26 May 2014

“ပန်းချီကားထဲက လမ်းကလေး”

“ပန်းချီကားထဲက လမ်းကလေး”

ကျွန်တော့် အိမ်ရဲ့ ဧည့်ခန်း နံရံ ပေါ်မှာ ပန်းချီကားတစ်ချပ် ချိတ်ဆွဲထားပါတယ်။ အဲဒီ ပန်းချီကား ထဲမှာ လမ်းကလေးတစ်လမ်း ရှိတယ်။ အဲဒီ လမ်းကလေးရဲ့ အဆုံးမှာ ဘာတွေ ရှိမလဲ ဆိုတာ ကိုတော့ ကျွန်တော် မသိပါ။ တကယ်တော့ အဲဒီ လမ်းကလေးရဲ့ အစမှာ ဘာတွေ ရှိခဲ့မယ် ဆိုတာကိုတောင် ကျွန်တော် မသိနိုင်ပါ။ ကျွန်တော်တို့ဟာ ဘယ်မှာ အစပြုခဲ့သည် မသိ၊ ဘယ်မှာ အဆုံး သတ်လိမ့်မည် မသိသော လမ်းများတွင် လျှောက်လှမ်း နေကြရသည်တဲ့လား။
လမ်းတိုင်း လမ်းတိုင်းမှာ အဆုံးသတ် ဆိုတာ ရှိကြရသလား။ လမ်းတစ်ခုစီမှာ အဆုံးသတ် ရောက်ရှိရမယ့် နေရာဒေသတစ်ခု မဖြစ်မနေ ရှိကြရသလား။ ကျွန်တော် မသိပါ။ ဒါပေမယ့် ပျောက်ဆုံးသွားတဲ့ ဆွေမျိုးသားချင်း တစ်ယောက်နဲ့ ဆင်တူတဲ့ သူ တစ်ယောက်ကို ပြန်တွေ့ လိုက်ရတဲ့ စိတ်ခံစားမှုမျိုးနဲ့ အဲဒီ ပန်းချီကားထဲက လမ်းကလေးကိုတော့ ကျွန်တော် ချစ်မြတ်နိုး မိပါတယ်။ အဲသလိုနဲ့ ကျွန်တော့် အိမ်ရဲ့ ဧည့်ခန်းမှာ အဲဒီ လမ်းကလေး ပါဝင်တဲ့ ပန်းချီကားလေး ရောက်ရှိ လာခဲ့ပါတယ်။
ကျွန်တော်တို့ တစ်တွေမှာ ဖြစ်ချင်ခဲ့တာလေးတွေ  ကိုယ်စီ ကိုယ်စီ ရှိခဲ့ကြဖူးပါတယ်။ လက်တွေ့ဖြစ်မလာနိုင်ခဲ့တဲ့ ငယ်အိပ်မက် ကလေးတွေကို အသီသီး ပိုင်ဆိုင်ဖူးခဲ့ကြပါလိမ့်မယ်။ စိတ်ဆန္ဒ ရှိသော်လည်းပဲ အခြေနေ အကြောင်းကြောင်းကြောင့် မလျှောက်ဖြစ်နိုင်ခဲ့တဲ့ လမ်းကလေးတွေပေါ့။ တစ်ခါ တစ်လေမှာ ကုန်လွန်ခဲ့ပြီးသော ၀ါကျင်ကျင် စာမျက်နှာ အဟောင်း လေးတွေကို ပြန်ဖတ်မိတဲ့အခါ အဲဒီ လမ်းကလေးတွေကို  ပြန်လွမ်းရတတ်ပါတယ်။ မရှင်သန်နိုင် ခဲ့တဲ့ အိပ်မက်အသေ ကလေးတွေ ဖြစ်လင့်ကစား ငယ်ဘ၀ အိပ်မက်တွေဟာ အတိုင်းတာ တစ်ခုအထိ ဖြူစင်ခဲ့ ကြတာတော့ အမှန် ပါပဲလေ။
ဘ၀ဟာ ဘာလဲ။ အဲဒီ မေးခွန်းကို လူပေါင်းများစွာက အဖြေပေါင်းများစွာဖြင့် ဖြေဆိုခဲ့ကြ  ပြီးပါပြီ။ ဘ၀ဆိုတာ ဟု အစ ချီသော အဓိပ္ပါယ် ဖွင့်ဆိုချက်များ မြောက်များစွာ ရှိခဲ့ပါပြီ။ ကျွန်တော့် အတွက်တော့ ဘ၀ဟာ အဓိပ္ပါယ်ဖွင့်ဆိုဖို့ မလိုအပ်တဲ့ ကဗျာ တစ်ပုဒ်ပါပဲ။ ဒါပေမယ့် အဲဒါ သည်ပင်လျှင် အဓိပ္ပါယ် ဖွင့်ဆိုချက် တစ်ခု ဖြစ်သွားသည် ကိုတော့ ကျွန်တော် မငြင်းလိုတော့ပါ။ ကျွန်တော် တို့ဟာ ကိုယ့် အတ္တထဲမှာပဲ ကိုယ် ကူးခတ် ပျော်မွေ့နေကြတဲ့ ငါးတွေ ဖြစ်ကြပါတယ်။
ခရီး ရှည်ကြီးကို လျှောက်လှမ်းနေရင်း ကျွန်တော့် အိပ်ထဲမှ အိပ်မက်အချို့ ခဏခဏ ကျကျ ပျောက်ခဲ့ရပါတယ်။ ရည်ရွယ်ချက် ကြီးမားစွာ စိုက်ပျိုးခဲ့တဲ့ ပန်းခင်းလေး မရှင်သန် နိုင်တော့တဲ့အခါ စိုက်ပျိုး ခွင့်ရတဲ့ ပန်းပင်လေး တွေကိုပဲ ပန်းတွေ ဝေနေအောင် တာဝန်ကျေကျေ ဆက်လက် ပြုစု ရပါလိမ့်မယ်။
ဘ၀ဟာ တိုတောင်း လွန်းတယ်။ လမ်းတွေကတော့ ရှည်လျား ကောက်ကွေ့ လွန်းတယ်။ မာယာများတဲ့ လမ်းတွေမှာ ကံတရားနဲ့ အပြေး ပြိုင်ရင်း လဲကျခဲ့ရတဲ့ အကြိမ်ရေလည်း မနည်းတော့။ နင်းလို သူတွေက နင်းသွားကြတယ်။ ကျော်လို သူတွေက ကျော်ခွ သွားကြတယ်။ တိုးတိုက် လိုသူတွေက တိုးတိုက် သွားကြပြန်ပါတယ်။ ဘယ်နေရာကို ရောက်မယ်မှန်း သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကျွန်တော်တို့ဟာ  ဆက်သွား နေကြရဦးမှာပါပဲ။
ဝါကျ တစ်ကြောင်းကို စိတ်လိုလက်ရ ချရေးလိုက် ပြီးခါမှ အဲဒီ ၀ါကျရဲ့ အဓိပ္ပါယ်ကို ပြန်လည် ရှာဖွေဖို့ ကြိုးစားနေရတဲ့ နေ့စွဲတွေလည်း များခဲ့ပါပြီ။ ကိုယ်တိုင် ကိုယ်ကျ ကိုယ့်လက်နဲ့ ရေးခြစ်လိုက် ပြီးခါမှ ကိုယ့်လက်ရေး ဖြစ်မလာတဲ့ အက္ခရာတွေဟာ ကျွန်တော်ရဲ့ လွယ်အိတ်လေး ထဲမှာ ထိုးထိုး ထောင်ထောင်နဲ့ ကျွန်တော့်ကို လှောင်ပြောင် ရယ်မောနေကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် သူတို့ကို ချစ်ပါတယ်။
ပြောခဲ့ ပြီးသည့် အတိုင်း ကျွန်တော့် အိမ်ရဲ့ ဧည့်ခန်းမှာ ပန်းချီကားလေး တစ်ချပ် ချိတ်ဆွဲ ထားတယ်။ ပန်းချီ ကားလေး ထဲမှာ လမ်းကလေး တစ်လမ်း ရှိတယ်။ ဒါဟာ ရောဘတ်ဖရော့စ် ရဲ့ ‘မရွေးချယ်ဖြစ်ခဲ့တဲ့လမ်း’ * တော့ မဟုတ်ပါဘူး.။ ရွေးချယ်ခွင့်လေးတောင် မရခဲ့တဲ့ လမ်းကလေး ပေါ့။ အဲဒီ လမ်းကလေး အတိုင်း လျှောက်သွားရင် ဘယ်နေရာကို ရောက်လိမ့်မလဲ ဆိုတာကို ကျွန်တော် စိတ်ကူးနဲ့ အကြိမ်ကြိမ် မှန်းဆ ကြည့်မိပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ စိတ်ကူးထဲက ရပ်ဝန်းတစ်ခုကို အသေချာ ရောက်နိုင်ပါ့မလား ဆိုတာကိုတော့  ဘယ်သူမှ သိနိုင်စွမ်း မရှိတော့ပါ။ အတိတ်မှာ ကျန်ရစ်ခဲ့ပြီးသော လမ်းကလေးကို လျှောက်လှမ်းဖို့ မဖြစ်နိုင်တော့ ပြီပဲလေ။
ကျွန်တော်ဟာ အချိန်ရတိုင်း အဲဒီ ပန်းချီကားထဲက လမ်းကလေးကိုတော့ အကြိမ်ကြိမ် ငေးမော ကြည့်နေမိတတ်ပါတယ်။          ။
                                                                        လင်းဝေအိမ်

No comments:

Post a Comment