“သီချင်း
အသေ"
Intro:
လှသွားတဲ့
မြင်ကွင်းလို့ နိုင်တဲ့သူက ပြောတယ်။
လုသွားတဲ့
မြင်ကွင်းလို့ ရှုံးတဲ့သူက ပြောတယ်။
Verse 1:
ဂစ်တာကြိုး
နံပါတ်(၁) ထဲကိုတိုးဝင်သွားတဲ့ အရိပ်ဟာ အင်္ဂါမစုံတဲ့ ချစ်ခြင်းမေတ္ထာနဲ့ သစ္စာတရားကို
ခေါစာ ပစ်ကျွေးခဲ့သူ ။ ညာသံစူးစူးရှရှတွေနဲ့ ယှက်ဖွဲ့ထားတဲ့ အနက်ရောင် နှင်းဆီတစ်ပွင့်ကို
ရင်ဘတ် တည့်တည့် ဆီချိန်ရွယ်ပြီး ခလုတ်ကိုဖြုတ်ချလိုက်တယ်။ လူတစ်ယောက် သေတယ်ဆိုတာ
ဂစ်တာကြိုး တစ်ချောင်း ထောင်းခနဲ ပြတ်သွား သလောက်ပါပဲ။ သီချင်းအသစ်အတွက် ကြိုးအသစ်
တစ်ချောင်း လဲလှယ် တပ်ဆင် လိုက်ပါလေ။ သီချင်းအဟောင်းနဲ့ ကြိုးအဟောင်းလေးကို အမှိုက်ပုံးက
စောင့်ကြိုနေပါလိမ့်မယ်။ တခုတ် တရ ပြောဆိုချစ်ခင်ခြင်းခံခဲ့ရတဲ့ လက်ချောင်း သွယ်သွယ်
လျလျလေးတွေဟာ ဂစ်တာ ဖလက်တံပေါ်မှာ ကော့ဒ် တွေကို သေသပ် လှပစွာ ပုံဖော် ဖန်တီးနိုင်တတ်ခဲ့ပေမယ့်
ငွေစက္ကူတွေ အထပ်လိုက်စီထားတာ သိပ်များလွန်းနေရင် မရေတွက် တတ်ရှာဘူး။ ရှက်လွန်းလာတဲ့အခါ
အုတ်ခုံလေး ပေါ်မှာ ဂစ်တာလေး ကြေမွသွားတာပါပဲ။ ပြန့်ကျဲနေတဲ့ သီချင်းစာရွက်တွေပေါ်မှာ
သီချင်းစာသားတွေဟာ အော်ဟစ် အက်ကွဲ တုန်ခါနေတယ်။
တံခါးမရှိတဲ့
အခန်းကျဉ်းလေးထဲက ယိုင်နဲ့နဲ့ ခေါက်ကုတင်လေးဟာ အိပ်ယာခင်း အလွတ်ကလေးကိုပဲ ထမ်းပိုးထားရတဲ့
ညတွေ များလာတဲ့အခါ ၀မ်းနည်းသံတွေ တကျွီကျွီ ထွက်လာတယ်။ အလင်းဆိုင်လေး တွေမှာ ညလုံးပေါက်
ထိုင်နေရင်း အလင်းကို ရှာဖွေမတွေ့နိုင်သူ တစ်ယောက်အဖို့ မိုးလင်းသွားပေမယ့် မှောင်နေဆဲပါပဲ။
အပြန်လမ်းပေါ်မှာ မျက်ရည်တွေ လွှမ်းပြီး ပိတ်ဆို့နေတယ်။ ဂျင်းဘောင်းဘီကို အနား ခေါက်ပြီး
ဒူးခေါင်းအထိ လိပ်တင်လိုက်တယ် ။ ခြေသလုံးသားပေါ်က ဆာမူရိုင်း တက်တူးအရုပ်ရဲ့ လက်ထဲ မှာ
ကိုင်မြှောက်ထားတဲ့ ဓားသွားတလျှောက် မာနတွေ နီရဲ စိုစွတ် စွန်းထင်း နေတယ်။ ဆာလောင်မှု၊
တပ်မက်မှု တွေကို မာနနဲ့ တောင့်ခံရတဲ့အခါ အံသွားတွေ နာကျင်လွန်းလှပါတယ်။
Verse
2:
စန္ဒယားကို
ခလုတ်အဖြူလေးတွေနဲ့ပဲ အသုံးပြု တီးခတ်တတ်ခဲ့သူကို ခလုတ်အနက် ကလေးတွေကိုပါ အသုံးပြု
တီးခတ်တတ်လာအောင် သင်ကြားပေးခြင်းခံခဲ့ရပြီး နောက်မှာပဲ နာကျင်စရာတွေဟာ သံစုံမြည် လာခဲ့ပါတယ်။
John Lennon ရဲ့ Imagine သီချင်းကို တီးခတ်နေတဲ့ နူးညံ့သိမ်မွေ့သော လက်ချောင်းဖြူဖြူ
သွယ်သွယ်လေးတွေ..။ မဟာဂီတ ကြိုးသီချင်း တစ်ပုဒ်ပုဒ်ကို တီးခတ်နေတဲ့ မာကျော သိမ်မွေ့သော
လက်ချောင်း ညိုညို ရှည်ရှည်လေးတွေ..။ တည်ငြိမ်မှုတွေနဲ့ အိနြေ္ဒရနေတဲ့ စန္ဒယားအိုကြီးကတော့
လက်ချောင်းကလေးတွေရဲ့ ပုံပြင်ကို မသိနားမလည်ချင်စွာ လက်ချောင်းကလေးတွေရဲ့ ဖန်တီး
စေခိုင်းမှု အတိုင်း ဂီတသံတွေကိုသာ အန်ထုတ်ပေးနေပါတယ်။
အနက်ရောင်
နှင်းဆီပွင့် တစ်ဆယ့်သုံးပွင့်ကို စန္ဒယားခလုတ်တွေပေါ်မှာ တင်ထားတယ်။ အသံတစ်သံ အတွက်
နှင်းဆီပွင့် တစ်ပွင့်နှုန်းဆိုရင် စန္ဒယားကြီးမှာ အသံ တဆယ့်နှစ်သံပဲ ရှိတဲ့အတွက် ပိုတဲ့
နှင်းဆီ တစ်ပွင့်ဟာ ကံဆိုးသူတစ်ယောက်အတွက်ပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။ နှင်းဆီအနက်ကို
ကံဆိုးခြင်း လို့ နိမိတ်ကောက်ယူလိုက်လို့ရမလား။ ဒါဆို စန္ဒယား ခလုတ်အနက် ကလေးတွေကရော
နာကျင်စရာ တွေကို သယ်ဆောင် လာခဲ့ကြသူတွေပဲလား ။ အနက်ရောင် စန္ဒယားကြီးကတော့ တိတ်ဆိတ်ခြင်းကို
တွေတွေကြီး ငေးစိုက်ကြည့်နေပါတယ်။ မျက်ဝန်း နက်နက်ကလေးတွေက ဘာကိုမှ နားမလည်နိုင်စွာ
ချာချာလည်လို့ ။
Pre Chorus:
အနက်ရောင်တွေဆီက
လွင့်ထွက်လာတဲ့ အသံဟာ လိပ်ပြာလေးရဲ့ အတောင်ပံတွေကို ထိုးခွဲသွားတယ်။
တ၀ီဝီလည်နေတဲ့
ပန်ကာလေး ရပ်သွားမယ့် အချိန်ကို စက္ကန့်လက်တံတွေပေါ်မှာ ထိုင်လိုက်ရင်း စောင့်စား နေရ။
နွေဦးကိုစောင့်ရ။ ညစာ ကိုစောင့်ရ။ ရောက်မလာမယ့်ခြေသံကို စောင့်ရ။ နောက်ဆုံးတစ်နေ့
ကို စောင့်ရ ။ ပုဒ်မချလိုက်ရ မလိုလို ။ ပုဒ်ထီးချလိုက်ရ မလိုလို ။ ရွေးချယ်ခွင့်မရှိတဲ့
သေခြင်းတရား သည်သာ လူတွေအပေါ် ဒုက္ခပေးမှု အနည်းဆုံးအရာပဲ။
Chorus:
လည်နေတဲ့
ဓာတ်ြ့ပားက ရပ်သွားပြီ။လွင့်နေတဲ့ သီချင်းက မရပ်နိုင်သေးဘူး။ ချိုးငှက်တကောင်ရဲ့ တကူးကူး
ကူသံက ပြတင်းတံခါးမှန်ကို တိုးတိုးလေးလာခေါက်နေတယ်။ တစ်စုံတစ်ရာကို ကြောက်ရွံ့စွာ
ခန်းဆီးစ လေးတွေက တဖျတ်ဖျတ်တုန်ခါလို့ ။
ကျေးဇူးပြုပြီး
ကိုစောညိန်းရဲ့ ပွင့်ဦးသီချင်းကို ဖွင့်မပေးကြပါနဲ့။
ကျေးဇူးပြုပြီး
နာမည်ကို မခေါ်ကြပါနဲ့။
ကျေးဇူပြုပြီး
အိမ်ခြံမြေဈေးကွက်အကြောင်း (မစားရ၀ခမန်း) အော်ကြီးဟစ်ကျယ် လာလာမပြောကြပါနဲ့ ။
ကျေးဇူးပြုပြီး
ကဗျာမရွတ်ပါနဲ့။
ကျေးဇူးပြုပြီး
သော့ခတ်ထားတဲ့
စန္ဒယားကြီးရဲ့ အဖုံးကိုမဖွင့်ကြပါနဲ့။
ကျေးဇူးပြုပြီး
ဘာအကြောင်းကြောင့်မှ အော်ဟစ်မရယ်မောကြပါနဲ့။
တိမ်တွေကို
ဘယ်သူမှ မပိုင်ဆိုင်ဘူး။
တိမ်တွေကို
လူတိုင်း ပိုင်ဆိုင်တယ်။
Verse 3:
“စာရွက်ပေါ်မှာ
ရေးထားပြီးသား ဂီတ သင်္ကေတ တွေကို
ကြည့်ပြီး
တီးခတ်ရသလို ဘ၀က လွယ်ကူမှာမဟုတ်ဘူး”
လက်ချောင်းဖြူဖြူလေးတွေရဲ့
ပိုင်ရှင်က အဲဒီလိုပြောလိုက်တယ်။
“လွယ်ကူခြင်းမှာ
သာယာပျော်မွေ့မယ်ဆိုရင်
ခုလို
စန္ဒယားခုံပေါ်မှာထိုင်ပြီး စန္ဒယားကို ဘယ်တီးခတ်နေပါ့မလဲ
သက်တောင့်သက်သာဖြစ်မယ့်
ဆိုဖာ တစ်ခုခုမှာထိုင်ပြီး
အလွယ်တကူရနိုင်တဲ့
တစ်ယောက်ယောက်ရဲ့ စန္ဒယားလက်သံကိုပဲ
အေးအေးလူလူ
နားထောင်နေလိုက်တော့မှာပေါ့”
လက်ချောင်း
ညိုညိုလေးတွေရဲ့ ပိုင်ရှင်က အဲဒီလို ပြန်ပြောလိုက်တယ်။ အဲဒီနေ့တုန်းက ဘယ်သူမှ စန္ဒယား
မတီးဖြစ်ကြဘူး။
ခါတိုင်း
စန္ဒယား ခလုပ်တွေပေါ်မှာ စုန်ချည် ဆန်ချည် ပြေးလွှားလှုပ်ရှားရင်း ဂီတသံစဉ်တွေကို ဖန်တီးနေကျ
လက်ချောင်းလေးတွေဟာ အခု လုပ်နေကျအလုပ်ကို မလုပ်ကြရတဲ့အခါ ယောင်တောင်တောင် ဖြစ်နေ ကြရှာတယ်။
လက်ချောင်းညိုညိုလေးတွေက စန္ဒယားကြီးရဲ့အဖုံးကို တဒေါက်ဒေါက်မြည်အောင် လေးလေး တွဲ့တွဲ့စည်းချက်နဲ့
ခေါက်နေတယ်။ လက်ချောင်းဖြူဖြူလေးတွေကတော့ လက်ချောင်းရဲ့ လက်ဆစ် ကလေးတွေကို တဖျောက်ဖျောက်မြည်အောင်
ချိုးပြီး ဆော့ကစားနေတယ်။ အပြင်မှာရွာနေတဲ့ မိုးရေတွေ ဟာ ဘာအရောင်လဲဆိုတာကို လက်ချောင်းဖြူဖြူလေးတွေရော
လက်ချောင်းညိုညိုလေးတွေပါ တွေး ဖြစ်ကြပုံမပေါ်ဘူး။
အပြင်ဘက်မှာ
မိုးဟာ တဝေါဝေါနဲ့။ အသိုက်ထဲက ထွက်လာမယ့် သားကောင်လေးတွေ ကို စောင့်ဆိုင်း နေတဲ့ ၀ံပုလွေတစ်ကောင်လို
မိုး ဟာ အပြင်မှာ စောင့်ဆိုင်းနေတယ်။ မိုးရေတွေထဲမှာ စိုရွှဲ စုတ်ပြဲ ပျက်စီး သွားရတော့မယ့်
သီချင်းစာရွက်တစ်ရွက်လို တရွေ့ရွေ့သွားနေတဲ့နာရီဟာ တအိအိ ပျော့တွဲ ကျလာ နေတယ်။
Ending :
တိမ်တွေကို
ဘယ်သူမှ မပိုင်ဆိုင်ဘူး။
တိမ်တွေကို
လူတိုင်း ပိုင်ဆိုင်တယ်။
Fade Out
လင်းဝေအိမ်
No comments:
Post a Comment