20 May 2013

"လမ်း (၄၀) ထိပ်က ပိတောက်ရိပ်မှာ 'ဇေ' တစ်လုံးနဲ့ ငါ့ကိုစောင့်ပါ"

"လမ်း (၄၀) ထိပ်က ပိတောက်ရိပ်မှာ 'ဇေ' တစ်လုံးနဲ့ ငါ့ကိုစောင့်ပါ"

တစ်နေ့တစ်နေ့ တစ်နေတဲ့ စိတ်ကြီးကိုပဲ ထွေးမရ မြိုမရ
ငါတို့ဟာ လွတ်လပ်ချင်တဲ့ စိတ်ကြီးထဲ ပိတ်မိနေကြတယ်
အရွက်လေးကို ခူး တယ်၊ အဖူးလေးကို ခြွေတယ်
ငွေကြေးစွဲလန်းမှုဟာ ငါတို့ကိုဆောင့်ဆောင့်ခါတယ်
ပေါ့ပေါ့ပါးပါး တီရှပ်လေးပဲ ကောက်စွပ်ထားလိုက်ချင်ပါပြီ
မျက်မှန်တစ်လက်ပေါ်မှာ မှီခိုနေရတဲ့ အမြင်အာရုံ
တစ်ခုခုဆို တစ်ယောက်ယောက်နာမည်ကို အော်ခေါ်လိုက်ဖို့ မနည်းစဉ်းစားရ
သပ်သပ်ရပ်ရပ်မြို့ကြီးထဲမှာ သပ်အရိုက်ခံထားရတဲ့ သားရဲ
ကြောက်ရင်လွဲ ရဲရင်လည်းလွဲ၊ မရှိတဲ့ ပစ်မှတ်ကြီးကိုပဲ မျက်စေ့စုံမှိတ်ပြီး ချိန်ချိန်နေရ
ထိုင်နေကျ ခုံပုလေးတွေလို စိတ်လွတ်ကိုယ်လွတ် ဆွဲထိုင်ပစ်ချင်တယ်
စန္ဒယားခလုတ်တွေသာ ကုန်သွားတယ် ကိုယ့်အသံကိုယ် ရှာမတွေ့ဘူး
လမ်းတွေက လမ်းပီသဖို့ ကွေ့ရ ကောက်ရ နိမ့်ရ မြင့်ရ
မနက်ဖြန်ရုံးတက်ရမယ်၊ တစ်ရွေ့ရွေ့ ရုန်းတက်နေကြရ
ပဲ့ကြွေကျသွားတဲ့ ပေါင်မုန့် အစအနလေးတွေ
သံပြိုင်သီဆိုရမယ့် အပိုဒ်ရောက်တိုင်း အဲဒီသီချင်းတွေထဲက ထွက်ထွက်ကျတယ်
မိတ်ဆွေစာရင်းမှာ နာမည်တွေ လျော့လျော့လာတာလည်း ပျော်စရာတစ်ခုပဲ
ငါတို့ရှေ့က စားပွဲခုံလေးပေါ်မှာ ကမ္ဘာကြီးဟာ ကာဗာကြီးနဲ့ ပကတိမဲ့
တစ်ခါသုံး ပလက်စတစ်ခွက်ကလေးရဲ့ ပေါ့ပါးမှုမျိုးနဲ့ တန်ဖိုးတွေကို စွန့်ပစ်မယ်
မုတ်ဆိတ်တွေ မရိတ်မသင်ဖြစ်သေးသရွေ့
မေးစေ့က အမာရွတ်လေးကိုဘယ်သူမှမမြင်နိုင်ကြဘူး
တစ်နေ့နေ့ ငါတို့ရဲ့ အသံကို သူတို့ကြားကြပါလိမ့်မယ်။

                                               လင်းဝေအိမ်(၂၀-၀၅-၂၀၁၃)

No comments:

Post a Comment