“ဘုံ”
ခုံပုပုလေးတွေ
ခင်းထားသော လက်ဖက်ရည်ဆိုင်ကိုမှ ရွေးပြီးထိုင်တတ်သည့် သူငယ်ချင်းတစ်စုနှင့် အတူ ဖြတ်သန်းခဲ့ဖူးသော
ဒူးထောင်ပေါင်ကား နေ့စွဲများတွင် ငြိကျန်ခဲ့သည့် တစ်ပတ်နွမ်း စွပ်ကျယ် ခပ်ညစ်ညစ် ကလေးကို
အပြင်းအထန် သတိရနေမိသည်။ တိုက်ခန်း၏ လူခေါ် ခေါင်းလောင်းကြိုးကလေးအား တစ်စုံ တစ်ယောက်
လာဆွဲမည့် အချိန်ကို မျှော်လင့်တကြီး စောင့်နေခဲ့ရဖူးသည်။ တရွေ့ရွေ့ တိုးတိမ်သွားသည့်
အမှိုက်သိမ်းလှည်း၏ ခေါင်းလောင်းသံက မရှိမဲ့ ရှိမဲ့ တက်ကြွမှု လက်ကျန်ကလေးများကိုပါ ထိုးသိပ်
ဖိနှိပ်ကာ သိမ်းယူ သွားသည်။ အကြိမ်ပေါင်းများစွာဖွင့်ဖို့ ကြိုးစားနေမိသမျှ အကြိမ်ပေါင်းများစွာပင်
ပွင့်မလာနိုင်သော ဒဏ်ရာရ ကွန်ပြူတာတစ်လုံး၏ တတီတီ အော်ငြီးသံကို အေးစက်စက် ကော်ဖီ တစ်ခွက်ဖြင့်
ခုခံ ကုသ နေရသည်။ ပြန့်ကျဲနေသော အမျိုးအမည်စုံလင်လှသည့် သီချင်းစာအုပ်များ၊ DVD/VCD အခွေများ၊ ကဗျာစာအုပ်များ၊ တွန့်ကြေနေသာ
အိပ်ယာခင်း၊ ပုံလျက်သား ပုဆိုးများ၊ စောင်များ စသည့် ရံရွေတော်များ၏အလယ်တွင် အိုးကွဲနေသော
အသံကြောင် ဂစ်တာတစ်လက်က ပက်လက်ကြီး စံမြန်း နေသည်။ ပြတ်သွားသည့် နံပါတ်(၁) ဂစ်တာကြိုးကို
တစ်ယောက်ယောက်က လာပြီး ပြန်လည် တပ်ဆင် ပေးလိမ့်မည်ဟု ဘယ်လို ယုံကြည်မှုမျိုးနှင့် မျှော်လင့်
နေမိပါသနည်း။
အခန်းတံခါးကို
အေးစက်စက်ကြီး ခေါက်လိုက်သည့် အသံဖြင့် အလန့်တကြား နိုးထလိုက်ရသော မနက်ခင်းများစွာတို့သည်
နှုတ်ခမ်းပဲ့နေသော ဆေးခံခွက် အအိုကလေးထဲတွင် ပြာမှုန်များနှင့်အတူ ထိုးချေ ငြိမ်းသတ်ထားခြင်း
ခံနေကြရသည်။ ၀ရန်တာမှ အောက်သို့ ငုံကိုင်းကြည့်လိုက်တိုင်း ရင်ဘတ်ထဲတွင် တလှပ်လှပ်
ဖြစ်သွားသည့် ခံစားမှုမှာ ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရစဉ်ကအတိုင်း လတ်ဆတ်နေဆဲ။ တလှပ်လှပ်
ဖြစ်နေဆဲ။ ထိတ်လန့် ကြောက်ရွံ့စွာပင် နှစ်သက် စွဲလန်းမိသော ဝေဒနာ..။
တိုက်ခန်းများ၏
မှောင်မည်းနေသော လှေကား တစ်လျောက် တရွေ့ရွေ့တက်လာစဉ် အပေါ်ဆီမှ အရှိန်ဖြင့် ပြေးဆင်း
လာသော (သို့မဟုတ်) အောက်မှ အရှိန်ဖြင့် ပြေးတက်လာသော ခပ်ပြင်းပြင်း ခြေသံများကို ကြားလိုက်ရလျှင်
ရောက်ရာ လှေကားထစ်၏ ဘေးနံရံ ကို ကပ်၍ ရှောင်တိမ်း ပေးတတ်ခြင်းသည်ပင် အကျင့်တစ်ခု ဖြစ်လာခဲ့သည်။
လူခေါ် ခေါင်းလောင်းကြိုးကို အပေါ်သို့ ဆွဲတင်ထားကာ အခန်းတံခါးကို သော့ခတ်၍ မှောင်မည်းနေသာ
အခန်းကျဉ်းထဲတွင် ထူးအိမ်သင်၏ သီချင်း တစ်ပုဒ်ပုဒ်ကို တိုးတိုးလေး ထပ်ကျော့ဖွင့်ထားပြီး
စိတ်ကို တတိတိ လှီးဖြတ်ရသည့် အရသာအား နာနာကျင်ကျင် စွဲလန်းနေမိခြင်းသည် အနက်ရောင် စိတ္တဇဖြစ်ကြောင်း
ဝန်မခံလိုပါ။ နေရာပြပုဒ် များကိုသာ မြောင်းထဲသို့ သွန်ပစ်လိုက် မည်ဆိုပါလျှင် ထွက်ခွာခြင်းသည်ပင်
ဆိုက်ရောက်ခြင်း၏ အစဖြစ်ကြောင်း တံခါးပိတ် ယုံကြည်၍ ရပါလိမ့်မည်။
ဆိုင်းထမ်းဖြင့်ထမ်း၍
ရောင်းချသော ကုန်စိမ်းဈေးသည် တစ်ယောက်လို အစိမ်းရောင်တွေကို ထမ်းပိုးကာ လမ်းတွေပေါ်မှာ
လျှောက်သွားချင်နေမိသည်။သို့သော် စိမ်းစို လတ်ဆတ်မှုသည် စိတ်အလိုအတိုင်းလိုက်၍ မစိမ်းစိုနိုင်ကြောင်းကို
ခြောက်သွေ့ ပျက်စီးခဲ့ပြီဖြစ်သော နုပျိုမှု အချို့က သက်သေပြနေကြသည်။ ခေါင်မိုး ကို မိုးစက်များ
ရိုက်ခတ်သည့်အသံ တဖျောက်ဖျောက် (သို့မဟုတ်) တဖြောင်းဖြောင်း မကြားရဘဲ အသံတိတ် ရွာနေသော
မိုးကို အဓိပ္ပါယ်ဖွင့်ဆိုနေဖို့ မကြိုးစားတော့ဘဲ တိုးတိုးကလေး ငေးနေမိသည်။ မိုးရေထဲမှာ
တရွေ့ရွေ့ ထွက်ခွာသွားသူ၏ ခြေသံကို မှုန်မှုန်ဝါးဝါး ကြားနေရသည် ။ အာခေါင်ကိုခြစ်၍ အော်ခေါ်ဖို့
ကြိုးစား လိုက်သည်။ suside လုပ်သွားသည့် အသံ ကို မျက်စိဖြင့် မမြင်မတွေ့ နိုင်ကြသူတို့
ဟက်ဟက် ပက်ပက် ရယ်မော နေကြ၏။
ဘယ်တော့မှ
ဖွင့်ဖြစ်တော့မည် မဟုတ်သော ပြတင်းပေါက်တစ်ပေါက်ကို ပိုင်ဆိုင်ထားရခြင်းနှင့် ပတ်သတ်၍
အခန်းကျဉ်းလေးကတော့ ကျေနပ်နိုင်မည် မဟုတ်ပါ။ မျက်စေ့စုံမှိတ်ကာ အညစ်ညမ်းဆုံးသော စကားလုံး
ဖြင့် ဆဲရေးပစ်လိုက်သည် ။ လှေကားအတိုင်းတက်လာသော ခြေသံများ၊ လှေကားအတိုင်း ဆင်းလာသော
ခြေသံများ၊ အခန်းရှေ့မှ ဖြတ်လျှောက်သွားသော ခြေသံများ၊ ခပ်တိုးတိုး စကားသံများ၊ အော်ကြီးဟစ်ကျယ်
စကားသံများ ။သော့ခတ်ကာ ပိတ်ထားသော အခန်းတံခါးရှေ့တွင် လက်ပိုက်ပြီး ရပ်နေရင်း တံခါး၏
အပြင်ဘက်မှ အသံဗလံများကို ကျားနာ တစ်ကောင်လို စူးစူး ရှရှ ကြည့် နေမိသည်။
လမ်းကျဉ်းကျဉ်းလေးထဲမှာ
လူတွေက ဖောင်းပွနေသည်။ တိုးနေသည်။ တိုက်နေသည်။ ကျော်နေသည်။ နင်း နေသည်။ မနက်ခင်း ကုန်ဆုံးသွားသည်အထိ
မရောင်းရသေးဘဲ ကျန်နေခဲ့သော အီကြာကွေး တစ်ချောင်းလို ပျော့ပြဲ ခွေလျော နေသည့် ယုံကြည်ချက်တို့ဖြင့်
ကျီးကန်းများ အသံ တအာအာ အော်မြည် နေကြသည်။ ရနံ့တွေကို ကျဲပက်ဖို့ ကြိုးစားနေသော ပွင့်လက်စ
စံပယ်ငုံကလေး ရေနွေးပူဖြင့် အပက် ခံလိုက်ရသည်။ ဆေးပေါ့လိပ်များသည် နောက်ဆုံးထွက်သက်အထိ
အလောင်ကျွမ်းခံနေရခြင်းကို ခုခံ ကာကွယ် ငြိမ်းသတ် သွားကြသည်။ ကြိုးဖြင့် တွဲလောင်း
ဆွဲထားခြင်း ခံရသော ဂက်စ်မီးခြစ်က အခြေအနေ ပေးသည်နှင့် တပြိုင်နက် မီးလျှံကို အမြင့်ဆုံး
တောက်လောင်ပြသည်။ အပူသည် လူသတ်ကောင် တစ်ကောင်လို ခြေသံလုံလုံဖြင့် ချဉ်းကပ်လာတတ်ပါသည်။
ပိတ်ထားသော
မှန်ပြတင်းကို တဖျတ်ဖျတ် တိုးဝှေ့နေသည့် လိပ်ပြာတစ်ကောင်၏ အတောင်ပံတွေက ဆိုညည်းလက်စ တေးသွားကို အဆုံးမသတ်မှီ အသက်ဆုံးစေခဲ့သည်။
သီချင်းသံ ကင်းမဲ့နေသည့် အခါ မီးသဂြိုလ်စက်၏ ခေါင်းတိုင်မှ လွင့်ထွက်လာသော မီးခိုများ
ပျင်းရိနေကြ ပါလိမ့်မည်။ ၀ယ်ယူ စုဆောင်း ထားသော စာအုပ်များတွင် မိမိ၏ အမည်ကို ရေးထိုးတတ်သည့်
အကျင့်မရှိတော့သည်မှာ ကာလ အတန် ကြာခဲ့ပြီ။ သနပ်ခါး ကြိုက်သည်။ ပိတောက်ပန်း ကြိုက်သည်။
အ၀ါရောင်ကိုတော့ တွေ့ရာ သချိုင်း ဓားမဆိုင်းဘဲ သတ်ပစ်ချင်သည်။ တဖျတ်ဖျတ်လွင့်ခါ မနေဘဲ
ငြိမ်သက်နေကာ ရံဖန်ရံခါတွင်မှ အနည်း ငယ်မျှသာ လှုပ်ခါတတ်သော အ၀ါရောင် ခန်းစီးများ၏ တိုက်စစ်ကို
အလူးအလဲ ကာကွယ်နေရသည်။ အခန်းထောင့်မှ ပန်းအိုးထဲတွင် နှင်းဆီအပင်ပေါက်ကလေးက နွမ်းဖျော့စွာ
ရှင်သန်ခြင်းကို ခြစ်ယူ နေရှာသည်။ အ၀ါရောင် နှင်းဆီများ ပွင့်မလာဖို့ မျှော်လင့်ပါသည်။
တစ်ချိန်က ဗန်ဂိုး၏ နေကြာပန်းများကို ချိတ်ဆွဲ ထားခဲ့ဖူးသော ဧည့်ခန်းနံရံတွင် အ၀ါရောင်တစ်ချို့ စွန်းထင်းကျန်နေရစ်သည်။
သီချင်းနားထောင်ချင်စိတ်
မရှိသောအခါ၊ ဂစ်တာတီးချင်စိတ် မရှိသောအခါ၊ နွမ်းလျနေသော နှင်းဆီပင်ကလေးကို ရေလောင်းချင်စိတ်
မရှိသောအခါ၊ စာဖတ်ချင်စိတ် မရှိသောအခါ၊ ကဗျာရေးချင်စိတ် မရှိသောအခါ၊ ဖုန်းခေါ်သံများကို
လက်ခံဖြေဆိုချင်စိတ် မရှိသောအခါ ၀ရန်တာလေးဆီသို့ထွက်၍ အောက်ကို ငုံကြည့်နေမိခြင်းသည်သာ
တစ်ခုတည်းသော ထွက်ပေါက် ဖြစ်သည်။ ထိုသို့ အမြင့် တစ်နေရာဆီမှ အောက်သို့ ငုံကိုင်းကြည့်လိုက်မိတိုင်း
ကြောက်ရွံ ထိတ်လန့်စိတ်တို့ဖြင့် တုန်လှုပ် လာမိသော ခံစားမှုသည်ပင် အ၀ါရောင်များ၏ တိုက်ခိုက်
ထိုးနှက်နေမှုကို မေ့လျော့ကာနေစေနိုင်သည့် တစ်ခုတည်းသော အကူအညီလည်း ဖြစ်သည်။
ရှုပ်ထွေးနေသော
ဓာတ်ကြိုးများ၏ အောက်တွင် အနက်ရောင် လမ်းမကြီးရှိပါသည်။
ရှုပ်ထွေးနေသော
ဓာတ်ကြိုးများ၏ အပေါ်တွင် အသက်ရှင်နေသေးသော လူတစ်ယောက် ရှိနေသည်။ ။
လင်းဝေအိမ်
No comments:
Post a Comment