"ကဗျာက မပြီးသေးဘူး"
မြစ်ထဲကိုခုန်ချလိုက်
မြစ်ရေတွေက မျက်ရည်တွေကို ၀ိုင်းကူပြီး စီးဆင်းပေးလိမ့်မယ်
အလိုမတူဘဲ လိင်ဆက်ဆံခြင်းခံလိုက်ရတဲ့ အမျိုးသမီးလေးက
သူ့ဆီမှာပါလာတဲ့ မုဒိန်းကောင်ရဲ့ ရင်သွေးကို ချစ်နေရသလို ငါတို့ ။
ခေတ်ကြီးက နိုင်ငံတော်မလေးကို မုဒိန်းကျင့်တယ်
ခေတ်ကြီးက နိုင်ငံတော်ဆီက ခွက်ကြီးနဲ့ ခပ်ထုတ်သွားတယ်
ခေတ်ကြီးက နိုင်ငံတော်တစ်ကွင်းလုံးကို ရိတ်သိမ်းသွားတယ်
ခေတ်ကြီးက နိုင်ငံတော်ကို ခေတ်ပိုင်မြေအဖြစ် သိမ်းတယ်
ခေတ်ကြီးက နိုင်ငံတော်ကို ကျူးကျော်အဖြစ် ဖျက်တယ် ။
ငါတို့မှာ နိုင်ငံတော်မလေး ဆီပါလာတဲ့ မိစ္ဆာကောင်ရဲ့ ရင်သွေးကိုလည်း ချစ်နေရ
ငါတို့မှာ အခွံပဲကျန်တဲ့နိုင်ငံတော်ကြီးကိုပဲ လေထဲလွင့်မသွားအောင် ၀ိုင်းပွေ့ထားရ
ငါတို့မှာ ငုတ်တိုပဲကျန်တဲ့ ရိုးပြတ်တွေကိုပဲ မြတ်နိုးနေရ
ငါတို့မှာ အသိမ်းခံလိုက်ရတဲ့ နိုင်ငံတော်ကို ပြန်တောင်းနေရ
ငါတို့မှာ အဖျက်ခံရတော့မယ့် နိုင်ငံတော်ကို ကာကွယ်နေရ ။
ခလုတ်ကိုပိတ်လိုက်ပေမယ့် တ၀ီဝီလည်နေတဲ့ ပန်ကာက ရပ်မသွားသေးဘူး
မိုးကတိတ်သွားပြီဆိုပေမယ့် မြောင်းရေတွေ အရှိန်နဲ့ စီးနေတုန်းပဲ
ဟေ့ရောင်တွေ ခလုတ်ကို ပြန်ဖွင့်လိုက်ရင် ငါတို့ ပန်ကာတွေလို ချာချာလည်သွားမှာ
ဟေ့ရောင်တွေ မိုးကိုပြန်ရွာလိုက်ရင် ငါတို့ မြောင်းထဲရောက်သွားမှာ
ဟေ့ရောင်တွေ ကဗျာကိုတော့ ဒီမှာပဲ ရပ်လိုက်တော့မယ်
ဟေ့ရောင်တွေ မင်းတို့ မရပ်လိုက်နဲ့ဦး။ ။
လင်းဝေအိမ်
No comments:
Post a Comment