12 October 2014

"ပြတ်ကျသွားတဲ့ ဓာတ်ကြိုးထဲမှာ မေတ္တာတရားဟာ ဗို့အား ၁၅၀၀"

"ပြတ်ကျသွားတဲ့ ဓာတ်ကြိုးထဲမှာ မေတ္တာတရားဟာ ဗို့အား ၁၅၀၀"

လူမှုဆက်ဆံရေးတွေရဲ့ အပြင်ဘက်ကို ထွက်ထိုင်နေမိတဲ့ လိပ်ပြာဟာ
စံပယ်ပန်းခြောက်တွေနဲ့အတူ စာအုပ်ကြားမှာ ညပ်သေသွားတယ်
(အဲဒီစာမျက်နှာကို ဘယ်သူကမှ ပြန်ဖွင့်မကြည့်ဖြစ်တော့ဘူး)
သေနတ်ပြောင်းဝက ထွက်လာတဲ့ နှုတ်ခမ်းနီတောင့်နဲ့ ဖြူရော်နေတဲ့စိတ်ကို
ရဲရဲနီသွားအောင် ဆိုးတယ်။ ဇစ်ပျက်နေတဲ့ ပိုက်ဆံအိတ်ကလေးက
ဇစ်ကိုဆွဲပြီးပိတ်လိုက်ပေမယ့် တ၀က်တပျက် ပွင့်နေဆဲ
နာမည်တွေကို မခေါ်ကြတော့ဘဲ နာမ်စားတွေကို သုံးခဲ့ကြ
နာမ်စားတွေကို မသုံးကြတော့ဘဲ နာမည်တွေ ပြန်ခေါ်ကြ
အများသုံး တယ်လီဖုန်းနဲ့ ပြောဖြစ်ခဲ့ကြတဲ့ စကားတွေဟာ
လက်ကိုင်ဖုန်းတွေ ကိုယ်စီနဲ့ ပြောကြရတဲ့အခါ အံချော်နေတယ်
စိတ်မှာစွဲနေတဲ့ ရေမွှေးအနံ့က ဘယ်နှကြိမ်လျှော်လျှော် မပြယ်ဘူး
နှာခေါင်းထဲ နွားနို့အသံတွေ ဆူညံနေတဲ့ မနက်ခင်းမှာ
အဖြူရောင်တွေ အစအဆုံး မှောက်ကျသွားခဲ့တာ
စားပွဲအစွန်းကနေ တပေါက်ပေါက် စီးကျနေတဲ့ ရယ်သံအဟောင်းတွေ
စားပွဲခင်းကို နှစ်ဦးသဘောတူ စုတ်ဖြဲပစ်လိုက်တော့ စားပွဲဟာ ကိုယ်လုံးတီးနဲ့ 
ဓာတ်ခဲအားကုန်နေတဲ့ နံရံကပ်နာရီကို နံရံမှာ မကပ်တော့ဘဲ ကြိုးဖြည်ပေးလိုက်ပြီ
လွတ်သွားတဲ့ငါးအချင်းချင်း ဘယ်သူကပိုကြီးသလဲ ငြင်းနေချင်တာ ဟာသပဲ
နှစ်ယောက်စလုံးရဲ့ နာမည်ကိုထည့်ကြေငြာဖို့လိုအပ်မယ့် သတင်း
လဲသွားတဲ့ဆိုင်ကယ်ရဲ့ အရှိန်မသေသေးတဲ့ ဘီးက တ၀ှီးဝှီး လည်နေဆဲ
ဘယ်ကိုမှမရောက်တော့တဲ့ခရီးကို ဘယ်ကစခဲ့သလဲ ပြန်တွေးမနေနဲ့
မဖောက်ဖြစ်တဲ့ စာအိတ်ထဲမှာ ပိတ်မိနေတဲ့စာတစ်စောင်လို
သခင့်အမိန့်ကို နာခံချင်တဲ့ ခွေးက အိမ်ပြန်မလာတော့ဘူး
အချက်ပြမီးဟာ စိမ်းသွားပြီး နံပါတ်စဉ်ကို စတင် ရေတွက်တယ်
နောက်ဆုံးစက္ကန့်အရောက်မှာ လမ်းဟာ နံရံကိုခေါင်းနဲ့ပြေးဆောင့်ပစ်လိုက်တယ်
ပြီးပြီ။
လင်းဝေအိမ်

No comments:

Post a Comment