26 September 2014

“စောစောစီးစီး”

“စောစောစီးစီး”

ပျော်ရွင်မှုတွေကို မပျော်ရွှင်မှုတွေနဲ့
လဲလှယ်ဖို့ လိုအပ်ကောင်းလိုအပ်မယ်။
မပျော်ရွှင်မှုထဲ စီးမျောနေရတဲ့  ဖြစ်တည်မှုကလေး
မကြားရုံ တိုးတိုးလေး ဆိုညည်းမိတဲ့ သေခြင်းမှာ
စကားလုံးတွေဟာ သံစဉ်ထဲကနေ အပြင်ဘက်ကို
တဖြုတ်ဖြုတ် ထွက်ထွက်ကျတယ်။ ပြန်ကောက်မယူချင်
တော့တဲ့ နာမည်ရဲ့ နောက်မှာ အသက်ကို
ကွင်းစကွင်းပိတ် နဲ့ထည့်ရေးပေးလိုက်တယ်။ 
ဖတ်လက်စ စာအုပ် ဖွင့်လက်စ ပြတင်းပေါက်
ရေးလက်စ ဖောင်တိန်၊ အချိန်မစေ့ခင်မှာပဲ
ဝါကျကိုဖြတ်ချလိုက်တယ်။ လိုင်းအကူး အပြောင်းမှာ
အလိုက်သင့် စီးပါလာခဲ့တဲ့ အာရုံဟာ
အသင့်မဖြစ်သေးလို့ ဆက်မလိုက်တော့ဘဲ
လွင့်သွားရှာပေါ့။ ပြာမှုန်တွေ လေထဲမှာ
ဝေနေတာ နှင်းတွေလိုလို အအေးဓာတ်ကို
မေ့ထားပြီး ပျော်ချင်ယောင်ဆောင်နေကြတဲ့
အသံတွေမှာ အသိတွေ ခိုက်ခိုက်တုန်။
မြင်ကွင်းတွေက မှုန်နေလို့ မျက်မှန်တွေခမျာ
မျက်လုံးတွေကို အားနာနေရ။ ဥသြသံမပါဘဲ
ဆိုက်ရောက်လာတဲ့ ရထားတစ်စင်းလို
ခြောက်ကပ်ကပ်ကြီး ရယ်နေရတဲ့ အသံဟာ
ဘယ်ကိုမှ ခရီး မရောက်ခဲ့ပါ။ ပွင့်နေတဲ့မျက်လုံးနဲ့
ဘာကိုမှ မမြင်ရလို့ မျက်လုံးကို ပိတ်ပစ်လိုက်တာ။
လက်ရှိ နာမည်ကို မကြိုက်တော့လို့ နာမည်အသစ်
ပြောင်းပစ်လိုက်တာ။ ရောက်လာမယ့်နေ့တစ်နေ့ဆီ
အရောက် သွားပြီးတွေ့ပစ်လိုက်တာ။ မနစ်မြုပ်မှီ
အချိန်အထိ လှိုင်းတွေ ကြားမှာ ပျော်ရွင်စွာ စီးမျောပြီး
နေဖို့ ပျင်းလာတဲ့ နေ့ စွဲတွေဟာ ကမ်းခြေကို
ပြန်ရောက်မလာတော့ပါ။
သီချင်းက မပြီးသေးဘူး။ အသံက ကုန်သွားပြီ။
"ဘာကြောင့်လဲ"
"ပျင်းလို့ပါ"  ။   ။

                       လင်းဝေအိမ်

No comments:

Post a Comment