျောက်"

"စိတ်ပျောက်လက်ပျောက်"


ကောင်းကင်ဟာ ကိုယ့်ခေါင်းအပေါ်တည့်တည့်မှာမှ ပိုပြီးနိမ့်ကျနေသယောင်
လေတွေတအားတိုက်နေတယ်၊ လေထဲမှာ ဘာမှ ပါမလာဘူး
မီးခြစ်ကို ကြိုးစားပြီး ခြစ်နေရတယ်၊ တစ်ချက် နှစ်ချက် သုံးချက်
တစ်ကြိမ်ကြိမ်မှာ မီးတောက်လာနိုးနိုးနဲ့ စောင့်နေမိတဲ့ ဆေးလိပ်လေးခါးကျိုးနေပြီ
ရောက်နေတဲ့လိုင်းနဲ့ နောက်ထပ်ကူးရမယ့်လိုင်းတွေအကြား မီးခိုးငွေ့တွေလွင့်ဝဲ
ကြွေကျလာတဲ့သစ်ရွက်တစ်ရွက်ပေါ်မှာ စိတ်ကိုပစ်တင်ပေးလိုက်တယ်
သွေးလက်စဓား က တွေးလက်စတရားကို လာလာပြီး ထိရှ
ဖျတ်ခနဲမြင်လိုက်ရတဲ့ အသံက ညှော်နံ့တွေ တထောင်းထောင်းထနေလိုက်တာ
ချိန်သားကိုက် ဗြုန်းစားကြီး ပွင့်ချလိုက်ရတဲ့ ပန်းပွင့်တွေလို ရနံကိုဘယ်မှာမေ့ကျန်ခဲ့မှန်းမသိ
တိမ်တွေက တအိအိနဲ့ နိမ့်ဆင်းလာနေတယ်၊ ရေတွေက တအိအိနဲ့ မြင့်တက်လာနေတယ်
အစာကောက်နေတဲ့ ငှက်ကလေးတွေ ရုတ်တရက်ထပျံသွားကာမှ
ပျံသန်းခြင်းကိုမေ့လျော့စပြုနေပြီဖြစ်တဲ့ ကိုယ့်အတောင်ပံတွေကို ပြန်စမ်းကြည့်မိတယ်
အတွေးဟာ စကားလုံးတွေရဲ့ နောက်မှာ ကွယ်နေတာ
အတွေးဟာ စကားလုံးတွေကို တွန်းထိုး ကိုက်ဖြတ် ရုန်းထွက်နေတာ
အတွေးဟာ စကားလုံးတွေကို ကျော်လို့ မရဘူးဖြစ်နေတာ
အတွေးဟာ ဒီလိုနဲ့ပဲ အတွေးမဆုံးခင် သွေးဆုံးသွားရတာ
ဇာတ်လမ်းရဲ့အဆုံးမှာ ဇာတ်လိုက်ဟာ အောင်မြင်မှုအတုကြီးကို 
အပြုံးအတုကြီးထည့်ပြီး မိုးပေါ်ထောင်ပစ်လိုက်တယ်  ပြုံးပြုံးကြီး။   ။

                                                                    လင်းဝေအိမ်

No comments:

Post a Comment