26 May 2014

“ဓားခြစ်ရာများ”


“ဓားခြစ်ရာများ”

(၁)

သူ့တွင် ဓားတစ်လက်ရှိသည်။ ဆင်စွယ်အရိုးတပ် ဓားမြှောင်တစ်လက် ဖြစ်သည်။ အသွား နှစ်ဖက်ပါသော ခြောက်လက်မ ဓားမြှောင် တစ်လက်ဖြစ်သည်။ဓားအိမ်မှာ သစ်သားအိမ်ကို သားရေအတုစွပ်ထားသည့် ဓားအိမ် မျိုးဖြစ်သည်။ ဒီဓားကို သူ၏ သူငယ်ချင်း တစ်ယောက်ထံမှ လက်ဆောင် အဖြစ် လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။ ထို သူငယ်ချင်းသည် တက္ကသိုလ်ကျောင်းတစ်ခုတွင် Queen ဘွဲ့ရရှိထားသည့် မိန်းမချော တစ်ယောက် ဖြစ်နေသည် မှာမူ အနည်းငယ် ကြောင်စီစီနိုင်လိမ့်မည် ဟုထင်ပါသည် ။ငယ်ရွယ်လှပသော မိန်းမပျိုလေး တစ်ယောက် အနေဖြင့် ဓား တစ်လက် နှင့်ပတ်သတ်ရန် အကြောင်းရှိခဲ့ပါသလား ဆိုတာကိုတော့ သူ မသိပါ။

မှတ်မှတ်ရရ ထိုနေ့ သည် တက္ကသိုလ် စာမေးပွဲ နောက်ဆုံးနေ့ဖြစ်သည်။ ရုပ်ရှင်များထဲကလို နှင်းများဝေမနေပါ။ ကျောင်းစောင့် ဦးလေးကြီး အမှိုက်များကို စုပုံမီးရှို့နေရာမှ လွင့်တက်လာသော မီးခိုးစများသည်သာ အနည်းငယ် မှိုင်းဝေလျက်ရှိသည်။ ကျောင်းဖယ်ရီကား အလာကို သူတို့ ထိုင်စောင့်နေကြစဉ်တွင် ဖြစ်သည်။ သူမ သူ့ကို အညိုရောင် ပါဆယ်တစ်ခုပေးခဲ့သည်။ အထဲတွင် ဓားမြှောင်တစ်လက်ရှိနေလိမ့်မည် ဟု ထိုစဉ်က သူ မထင်ခဲ့ မိပါ။ စာအုပ် သို့မဟုတ် တခြား အမှတ်တရ ပစ္စည်းတစ်ခုခုဖြစ်လိမ့်မည်ဟုသာ ထင်ခဲ့သည်။ သူမဆီမှ ပထမဆုံး နှင့် နောက်ဆုံး အနေဖြင့် လက်ခံရရှိခဲ့သော ထိုလက်ဆောင်သည် ဓားတစ်လက် ဖြစ်နေ သည်ကို သိရသောအခါ ခင်မင်ရင်းနီးခဲ့ရသော နေ့စွဲများတွင် သူမ ပြောခဲ့ဖူးသော စကားတစ်ခွန်းသည် ဓားအိမ်ထဲမှ လျှောခနဲ ထွက်ကျလာသည်။

"လူတစ်ယောက်မှာ ဓားတစ်လက်တော့ရှိသင့်တယ်....ရှင့် ။ "

ထိုစကားကို သူ အခုအချိန်အထိ နားမလည်ခဲ့ပါ။ သို့မဟုတ် နားမလည်ချင်ခဲ့ပါ။ သူ့ကို နှုတ်ဆက်၍ ထွက်ခွာ သွားသော သူမ၏ ဆိုင်ကယ်စက်သံလေးက တရွေ့ရွေ့ဝေးသွားခဲ့သည်။ ထိုနေ့က အပြာမွဲမွဲ အရောင် ကျောင်းကား များသည်  ပြာလွင် တောက်ပ နေခဲ့သည် ဟု ထင်၏။

(၂)

ဓားတစ်လက်သည် ဓားအိမ်ထဲတွင် ငြိမ်သက်စွာ ခိုနားနေသမျှ မည်သူ့ကိုမျှ ထိရှစေခြင်းမရှိသည်ကို အားလုံးသိကြသည်။ သို့သော် လူတို့သည် ဓားကို မလိုအပ်ပါဘဲနှင့်  ဓားအိမ်ထဲမှ ဆွဲထုတ်ဖို့ကြိုးစားကြသည်။ ထိုရောအခါ ဓားအိမ်၏ ထိန်းချုပ်မှုမှ ကင်းလွတ်သွားသော ဓားတစ်လက်သည် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ရာကို ထိခိုက်ပြတ်ရှစေနိုင်တော့သည်။ ဓားကိုင်သူ၏ လက်ကိုပင် ပြန်လည်ထိရှစေနိုင်သည်။ဓားကို ထိန်းချုပ်နိုင်သည်မှာ ဓားအိမ်တစ်ခုလား၊ ဓားကိုင်သည့် လက်လား ဆိုသည်မှာမူ အငြင်းပွားစရာကောင်းသော ကိစ္စတစ်ခုပင်ဖြစ်ပါသည်။

ဓားသည် သက်မဲ့ပစ္စည်းတစ်ခုဖြစ်သည်။ သို့သော် အချို့သော တုံပြန့်နိုင်စွမ်းရှိသည့် သက်မဲ့ ပစ္စည်းများ နည်းတူပင် ဓားတစ်လက် သည်လည်း တုံပြန်မှုရှိသည်။အကြိမ်ကြိမ် သွေးထားသော ဓားတစ်လက်၏ အသွား သည် ထက်မြနေမည်။မသွေးဘဲ ပစ်ထား သော ဓားတစ်လက်၏ အသွားတွင် ထက်မြမှုမရှိ။ ဓားသွေး ကျောက် နှင့် ဓားကို အကြိမ်ကြိမ် ပွတ်တိုက်ခြင်းအားဖြင့် ဓား၏ အသွားသည် ပိုမိုထက်ရှလာသည်။ ဓားသွေး ကျောက်မှာမူ တဖြည်းဖြည်းပါးလျားလာရသည်။ အသွား ထက်မြ စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဓားကို သွေးသော်လည်း ဓားတစ်လက်အနေဖြင့် မိမိ၏ အသွားထက်မြလာစေခြင်းအတွက် ကြိမ်ဖန်များစွာ ဓားသွေး ကျောက်ပေါ်တွင် ပွတ်တိုက်ခြင်းခံနေရသည်နှင့် ပတ်သတ်၍ ကျေနပ်ပျော်ရွှင်နေနိုင်မည် လားဆိုသည်မှာ သူ့စိတ်ကို ခဏခဏ လာထိရှသော မေးခွန်းတစ်ခုပင်ဖြစ်ပါသည်။

(၃)

"ဟေ့ကောင်...ပစောက်နဲ့ ဖဦးထုပ်ဟာ ကပ်နေတာ။
 မပျင်းနဲ့။  'ပျင်း' ရင် 'ဖျင်း' သွားလိမ့်မယ်။ 
 ဓားတစ်လက်ကို ထက်မြက်အောင် အကြိမ်ကြိမ်သွေးနေဖို့လိုတယ်ကွ"

သူ ငယ်စဉ်အခါက အကြိမ်ကြိမ် ကြားခဲ့ရသော သူ့အဖေ၏ ဆုံးမစကားများ ဖြစ်သည်။ သူငယ်ငယ်က နည်းနည်း ပျင်းပါသည်။ ကြီးလာသောအခါ များများပျင်းပါသည်။ အဖေကလည်း သူ့ကို ငယ်စဉ်ကလို ဆုံးမလေ့မရှိတော့ပါ။ ဆုံးမဖို့ မလိုအပ်တော့ဟု ယူဆ လိုက်ပုံရပါသည်။ တကယ်တော့ အသက်ကြီးလာလေလေ အပျင်းကြီး လာလေ ဖြစ်သော သူ့အတွက် ငယ်စဉ်ကထက်ပင် ပို၍ ဆုံးမဖို့ လိုအပ်လိမ့်မည် ထင်ပါသည်။

သူ အဓိပ္ပါယ်မဲ့ ပိုက်ဆံရှာရမှာ ပျင်းသည်။ ငွေကြေးစုဆောင်းရမှာ ပျင်းသည်။ စိတ်မပါဘဲ ယဉ်ကျေးမှုအရ ပြုံးပြရမှာ ပျင်းသည်။ စကားပြောချင်စိတ်မရှိသော်လည်း အခြေနေအရ မဖြစ်မနေ ပြောနေရတာမျိုး ပျင်းသည်။ ဖန်တစ်ရာ တေနေသော မဲပြာပုဆိုး ကဗျာများဖတ်ရမှာပျင်းသည်။စသဖြင့် သူ၏ ‘ပျင်း’ နေသော အနေအထား သည် ‘ဖျင်း’ သွား ရန်ပင်နီးကပ်နေပြီ ထင်ပါသည်။ တစ်နေ့နေ့တော့ သူ မရောက်တာကြာပြီဖြစ်သော အဖေ့ဆီ သွားပါဦးမည်။ အဖေ့ကို သူ့အား ဆုံးမဖို့ သတိပေးမည်။ အဖေ့အတွက် သူ ဘယ်တုန်းက မှ မသွေးဖြစ် ခဲ့သော ဓား တစ်လက်ကို လက်ဆောင်ပေးဖို့ ရှိပါသည်။

ကလေးဘ၀နေ့စွဲများတွင် အဖေက သူ့ကို ဓား တစ်လက်ပေးခဲ့ဖူးသည်။ တစ်ကယ့် ဓား အစစ်မဟုတ်သော သစ်သား ဓား တစ်လက်ဖြစ်ပါသည်။ ကပွဲတစ်ခု၌ ယိမ်းကရာတွင် အသုံးပြုသော သစ်သားကို ဓားပုံသဏ္ဌာန် ခုတ်ထွင်ထားသည့် အရုပ်ဓားဖြစ်သည်။ ကလေးတစ်ယောက်အတွက်တော့ သစ်သားဓား တစ်လက်သည်ပင် ကောင်းကောင်း လုံလောက်ပါသည်။ သူ့၏ ကလေးဘ၀ ကုန်ဆုံးသွားချိန်တွင် ထိုသစ်သားဓား ကို တခြားကလေး တစ်ယောက်အား ပေးပစ်လိုက်မိသည်ထင်သည်။ လူတစ်ယောက်အတွက် ဓားတစ်လက်သည် မဖြစ်မနေပင် လိုအပ်မည်ဆိုပါက သစ်သားဓားတစ်လက်ကိုသာ သူ ကိုင်ဆောင်ချင်ပါသည်။

သူ ငယ်ငယ်က ဘာဖြစ်ချင်ခဲ့သည်ကို ပြန်စဉ်းစားမိသည်။တကယ်တော့ သူ ဘာမှ မဖြစ်ချင်ခဲ့ဖူးပါ။ ထို့ကြောင့် အခုအချိန်ထိလည်း ဘာမှ မယ်မယ်ရရ ဖြစ်မလာပါ။ ငယ်ငယ်က ဆရာဝန်ဖြစ်ချင်သော သူ၏ သူငယ်ချင်း တစ်ယောက် အခု ဆရာဝန်တစ်ယောက် ဖြစ်နေပါသည်။ ကျောင်းဆရာဖြစ်ချင်ခဲ့သော သူငယ်ချင်းက ကျောင်းဆရာ ဖြစ်နေပါသည်။ ချွင်းချက်အနေဖြင့် သင်္ဘောသား ဖြစ်ချင်ခဲ့သော သူငယ်ချင်းမှာ အခု စက်လှေမောင်းနေသည်။ သူသည်လည်း ဖြစ်ချင်ခဲ့သောဘ၀နှင့် အနည်းငယ် နီးစပ်သည် ဟုဆိုရပါမည်။ ဘာမှမဖြစ်ချင်ခဲ့သော သူ သည် ဘာမှဖြစ်မလာပါ။ ဘာမှမဖြစ်ချင်သည့်စိတ်နှင့်ပင် သူ ကဗျာ ရေးပါသည် ။  (သို့မဟုတ်) ကဗျာဟု ယူဆဖွယ်ရှိသော စာသားများ အနည်းငယ် ရေးပါသည် ။ အခြား စာတိုပေစ အနည်းငယ်ရေးပါသည် ။

သူ ပက်လက်ကုလားထိုင်ကိုတော့ ကြိုက်သည်။ ပက်လက်ကုလားထိုင်တွင် ထိုင်ရင်း အပျင်းဆန့်ရသည်ကို အထူး နှစ်သက် သည်။ ရံဖန်ရံခါ ထိုသို့အပျင်းဆန့်နေရင်း အဖေပြောသော "ဓားတစ်လက်ကို ထက်မြက်အောင် ကြိမ်ကြိမ် သွေးနေဖို့ လိုတယ်" ဆိုသည့်စကားကို အဖန်ဖန်တလဲလဲ စဉ်းစားနေမိသည်။ ထက်မြက်လာတဲ့ ဓားတစ်လက်ရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေဟာ ဘာတွေဖြစ်လာမလဲ တွေးမိသည်။ သစ်ခုတ်သမားတစ်ယောက် ၏ လက်ထဲမှ ဓားသည် သစ်ပင်ကို ထိခိုက်စေမည်။ သားသတ် သမားတစ်ယောက်၏ လက်ထဲမှ ဓားသည် သားကောင်တို့ကို ဇီဝိန်ခြွေမည်။ သူရဲကောင်းတစ်ယောက်၏ လက်ထဲမှ ဓားသည်လည်း သတ်ဖြတ်ဖို့ပင် ဖြစ်သည် မဟုတ်လား။

ထိုကဲ့သို သူ တွေးနေမိသည်ကို သူ့အဖေသာသိလျှင် သူ့အား အဆိုးမြင်ဝါဒီဟု သတ်မှတ် လိမ့်မည်ထင်သည်။ သို့သော် ရူးသွပ်နေသော သူတစ်ယောက်၏ လက်ထဲမှ ဓားတစ်လက်၏ ထက်မြက်မှု ကို ဘယ်အကောင်းမြင် ၀ါဒီသမားမှ မကြောက်ရွံ့ဘဲ နေမည်မဟုတ်ပါ။ ဓားတစ်လက်ရဲ့ အကျိုးသက်ရောက်မှုသည် ဓားကိုကိုင်တွယ် သော လက်ပေါ်တွင် မူတည်သည်ဆိုသည်မှာ အငြင်းပွားဖွယ်မရှိ။ လောကတွင်  ရူးသွပ်နေသာ လူများဖြင့် ပြည့်နှက် နေသည်မှာလည်း အလားတူပင်  အငြင်းပွားဖွယ်မရှိ။ သူသည်လည်း ရူးသွပ်နေသော သူတစ်ယောက်  ဖြစ်နိုင်ပါသည်။

(၄)

ပြီးခဲ့တဲ့ရက်က တက္ကသိုလ် ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်နှင့် ပြန်တွေ့ဖြစ်သည်။ ကျောင်းပြီး ကတည်းက ကွဲကွာသွားခဲ့ကြပြီး အခုမှ ပြန်တွေ့ကြရခြင်းဖြစ်သည်။ ငွေကြေး မပြည့်စုံသော ဘ၀ဖြင့် ကျောင်းတက်ခဲ့ရသည့် ထိုသူငယ်ချင်းကို ယခု တောက်တောက် ပြောင်ပြောင် အဆင်ပြေနေသည့် အခြေအနေဖြင့် ပြန်တွေ့ရ၍ ၀မ်းသာမိသည်။ နိုင်ငံခြားမှ ပြန်ရောက်သည်မှာ မကြာသေးဟု သိရသည်။

"မင်း..သူဌေးဖြစ်နေပြီပေါ့"

 ဟု သူ မေးလိုက်သည်ကို သူငယ်ချင်းက ပြန်မဖြေဘဲ ပြုံးရုံသာပြုံးပြနေသည်။ ပြုံးနေသောမျက်နှာတွင် တစ်ချိန်ကထင်ဟပ်ခဲ့သော အားငယ်မှု အရိပ်ယောင်များကို တွေ့မြင်နေရသေးသည်။ ငွေကြေးသည် တစ်ချိန်က စွန်းထင်းခဲ့ဖူးသော ထို အားငယ်စိတ်များကို ဆေးကြော ပစ်နိုင်စွမ်း မရှိသည်လား မသိပါ။

လွန်ခဲ့သော နှစ်အနည်းငယ်က စာသင်ခန်းရှေ့ ၀ရန်တာတွင် သူနှင့် သူ၏ သူငယ်ချင်း နှစ်ယောက်သား အတူထိုင်နေရင်း ရောက်တတ်ရာရာ စကားများပြောဆိုနေကြသည်။ 'ရွှေနှင်းဆီ' ဆေးပေါ့လိပ်အတိုလေးကို တရှိုက်မက်မက် ဖွာရိုက်လိုက်ရင်း သူ၏ သူငယ်ချင်းက-

"သူဌေး ဆိုတာ ပိုက်ဆံကလွဲပြီးဘာမှမရှိတဲ့သူတွေပဲကွ"

ဟု အဝေးမှာမြင်နေရသော အနီရောင်တောင်ကုန်းလေးကိုငေးကြည့်နေလျက် ပြောလိုက်သည်။ ထိုစကားသည် သူ့အဖို့ ခဏ ခဏ ကြားနေရသဖြင့် ရိုးအီနေပြီဖြစ်သော်လည်း စကားပြောရမှာထက် နားထောင်ရမှာကို ပိုနှစ်သက်သော သူ၏ အကျင့်အတိုင်း ဘာမှပြန်မပြောဖြစ်ဘဲ ဆက်၍သာ နားထောင်နေဖြစ်လိုက်သည်။


"ပိုက်ဆံလိုချင်စိတ်ကြောင့် ပိုက်ဆံကိုရှာတယ်
ပိုက်ဆံတစ်ခုတည်းကိုပဲ အာရုံစိုက်ပြီးရှာနေတာကြောင့်
ပိုက်ဆံတစ်ခုပဲရပြီး တခြားအရာတွေ အားလုံး ဆုံးရှုံးသွားရတယ်"

ထိုစကားကို ပြောပြီး လက်ကြားမှ မီးသေနေသော ဆေးလိပ်တိုကို မီးပြန်ညှိနေသောသူငယ်ချင်းကို သူ မေးခွန်းတစ်ခုတော့ မေးဖြစ်ခဲ့လိုက်သည်.။

"ဆုံးရှုံးသွားရတဲ့ တခြားအရာတွေ ဆိုတာ ဘာတွေလဲ"

သူငယ်ချင်းက ဆေးလိပ်မီးခိုးများကို မှုတ်ထုတ်လိုက်ရင်း သူ့ကို စိုက်ကြည့်နေခဲ့သည်။ သို့သော် သူ၏မေးခွန်း ကိုတော့ အဖြေမပေးခဲ့ပါ။ အခု သူငယ်ချင်း၏ မျက်နှာကို သူ စိုက်ကြည့်နေ မိသည်။ သို့သော် သူ ၏ တစ်ချိန်က မေးခွန်းကိုတော့ ထပ်မမေးဖြစ်တော့ပါ။ထို့နောက် သူငယ်ချင်းသည် မင်္ဂလာပွဲ ဖိတ်စာ တစ်စောင်ထုတ်ပေးကာ ရှေ့လာမည့် တနင်္ဂနွေတွင် ပြုလုပ်မည့်သူ၏မင်္ဂလာပွဲသို့ ဆက်ဆက် လာခဲ့ရန် မှာကြားပြီး ခပ်သုတ်သုတ် ထွက်ခွာ သွားလေသည်။

မင်္ဂလာ ဖိတ်စာပေါ်မှ သူတို့သမီး နာမည်ကို ကြည့်မိလိုက်သည့်အခါ သူ အနည်းငယ်တော့ အံအား သင့်သွားသည်။ ၀တ္ထု ဇာတ်လမ်းရေးဆရာများ တမင်တကာ လုပ်ယူလေ့ရှိသော တိုက်ဆိုင်မှုသည် သူ့ ဘ၀ ထဲသို့ တိုက်ဆိုင်စွာပင် ကျရောက်လာသည်ထင့်။

သူမ..။
ဓားတစ်လက်...။
တက္ကသိုလ် နေ့ရက်များ...။

သူအံ့အားသင့်စွာပင် သောက်နေကျ ဘုံဆိုင်အိုလေး ရှိရာဆီသို့ တရွေ့ရွေ့ ထွက်လာခဲ့မိသည်။


(၅)

လာမည့် တနင်္ဂနွေတွင် မင်္ဂလာပွဲတစ်ခုရှိသည်။
လာမည့် တနင်္ဂနွေတွင် သူ၏ သူငယ်ချင်းနှင့် သူ၏ သူငယ်ချင်းမလေး တို့ ၏ မင်္ဂလာပွဲတစ်ခုရှိသည်။
လာမည့် တနင်္ဂင်္နွေတွင် သူ ထို မင်္ဂလာပွဲသို့သွားရမည်။
သူ့တွင် တန်ဖိုးသင့်တင့်သော မင်္ဂလာ လက်ဆောင်ပစ္စည်း တစ်ခုဝယ်ရန်ပင် လုံလောက်သောငွေကြေးမရှိ။
သူ့တွင် ဘယ်တုန်းကမှ မသွေးခဲ့ဖူးသော ဓားတစ်လက်သာရှိသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ  ထိုမင်္ဂလာပွဲသို့ သွားဖြစ်အောင်သွားလိမ့်မည်။
သူ၏ သူငယ်ချင်း ကို  နှုတ်ဆက်မည်။မင်္ဂလာလက်ဖွဲ့အဖြစ် မေးခွန်းတစ်ခု လက်ဖွဲ့လိုကြောင်းပြောမည်။
သူ၏ သူငယ်ချင်းမလေးကို နှုတ်ဆက်မည်။ သူငယ်ချင်းမလေးက သူ့ကို -

"ရှင် ဟာ ခပ်တုံးတုံးဓားတစ်လက်ပဲ " ဟု စိတ်ထဲမှ ပြောချင်ပြောနေပါလိမ့်မည်။

သို့ဆိုလျှင် ထိုစကားနှင့် ပတ်သတ်၍ သူ့တွင် ပြန်လည်ချေပရန် ပြောစရာ စကားမရှိပါ။
သူ့တွင် ဘယ်တုန်းကမှ မသွေးခဲ့ဖူးသော  ဓားတစ်လက် သာရှိပါသည်။     ။

                                                                                       လင်းဝေအိမ်(၂၆-၀၅-၂၀၁၄)
                                                                        

No comments:

Post a Comment