25 May 2013

"ဇာတ်ဟာ ဇာတ်လိုက်ရဲ့ နောက်ကို လိုက်နေရတယ်"

"ဇာတ်ဟာ ဇာတ်လိုက်ရဲ့ နောက်ကို လိုက်နေရတယ်"

အိုဇုန်းလွှာကြီးပေါက်နေတာရှာဖွေတွေ့ရှိခဲ့တဲ့ ဒေါက်တာဂျိုးဖာမန် သေသွားပြီ
အိုဇုန်းလွှာကြီးကတော့ မသေမြဲ မရှင်မြဲ ပေါက် ပေါက် ပေါက် ပေါက် ပေါက်
အင်ဂျလီနာဂျိုလီရဲ့ ဖြတ်ထုတ်လိုက်ရတဲ့ ရင်သားအစုံမှာ မေတ္တာတရားတွေ တစ်ပေါက်ပေါက် ယိုစီး
ကမ္ဘာကြီးကိုယ်တိုင်က အစွန်းအထင်းတွေနဲ့ ကမ်းပါးစွန်းမှာ ရပ်နေရ
တစ်ယောက်အိပ်မွေ့ယာလေးပေါ်မှာ ဖက်လုံးလေး ဖက်ဖက်ပြီးအိပ်ရတာ ကျောမလုံဘူး
တစ်နေ့ ကင်ဆာ တစ်နေ့ တုပ်ကွေး တစ်နေ့ ဗုံးကွဲ တစ်နေ့ မီးလောင်
တစ်နေ့တစ်နေ့၊  တစ်နေ့တစ်နေ့၊  တစ်နေ့  တစ်နေ့   တစ်နေ့   တစ်နေ့
မီးခိုး သွေးစ မျည်ရည် ပေါက်ကွဲသံ အိမ်ယာမဲ့ မိဘမဲ့ သားသမီးမဲ့ 
လက်နက် အသစ်အဆန်း ဗိုင်းယပ်စ် အသစ်အဆန်း ရောဂါ အသစ်အဆန်း 
ဘယ်တော့မှ မရိုးနိုင်တဲ့ သေခြင်းတရားရဲ့ အမြဲတမ်း ဆန်းသစ်ချင်နေတဲ့ ရောဂါ
သတင်းစာစက္ကူတွေရဲ့ အနံ့ဟာ အော်ဂလီဆန်စရာကောင်းလောက်အောင် စူးရှ
ဖတ်စရာသတင်းတွေ များများလာတယ် ဖတ်ချင်စရာသတင်းတွေ ရှားရှားလာတယ်
ရပ်ပြီးနားထောင်ကြည့် ရှိုက်သံ သွားပြီးနားထောင်ကြည့် ငိုသံ
တိုက်ချွတ်နေတဲ့ လက်နက်တွေက ကိုယ့်မျက်နှာကို နောက်ဆုံးကြည့်လို့ရနိုင်လောက်အောင် ပြောင်လက်
ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ တစ်ခုစီ ဆွဲဖြုတ်နေသလို သေခြင်းတရားက တစ်ရစ်ချင်း 
ရှင်သန်နေရမှုဟာ ပြတ်လုပြတ်ခင် ဖိနပ်လေးနဲ့ တရွေ့ရွေ့
ကျည်ဆံတွေကို ဘယ်ခလုတ်ကမှ အစိုးမရဘူး
ဇာတ်ဟာ ဇာတ်လိုက်ရဲ့ နောက်ကို လိုက်နေရတယ်။

                                                               လင်းဝေအိမ်(၂၅-၀၅-၂၀၁၃)

20 May 2013

"လမ်း (၄၀) ထိပ်က ပိတောက်ရိပ်မှာ 'ဇေ' တစ်လုံးနဲ့ ငါ့ကိုစောင့်ပါ"

"လမ်း (၄၀) ထိပ်က ပိတောက်ရိပ်မှာ 'ဇေ' တစ်လုံးနဲ့ ငါ့ကိုစောင့်ပါ"

တစ်နေ့တစ်နေ့ တစ်နေတဲ့ စိတ်ကြီးကိုပဲ ထွေးမရ မြိုမရ
ငါတို့ဟာ လွတ်လပ်ချင်တဲ့ စိတ်ကြီးထဲ ပိတ်မိနေကြတယ်
အရွက်လေးကို ခူး တယ်၊ အဖူးလေးကို ခြွေတယ်
ငွေကြေးစွဲလန်းမှုဟာ ငါတို့ကိုဆောင့်ဆောင့်ခါတယ်
ပေါ့ပေါ့ပါးပါး တီရှပ်လေးပဲ ကောက်စွပ်ထားလိုက်ချင်ပါပြီ
မျက်မှန်တစ်လက်ပေါ်မှာ မှီခိုနေရတဲ့ အမြင်အာရုံ
တစ်ခုခုဆို တစ်ယောက်ယောက်နာမည်ကို အော်ခေါ်လိုက်ဖို့ မနည်းစဉ်းစားရ
သပ်သပ်ရပ်ရပ်မြို့ကြီးထဲမှာ သပ်အရိုက်ခံထားရတဲ့ သားရဲ
ကြောက်ရင်လွဲ ရဲရင်လည်းလွဲ၊ မရှိတဲ့ ပစ်မှတ်ကြီးကိုပဲ မျက်စေ့စုံမှိတ်ပြီး ချိန်ချိန်နေရ
ထိုင်နေကျ ခုံပုလေးတွေလို စိတ်လွတ်ကိုယ်လွတ် ဆွဲထိုင်ပစ်ချင်တယ်
စန္ဒယားခလုတ်တွေသာ ကုန်သွားတယ် ကိုယ့်အသံကိုယ် ရှာမတွေ့ဘူး
လမ်းတွေက လမ်းပီသဖို့ ကွေ့ရ ကောက်ရ နိမ့်ရ မြင့်ရ
မနက်ဖြန်ရုံးတက်ရမယ်၊ တစ်ရွေ့ရွေ့ ရုန်းတက်နေကြရ
ပဲ့ကြွေကျသွားတဲ့ ပေါင်မုန့် အစအနလေးတွေ
သံပြိုင်သီဆိုရမယ့် အပိုဒ်ရောက်တိုင်း အဲဒီသီချင်းတွေထဲက ထွက်ထွက်ကျတယ်
မိတ်ဆွေစာရင်းမှာ နာမည်တွေ လျော့လျော့လာတာလည်း ပျော်စရာတစ်ခုပဲ
ငါတို့ရှေ့က စားပွဲခုံလေးပေါ်မှာ ကမ္ဘာကြီးဟာ ကာဗာကြီးနဲ့ ပကတိမဲ့
တစ်ခါသုံး ပလက်စတစ်ခွက်ကလေးရဲ့ ပေါ့ပါးမှုမျိုးနဲ့ တန်ဖိုးတွေကို စွန့်ပစ်မယ်
မုတ်ဆိတ်တွေ မရိတ်မသင်ဖြစ်သေးသရွေ့
မေးစေ့က အမာရွတ်လေးကိုဘယ်သူမှမမြင်နိုင်ကြဘူး
တစ်နေ့နေ့ ငါတို့ရဲ့ အသံကို သူတို့ကြားကြပါလိမ့်မယ်။

                                               လင်းဝေအိမ်(၂၀-၀၅-၂၀၁၃)

05 May 2013

"မြို့လား"

"မြို့လား"

မြို့ထဲကိုဝင်တာနဲ့ ဆိုင်ရာပိုင်ရာတွေကို ပူဇော်ပသပါ၊ မြို့က နက်တယ်
မြို့က မာယာများတယ်၊ မြို့ကောင်တွေရဲ့ အန္ထရယ်ကိုသတိထား
မြို့ဟာ ကူရာကယ်ရာမဲ့အောင် မှောင်တယ်၊ မြို့မှာ ကိုယ့်လမ်းကိုယ် ခုတ်ထွင်ရှင်းလင်း
မြို့ရဲ့ နေရာတိုင်းမှာ ငွေကြေးဟာ ချောင်းမြောင်းနေတယ်၊ မြို့မှာ လေညာ လေအောက် သတိပြု
မြို့မှာ ခြေရာတွေမထင်ကျန်စေနဲ့၊မြို့မှာ အပေါ့/အလေးစွန့်တာကအစ သတိရှိ
မြို့မှာ ဥပဒေသတွေကို မေ့လိုက်၊ မြို့မှာ အစာလုကြ၊ မြို့မှာ မိတ်လိုက်ကြ
မြို့မှာ လျင်သူစားစတမ်း၊ မြို့မှာ ဦးတဲ့သူ မုဆိုး၊ မြို့မှာ အုပ်စုဖွဲ့အနိုင်ကျင့်
မြို့မှာ မျိုးတူချင်းသတ်ဖြတ်၊ မြို့မှာ ရုပ်ဝတ္ထုချင်း တိုက်ခိုက်
မြို့ဘုရင်ဟာ အမြီးကောက်ကောက်နဲ့၊ မြို့ရဲ့ဗီဇစိတ်က ဘယ်ကျည်တောက်စွပ်စွပ်မဖြောင့်ဘူး
မြို့နက်ထဲရောက်တာနဲ့ သတိကို အသင့်ဆွဲထုတ်ထား၊ မြို့မှာ လက်ဦးမှုဟာ ရှင်သန်ခြင်းပဲ
မြို့မှာ တစ်ယောက်နာမည်တစ်ယောက်မခေါ်နဲ့၊  မြို့မှာ အသံတိတ်ဆက်သွယ်
မြို့မီးလောင် မြို့ကြောင်လက်ခမောင်းခတ်၊  မြို့မှာ အမှောင်တရားဟာ အမှန်တရား
မြို့မှာ တိတ်ဆိတ်ခြင်းတွေ ဆူညံ၊ မြို့မှာ ဦးတည်ရာအရပ် မရှိ
မြို့မှာ မမြင်နိုင်လောက်အောင် ဘာမှန်းမသိတဲ့အရာတွေနဲ့ အုပ်ဆိုင်း
မြို့မှာ ဘာမှန်းမသိလောက်အောင် မမြင်နိုင်တဲ့အရာတွေနဲ့ အုပ်ဆိုင်း
မြို့မှာ ...၊ မြို့မှာ ...၊ မြို့မှာ ...၊ မြို့မှာ...၊ မြို့မှာ...၊ မြို့မှာ...
မြို့မှာ ကိုယ့်ကိုယ်ကိုတောင် မယုံနဲ့။

                                             လင်းဝေအိမ်(၀၅-၀၅-၂၀၁၃)

05 March 2013

"အထူးတလည် ချိန်ရွယ်နေဖို့ မလိုအပ်လောက်အောင် ပစ်မှတ်ဟာ ထင်ရှားတယ်"

"အထူးတလည် ချိန်ရွယ်နေဖို့ မလိုအပ်လောက်အောင် ပစ်မှတ်ဟာ ထင်ရှားတယ်"


ကိုယ့်ဘာသာစကားနဲ့ကိုယ်၊ ဆက်သွယ်မှုကို ဧရိယာပြင်ပ ကန်ထုတ်ပစ်လိုက်တယ်
လူတစ်ချို့နဲ့ စကားမပြောဖြစ်တော့ဘူး၊ လူတစ်ချို့နဲ့ စကားပြော မဖြစ်တော့ဘူး
လူ့ယဉ်ကျေးတို့ရဲ့ ရယ်သံတွေကြားမှာ မောမောနေရတာ
စိတ်ခံစားမှုပါမလာတဲ့ စာသားတွေနဲ့ ဆက်သွယ်ရတာကို စိတ်ကုန်တယ်
ကိုယ်ရည်သွေးသံတွေ ရွံစရာ ကိုယ်သွေးနေတဲ့ဓားမှာ ကိုယ့်ရဲ့သွေးတွေ စိုစွတ်ဆဲ
ယုံကြည်မှုတွေ ပြုန်းတီးလာ၊ ယုံကြည်မှုတွေ တိမ်ကောလာ၊ ယုံကြည်မှုတွေ မျိုးသုဉ်းလာ
ယုံကြည်မှု ထိန်းသိမ်းရေး၊ ယုံကြည်မှု ကာကွယ်စောင့်ရှောက်ရေး၊ ယုံကြည်မှု ပြန်လည်ရှင်သန်ရေး
စာမျက်နှာ အစ အဆုံး နာမည် တစ်လုံးတည်းကိုပဲ အကြိမ်ကြိမ် ထပ်ရေးနေမိတယ်
မနက်ဖြန်ဟာ ဘယ်တော့မှမသေဘူးဆိုတာ အလှပဆုံး ဒုက္ခသစ္စာပေါ့
ကုန်ပစ္စည်းတွေလို လှောင်ထားပါ၊ ဈေးကောင်းရမှ ထုတ်ရောင်းပါ
တံဆိပ်ကိုယ်စီကပ်ပြီးသွားချိန်မှာ ကိုယ်တို့ဟာ တန်ဖိုးကျဆင်းသွားမှာပဲ
ယုံယုံကြည်ကြည် ဆုပ်ကိုင်ထားသမျှ အားလုံးကိုလွှတ်ချလိုက်ရတဲ့ လွတ်မြောက်ခြင်း
သတင်းကြေငြာသူလေးရဲ့ ခံစားမှုကင်းမဲ့နေတဲ့ အသံတွေက ကိုယ့်အာရုံကို ထိုးခွဲသွားတယ်
အနက်အဓိပ္ပါယ် အသိမ်းခံလိုက်ရတဲ့ အနက်ရောင် အဓိပ္ပါယ်များ ဦးတည်ရာမဲ့ ကစဥ့်ကလျား
ကျွန်တော်တို့ကို အဓိပ္ပါယ်များ ပြန်လည် အသုံးပြုခွင့်ပေးအပ်စေလိုကြောင်း အရေးဆိုကြမယ်
အမြင်အာရုံတွေ ချို့တဲ့လာတယ်၊  ရှင်သန်မှုဟာ စောင့်ကြည့်ခံနေရတဲ့ အနေအထား
ခေါ်သံလေးတွေဟာ မိုင်ပေါင်းများစွာကို ဖြတ်ကျော်မသွားနိုင်ကြဘူး
လမ်းမီးတွေ အချိန်ပြည့် လင်းနေလိုက်ကြတာ၊ ကိုယ် ဘာကိုမှ မမြင်နိုင်လောက်အောင်ပါပဲ
အဲယားကွန်းကနေ ရေကျနေတဲ့ အသံ တောက်.....တာက်.....တောက်.....တောက်.....တောက်.....
သက်ကယ်အမိုး တံစက်မြိတ်လေးအောက်တည့်တည့်မှာ အမေစိုက်ထားတဲ့ ပန်းအိုးလေး အရွေ့ခံခဲ့ရတယ်
မကြားနိုင်ဘူးဆိုတာသိပေမယ့် အော်ခေါ်ပစ်လိုက်ချင်တဲ့စိတ်က ခေါက်ထားလို့မှမရတာ
ကိုယ်တို့ဟာ Click တစ်ချက်နှိပ်ရုံ ကွာဝေးတယ်။

                                                            လင်းဝေအိမ်(၀၅-၀၃-၂၀၁၃) 

12 February 2013

"ခေါ်သံတွေ ကုတ်ခြစ်ထားတဲ့ မနက်ခင်း"


"ခေါ်သံတွေ ကုတ်ခြစ်ထားတဲ့ မနက်ခင်း"

ယဉ်ကျေးခြင်းဟာ  ငါတို့ကိုသတ်နေပြီ
ဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိ၊ ဥပဒေရဲ့ အောက်မှာ ဘယ်သူမှမရှိ
စိတ်မလုံခြုံမှု အပေါက်အပြဲလေး ဖာရာ ထေးရာ ချုပ်ရိုးတွေကြား
မျက်ရည်စတွေ အဆုပ်လိုက် ပွင့် ဝေ ဖွေးခနဲ ကြဲချလိုက်တယ်
တစ်ယောက်နဲ့ တစ်ယောက် အလုအယက် တိုးဝှေ့ပြီး ကောက်နေကြရ
နှင်းတွေဟာ ဖြူမှမဖြူတော့ပဲ၊ ရယ်သံတွေမှာ ချိန်ကိုက်ဗုံးတွေနဲ့
ဇာတ်လမ်းက သေနေပြီ၊ ဇာတ်ညွှန်းကို အချိန်မှီ ကယ်တင်ကြ
ကျုပ်တို့ တစ်ခုခုကို ပြင်ဆင်ဖို့ အချိန်ဆိုက်ရောက်လာပြီ God
ပန်းတိုင်ဟာ လမ်းတွေကို ဆာလောင်နေလိမ့်မယ် ခြေလှမ်းတွေ
တစ်လှမ်းချင်း တစ်လမ်းချင်း တရွေ့ရွေ့ ပစ်လွှတ်လိုက်တဲ့ မြှားတစ်စင်း
တစ်ခုခုကို စိုက်ဝင်ရတော့မယ့်ဆဲဆဲ၊ ကြွေခဲ့ပြီးသော ပန်းပွင့်များ
ပန်းချီကားထဲမှာ ဝေဆဲ မွှေးဆဲ၊ တွန်းဖွင့်လိုက်တဲ့ တံခါး တစ်ချပ်
ဝင်ပေါက် (သို့မဟုတ်) ထွက်ပေါက်၊ စွယ်တော်ရွက်ကြွေလေးတွေ
ခင်းထားတဲ့ လမ်းလေးရဲ့ အဆုံးမှာ စွယ်တော်ပင်အိုလေး ရှိ/မရှိ
အစ အဆုံး အားလုံး အသစ် ပြန်ရေးပြီးသွားတဲ့ တစ်ချိန်ချိန်ပေါ့
အဲဒီကဗျာကို အတူတူ ရွတ်ကြမယ်။

                                            လင်းဝေအိမ်(၁၂-၀၂-၂၀၁၃)

01 January 2013

" ဆိုလိုတာက လိုဂို တွေ ခြေချင်းလိမ်နေတဲ့ ဂလိုဘယ်လ်"


"ဆိုလိုတာက လိုဂိုတွေ ခြေချင်းလိမ်နေတဲ့ ဂလိုဘယ်လ်"

ဖွင့်ချလိုက်တာလား သို့ မဟုတ် ဖဲ့ထုတ်လိုက်တာလား အရွေ့ ဟာ ပစောက်ကွေ့ မှာ ဘွားခနဲ
ဒီသစ်ရိုင်းသားကနေ ဒီအနုပညာကို ဒီအတိုင်းကြီး ထွက်ကျလာတာတော့ မဟုတ်ဘူး မဟုတ်ဘူး
ဟုတ်တယ် loading ဟာ ဒီလိုင်းမှာ လာစိုက်နေတာ တန်းလန်းကြီး  ဟဲလိုဟဲလိုဟဲလိုဟဲလိုဟဲလို
ဟဲလိုဟဲလိုဟဲလိုဟဲလိုဟဲလိုဟဲလိုဟဲလို နံနက်ခင်းအသစ်လေးကို အော်ခေါ်နေတာ လျှာတိုနေပြီ
စိတ်ကြီးဝင်မှုကို ဧည့်ခန်းထဲကနေ နောက်ဖေးပေါက်ထဲ ကန်ထည့်ပစ်လိုက်တယ်
ကီးဘုတ်ကနေ ရိုက်ချလိုက်သမျှ စခရင်ပေါ် ပျော်ပျော်ကြီး ပေါ်မလာနိုင်သေးတဲ့ နေ့ စွဲတွေ
လိင်စိတ်ဟာ ဟိုလူ့ ကိုလိမ် ဒီလူ့ ကို ခေါက် ပြီးတော့ ဂိုးပေါက်ထဲ ဒိုင်းခနဲ ဖြစ်တည်မှုဟာ
ကြေး/ ဂျီးအထပ်ထပ် ပျို့ အန်ချင်စရာ အငွေ့ အသက်တွေနဲ့  အသက်ရှူသံကို အသစ်လဲလှယ်
တပ်ဆင်ကြည့်ရင် ဘယ်လိုနေမလဲ ကွန်ပျူတာကို ဖွင့်လိုက် ဝင်းဒိုးဟာ ဝမ်းအူသံကြီးနဲ့ တက်လာ
ထမင်းတစ်နပ် မေ့ထားတဲ့ ရန်ကုန်ကြီးကို လေးစားပါတယ် ကျကွဲလုလု သတိလေးကို မနည်းကြီး
ပြန်ဆွဲထားလိုက်ရ ငါ့နှလုံးသားကို လာလှုပ်ခတ်နေတဲ့ ငလျင်မလေးရေ အစစအရာရာအဆင်ပြေရဲ့လား
ကျောပိုးအိတ်ကို ပိတ်လိုက်တော့ မိသားစု ဓါတ်ပုံလေး ဇစ်ညပ်သွားတယ် ၂၁ရာစု အဟောင်းတန်းမှာ
လူစည်ကားနေတုန်းပဲ တံဆိပ်အတုတွေကို အထင်တကြီး ဆက်ဆံနေရတာ ညံ့တာပဲ  ညှော်တယ်
ငါတို့ ရှူရှိုက်နေရတဲ့ ဆော့ဝဲလ်ကြီးက တော့်တော့်ကို ညှော်တာပဲ ဖုန်းနံပါတ်လေးတစ်လုံးရတာနဲ့ 
ကြောင်မယ်ဆိုတဲ့ ကြောင်တွေက တညှောင်ညှောင် သိန်း၅၀တန်ဆိုလို့  ကလစ်နှိပ်ကြည့်လိုက်တာ
ဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ် မဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ် ပန်းဆိုးတန်းက ငါ့ကို မျက်စပစ်ပြဖူးတာ
မမေ့ဘူး  မြွေတစ်ကောင်လိုခဲထားတဲ့ ငွေ စက္ကူတွေ ငိုနေတာကလည်း ရယ်စရာ ရယ်နေတာကလည်း
ငိုစရာ  မြို့ကြီးကိုက အတောင်းအရမ်း ထူထပ်လွန်းပါတယ် နည်းပညာဟာ ငါတို့ ကို ဝါးမြို ငါတို့ ကို
ထွေးထုတ် တရှုံ့ ရှုံ့ ငိုနေတဲ့ လေပြည်လေးကို ဘယ်လိုချော့ရမလဲ  ပါဝါထူလာတဲ့ လောကကြီးကပဲ
ဝါးတားတား လုပ်နေတာလား အိုင်တီစိုက်ခင်းမှာ စက်ရုပ်တွေ ဖွေးဖွေးလှုပ်ပွင့်လို့ ကိုယ့်ချွေးကိုယ် စစ်မစစ်
ပြန်မြည်းကြည့်ရတဲ့ အထိ စိတ်လုံခြုံမှုဟာ စောင်ခေါင်းမြီးခြုံလိုက်ရုံနဲ့ ရောက်မလာဘူး ငွေသံကြေးသံများ
တချွင်ချွင် ခုတ်/ဖြတ်/တိုး/တိုက် ပွဲကမပြီးသေးဘူး မီးက ခဏခဏသေတယ် တအိအိပြိုဆင်းလာတဲ့
လိုချင်တပ်မက်မှုတွေ တံတားဟာကျိုးကျသွားခဲ့ရပြီ် မနက်ခင်းဟာ  အိပ်မက်တွေကို သတ်ပစ်ဖို့ 
စောင့်စားနေတယ် ကျောပိုးအိတ်အဟောင်းလေးကို လွှတ်ချလိုက်ဖို့ မဖြစ်ဘူး ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
အက္ခရာတွေကိုဘယ်ကစားကွက်နဲ့ချခင်းရမလဲ လိုင်းတွေတဝီဝီပျံသန်းလာပြီ  နားခိုရာကို သိမှုဗေဒတွေ
ဝါးမြိုပစ်လိုက်ကြတယ် ကိုယ်တို့ ဟာ ခြံနဲ့ ဝန်းနဲ့ အိမ်နဲ့ ယာနဲ့ ချည်တိုင်နဲ့ လှောင်ချိုင့်နဲ့ဖြောင့်ဖြူးခြင်းဟာ
လမ်းတွေရဲ့အပြစ် အနာ အဆာပဲ ကျွန်တော့်ကို ဈေးကောင်းပေးပါ  ကောင်လေးဟာရေသန့်ဘူးကို
အခွံပဲလိုချင်တယ်ဆိုတာဟုတ်ပါ့မလား ရောက်မလာမယ့်ရထားကို စောင့်နေရတာကိုပဲ သစ္စာတရားလို့ 
ချရေးပေးလိုက်ရမလိုလို  မသေချာတာတွေအားလုံးပေါင်းစုလိုက် သေချာခြင်းတစ်ခုကစောင့်ကြိုနေတယ်
ပန်းတိုင်ကတော့ စပ်ကူးမက်ကူး ပန်းဖူးလေးဟာပွင့်ဖို့ ခေါင်းစဉ်ကြီးကြီးရှာနေတယ် အရက်ဟာ
ပုလင်းထဲမှာနေနေသေးသမျှ အရက်မမည်ဘူး ကျွန်တော့်ကိုမော့သောက်လိုက်ပါ  ကျွန်တော့်ကို
ဈေးကောင်းပေးပါ  ပို့ လွှတ်လိုက်တဲ့အီးမေးထဲမှာ အမှန်တရားဟာ စာလုံးပေါင်းအမှားကြီး ဘောင်ထဲမှာ
ပန်းချီကားဟာ သေနေပြီ ဘာကိုမှမမြင်ချင်တော့တဲ့အခါ မျက်မှန်ကိုချွတ်ထားလိုက်တယ်။

                                                                                      လင်းလက်တာရာ ၊ လင်းဝေအိမ်
                                                                                                    ၂၃၊၁၂၊၂၀၁၂