25 May 2013

"ဇာတ်ဟာ ဇာတ်လိုက်ရဲ့ နောက်ကို လိုက်နေရတယ်"

"ဇာတ်ဟာ ဇာတ်လိုက်ရဲ့ နောက်ကို လိုက်နေရတယ်"

အိုဇုန်းလွှာကြီးပေါက်နေတာရှာဖွေတွေ့ရှိခဲ့တဲ့ ဒေါက်တာဂျိုးဖာမန် သေသွားပြီ
အိုဇုန်းလွှာကြီးကတော့ မသေမြဲ မရှင်မြဲ ပေါက် ပေါက် ပေါက် ပေါက် ပေါက်
အင်ဂျလီနာဂျိုလီရဲ့ ဖြတ်ထုတ်လိုက်ရတဲ့ ရင်သားအစုံမှာ မေတ္တာတရားတွေ တစ်ပေါက်ပေါက် ယိုစီး
ကမ္ဘာကြီးကိုယ်တိုင်က အစွန်းအထင်းတွေနဲ့ ကမ်းပါးစွန်းမှာ ရပ်နေရ
တစ်ယောက်အိပ်မွေ့ယာလေးပေါ်မှာ ဖက်လုံးလေး ဖက်ဖက်ပြီးအိပ်ရတာ ကျောမလုံဘူး
တစ်နေ့ ကင်ဆာ တစ်နေ့ တုပ်ကွေး တစ်နေ့ ဗုံးကွဲ တစ်နေ့ မီးလောင်
တစ်နေ့တစ်နေ့၊  တစ်နေ့တစ်နေ့၊  တစ်နေ့  တစ်နေ့   တစ်နေ့   တစ်နေ့
မီးခိုး သွေးစ မျည်ရည် ပေါက်ကွဲသံ အိမ်ယာမဲ့ မိဘမဲ့ သားသမီးမဲ့ 
လက်နက် အသစ်အဆန်း ဗိုင်းယပ်စ် အသစ်အဆန်း ရောဂါ အသစ်အဆန်း 
ဘယ်တော့မှ မရိုးနိုင်တဲ့ သေခြင်းတရားရဲ့ အမြဲတမ်း ဆန်းသစ်ချင်နေတဲ့ ရောဂါ
သတင်းစာစက္ကူတွေရဲ့ အနံ့ဟာ အော်ဂလီဆန်စရာကောင်းလောက်အောင် စူးရှ
ဖတ်စရာသတင်းတွေ များများလာတယ် ဖတ်ချင်စရာသတင်းတွေ ရှားရှားလာတယ်
ရပ်ပြီးနားထောင်ကြည့် ရှိုက်သံ သွားပြီးနားထောင်ကြည့် ငိုသံ
တိုက်ချွတ်နေတဲ့ လက်နက်တွေက ကိုယ့်မျက်နှာကို နောက်ဆုံးကြည့်လို့ရနိုင်လောက်အောင် ပြောင်လက်
ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ တစ်ခုစီ ဆွဲဖြုတ်နေသလို သေခြင်းတရားက တစ်ရစ်ချင်း 
ရှင်သန်နေရမှုဟာ ပြတ်လုပြတ်ခင် ဖိနပ်လေးနဲ့ တရွေ့ရွေ့
ကျည်ဆံတွေကို ဘယ်ခလုတ်ကမှ အစိုးမရဘူး
ဇာတ်ဟာ ဇာတ်လိုက်ရဲ့ နောက်ကို လိုက်နေရတယ်။

                                                               လင်းဝေအိမ်(၂၅-၀၅-၂၀၁၃)

No comments:

Post a Comment