“ခေါ်သံ”
ခေါ်သံတစ်ခုရဲ့
သယ်ဆောင်ရာနောက်ကို ကျွန်တော် မျောလွင့် လိုက်ပါခဲ့တယ်။
ခေါ်သံဟာ အဝေးပြေး
လမ်းမကြီးတလျောက် အရှိန်အဟုန်နဲ့ ပြေးသွားတယ်။ ခေါ်သံဟာ သားကောင်ရဲ့ အနံကိုရလိုက်တဲ့
အမဲလိုက်ခွေးတစ်ကောင် သားကောင်ရှိရာအရပ်ကို အရှိန်နဲ့ပြေးသွားသလို ပြေးသွား တယ်။ ခေါ်သံဟာ
ဘယ်ကို သွားရမယ်ဆိုတာ တိတိကျကျကြီးကို သိထားတဲ့ ပုံစံမျိုးပဲ။ ခေါ်သံဟာ ဘတ်စ်ကားတွေ
တစ်စီးပြီး တစ်စီး ပြောင်းပြီး စီးတယ်။ ခေါ်သံဟာ မီးပွိုင့်တွေကိုတော့ စိတ်ရှည်ပုံမရဘူး။
ကျွန်တော်ကတော့
မီးပွိုင့်တွေကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းတတ်လေ့ ရှိတယ်။ ဘယ်တော့ရောက် လာ မယ်မှန်းမသိရတဲ့
သေခြင်းတရား ဆိုတာကြီးကို ထိုင်စောင့်နေရတာထက်စာရင် မီးပွိုင့်တစ်ခုရဲ့ သိပ်မကြာမြင့်လှတဲ့
အချိန်ကန့်သတ်ချက် ကလေးတစ်ခုကို စောင့်ဆိုင်းရတာဟာ ဘာမှမပြောပလောက် ဘူးမဟုတ်လား။ အဲဒီ
တိုတောင်းလှတဲ့ မီးပွိုင့်တစ်ခုရဲ့ အချိန်အပိုင်းအခြားလေး အတွင်းမှာပဲ သေခြင်း တရားဟာ
ရောက်ချင်ရင် ရောက်လာနိုင်တာပဲ ဆိုတာကိုတော့ မသိချင်ယောင် ဆောင်ထားလိုက်တာပေါ့။
ခေါ်သံဟာ ပလက်ဖောင်းတွေပေါ်မှာ
တွန်းထိုး ရုန်းကန်ပြီး ပြေးတယ်။ခေါ်သံဟာ လမ်းဘေး
ပလက်ဖောင်း ပေါ်မှာ ခင်းထားတဲ့ ဈေးဗန်းထဲက ဖရဲသီးစိတ်တွေပေါ်မှာ ၀ဲပျံနေတဲ့ ယင်ကောင်တွေလို
မောင်းထုတ်ခြင်း ခံရတယ်။ ခေါ်သံဟာ ယင်ကောင်တွေလိုပဲ တ၀ီဝီ ပျံသန်းလိုက် ခဏ ပြန်နားလိုက်နဲ့
မောင်းထုတ်ခြင်းကို အကြိမ်ကြိမ် တိုးဝင်နေပြန်တယ်။
ခေါ်သံဟာ လမ်းကြားတစ်ခုထဲကို
ခပ်သုတ်သုတ် ပြေးဝင်သွားတယ်။အဲဒီလမ်းကြားလေးဟာ
တစ်ဖက်ပိတ် လမ်းကြားလေး။ လမ်းကြားလေးရဲ့ အဆုံးမှာ ဘုံဆိုင်အိုလေး ရှိတယ်။ ခေါ်သံဟာ
ပုလင်းထဲ က ခုန်ထွက် တယ်။ ခေါ်သံဟာ ညစ်ထေးထေး ဖန်ခွက်ထဲမှာ ဖြူစင်စွာ ခိုနားဖို့ကြိုးစားတယ်။
ခေါ်သံဟာ ယဉ်ကျေး လှစွာသော လူကြီးမင်းများ သူတို့ဘာသာ ရေးဆွဲ အတည်ပြုထားတဲ့ ရွှေရောင်
(ဟုဆိုသည့်) သတ်မှတ် ချက် စံနှုန်းတွေကို ရေနဲ့ ကျင်းပြီး သွန်ပစ်လိုက်သေးတယ်။
ခေါ်သံဟာ လူသူကင်းမဲ့နေတဲ့
ကွန်ကရစ်လမ်းမကြီးပေါ်ကို တက်သွားပြန်တယ်။ ခေါ်သံဟာ ခပ်လှမ်းလှမ်း အရောက်မှာ လမ်းရဲ့
ညာဘက်ကို ချိုးကွေ့ဆင်းလိုက်တယ်။ ကျွန်တော် ထိတ်ခနဲ ဖြစ်သွားတယ်။ ခေါ်သံ ချိုးကွေ့လိုက်တဲ့
လမ်းရဲ့ တစ်ဖက်အခြမ်းမှာ ရှိနေမယ့် သူတွေဟာ အခုပဲ ဘုံဆိုင်အိုလေးထဲက ထွက် လာတဲ့ ခေါ်သံကို
ခွေးလေခွေးလွင့် တစ်ကောင်လို မောင်းထုတ်ပစ် လိုက်တော့မယ် ဆိုတာ ကျွန်တော်က သိနေတယ်။
ကျွန်တော် ခေါ်သံရဲ့ နောက်ကို အမှီလိုက်ဖို့ ကြိုးစားလိုက်ပါတယ်။ ဒါပေမယ့် ခေါ်သံဟာ ဘာမှ
မဖြစ်ခဲ့သလို မျက်နှာနဲ့ ပြန်ထွက် (ပြန်တက်) လာတာကို တွေ့လိုက်ရတယ်။ “ဘာမှ မဖြစ်ခဲ့သလို
မျက်နှာ” ဟာ “ဘာမှ မဖြစ်ခဲ့တဲ့ မျက်နှာ” မဟုတ်ဘူး ဆိုတာကိုလည်း ကျွန်တော်က သိနေတယ်။
အခုအချိန်အထိ
ခေါ်သံဟာ ကျွန်တော့်ကို လှည့်တောင်မကြည့်သေးဘူး။ ခေါ်သံဟာ သူနဲ့ ကျွန်တော့် ကြားမှာ ဘာပတ်သတ်မှုမှ
မရှိသလို ကျွန်တော့ကို ဥပေက္ခာပြုထားတယ်။ ခေါ်သံဟာ ကျွန်တော့်ရဲ့ ခေါ်သံရော ဟုတ်ရဲ့လား
ဆိုတဲ့ အတွေးစက ကျွန်တော့် အာရုံကို တဖြည်းဖြည်းချင်း စူးဝင်လာနေတယ်။
ခေါ်သံဟာ တရိပ်ရိပ်နဲ့
ပြေးနေဆဲပဲ။ ခေါ်သံဟာ ရုတ်တရက် မီးနီမိသွားတဲ့ မီးပွိုင့်ကို စိတ်မရှည်တဲ့ ပုံစံမျိုးနဲ့
ဖြတ်ကူးသွားပြန်တယ်။ တရွေ့ရွေ့ ဝေးသွားတဲ့ ခေါ်သံကို လှမ်းပြီး ငေးကြည့် နေရင်း မီးပွိုင့်ရဲ့
အချက်ပြမီး စိမ်းလာမယ့် အချိန်ကိုပဲ ကျွန်တော်
စိတ်ရှည်လက်ရှည် စောင့်ဆိုင်း နေပါတယ်။ ။
လင်းဝေအိမ်
No comments:
Post a Comment