07 November 2014

“ ဗျို့ ”

  ဗျို

နေပူထဲက အရိပ်တစ်ခု လောင်ကျွမ်းနေပုံမျိုးနဲ့
လမ်းဟာ လောက်တစ်ကောင်လို ငါတို့ အပေါ်တွားသွားတက်လာတယ်
ပျော်စရာပဲ ဝမ်းနည်းမှုထဲကနေ ထိုးထွက်ရတဲ့ အရသာ
ရှိစုမဲ့စု တိမ်အကျိုးအပဲ့တွေကို အိမ်ရှိရာမှန်းပြီး ရွာချပစ်လိုက်တယ်
အလွမ်းမဟုတ်တဲ့အလွမ်းနာမည်နဲ့ တောတန်းတစ်ခုကို ပုံတူဆွဲပါ၊ သစ်ပင်ရေလောင်းပါ
ပင်စည်မရှိတဲ့ကိုင်းဖျားမှာ တေးသွားတစ်ပိုဒ် ခြေမကိုင်မိလက်မကိုင်မိ ပုပ်နေတယ်
ကြိုးတွေထဲမှာ ကျိုးကျနေတဲ့ ဇက်တွေ / ဇာတ်တွေ
ဇာတ်တူသားကို မြိန်ရေရှက်ရေ စားနေတဲ့ ဂုဏ်သရေရှိတွေ
သရေပင်လို ချုံ့ချည်ချဲ့ချည် နိုင်ငံရေးတွေ
ကိုယ့်ရဲ့ ဝါဆိုလလေးကို သူ တပါးကို လွှဲပြောင်းပေးအပ်ရတော့မယ်
မိလ္လာခံတွင်းကြီးနဲ့ဟပ်လိုက်ပါလား ညှီစို့စို့ဒုက္ခတွေ
ရဲတော့ရဲတယ် ဒါပေမယ့်ကျဲတယ်ဆိုတဲ့ သွေးလှည့်ပတ်မှုကြီးနဲ့ အနာဂတ်ကို
ရင်တွေဘာတွေခုန် ၊ Set Piece အသေတွေကနေ ဂိုးပေးပေးနေရတယ်
ငါတို့ Gold  တွေကို တော့ သူတို့ သယ်ထုတ်နေကြတယ်
ကိုယ့်အဆီအနှစ်နဲ့ ကိုယ် အကြော်ခံရတာလောက် လဲသေဖို့ ကောင်းတာမရှိဘူး
အရိုးပေါ်အရေတင်ယာတွေနဲ့ ပန်းနာရင်ကျပ်မြစ်ချောင်းတွေ
တကယ်ဆို ငါတို့လက်ချောင်းတွေအားလုံး သူတို့ရင်ထဲနှဲ့နှဲ့ပြီးသွင်းပစ်ရမှာ
ကိုယ်စီဝဋ်ဆင် ထားကြရတဲ့ ဒုက္ခအပေါင်းနဲ့ 
သူတို့ရဲ့ အမည်ကိုသောင်းသောင်းဖျဖျ ကျိန်ဆိုမယ်
အချေခံလူတန်းစားတို့ရဲ့ ကြေမွနေတဲ့ အခြေခံဘဝများး
ပြုသူအဟောင်းအတွက် ဖြစ်သူအသစ်ဆိုရင်
ပြုသူအသစ်အတွက်လည်း ဖြစ်သူအသစ်ပဲ၊ စနစ်ကိုက လှိုက်စားနေတာ
ခုတ်ချခံလိုက်ရတဲ့ သစ်ကိုင်းလေးတွေကို ပင်စည်ကြီးက အလေးပြုလိုက်ပါတယ်
လမ်းက  လိမ်နေတော့ လူတွေ ခမျာ အိမ်ပြန်မရောက်နိုင်ကြသေးဘူး
ပြတ်ထွက်သွားတဲ့ ခြေထောက်တွေ၊ ပြတ်ထွက်သွားတဲ့ လက်တွေ
ခန္ဓာကိုယ်ကြီးကိုသာ သနပ်ခါးလိမ်းပြီး ပန်းပန်ထားရတယ်
ဘယ်လိုနည်းနဲ့ ပဲသတ်သတ် သမိုင်းဟာ မသေဘူး
အိမ်သာတက်ပြီးတိုင်း ဟိုမျက်နှာကြီးကိုပါ ရေဆွဲဆွဲချနေမိတယ်
အစိမ်းရောင်ဟာ တောင်တွေဆီက စွန့် ခွါလာရ
အစိမ်းရောင်ဟာ တောတွေဆီက စွန့် ခွါလာရ
အစိမ်းရောင်ဟာ ၂၅ရာခိုင်နှုန်းကတော့ ကားကားကြီးလန်းနေတယ်
ရွှေ့ ပြောင်းတောင်ယာတွေလို ရွှေ့ ပြောင်းအလုပ်သမားတွေလို
ရွှေ့ ပြောင်းခံစာသားတွေမှာ အဓိပ္ပါယ်တွေ သွေးအလုးလူး
လူညှီနံ့ တွေလှိုင်းထနေတဲ့ လူ့ လူးတွင်းကြီးရဲ့ကမ္ဘာ
ရေဇလုံထဲက ငါးခူတွေလို ခေါင်းကို အလေးနဲ့  အထုခံရမယ့် အချိန်ကို 
အချင်းချင်း တိုးတိုက်တွန်းထိုးရင်း စောင့်ဆိုင်းနေကြရ
လက်မောင်းမှာချည်ထားတဲ့ ခပ်ညစ်ညစ် လက်ဖွဲ့ကြိုးလေးတွေ
လည်ပင်းမှာ ဆွဲထားတဲ့ နေနံ့ အရုပ်ကလေးတွေ 
စွပ်ကျယ်အစုတ်လေးနဲ့ ပဲ တိုက်ပုံဝတ်လူတွေရဲ့ တိုက်စစ်ကို ခုခံနေကြရတယ်
ငြိမ်းချမ်းရေးကို လက်ဆွဲမနှုတ်ဆက်ရသေးခင်
အမေ့ထမီစလေး စည်းနှောင်ထားတဲ့ လက်ဟာ ပြတ်ကျသွားခဲ့ပြီ
မရောက်တာကြာပြီဖြစ်နေတဲ့နေရာတစ်ခုခုကို ပြန်သွားချင်သလိုလို ဥပမာ-အမေ့ဝမ်းတွင်း
မစားဖူးတဲ့အစားအစာတစ်ခုခုဆာလောင်သလိုလို ဥပမာ-ငြိမ်းချမ်းရေး
မြင်မကောင်းရှုမကောင်းအောင် ပြန်တမ်းအလီလီနဲ့ အသက်ကိုစက်ဝယ်နေရ
ကဗျာထဲဝင်ကြည့်မှ မြင်ရတဲ့ ရှုခင်းတွေ
ကဗျာထဲဝင်ကြည့်မှ မြင်ရတဲ့ လူလုပ်လောက
ဓိပ္ပါယ်မသိတဲ့စကားလုံးတစ်လုံးကို အသံထွက်မပီတပီအော်ဆိုနေရတဲ့ အသံများး
မိုးက မတိတ်တော့ဘူး၊ ဒဏ်ရာကို မျက်ရည်တွေနဲ့ သိပ်ထားရတယ်
တူးဆွ နံရံပေါ်ဘာအရုပ်ရေးမှာလဲ၊ အနုပညာပဲ နည်းနည်းတော့အ၀င်ဆိုးမယ်
သွေးနံ့တွေ နီရဲတောက်ပနေတဲ့ အရေးဆွဲခံပန်းချီကားထဲက ရုန်းထွက်နိုင်ဖို့
ငှက်တွေဟာ အတောင်ပံတွေကိုသွေးနေရတယ်
ဧရာဝတီက ဧရာဝတီပဲ ယန်ဇီက ယန်ဇီပဲ
ဧရာဝတီကိုတော့ ယန်ဇီအဖြစ်မခံနိုင်ဘူး
လူအုပ်ကြီးဟာ ဒေါသထွက်နေပါတယ်
ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ ကြိုးကိုင်ခံနေရပါတယ်
သွားတုကြီးနဲ့ အသွေးအသားကို ကြိတ်ဝါး
ပဲ့ထွက်သွားတဲ့ရေမြေတွေအစား သူတို့က ပဋိပက္ခတွေပြန်ပေးတယ်
ခေါင်းဖြတ်မှမဟုတ်ဘူး လက်ညှိုးနဲ့ထိုးရုံနဲ့လည်းသေတယ်
တစစီဆွဲဖြဲခံလိုက်ရတဲ့ မြေပုံလေးကို ထမင်းစေ့လေးတွေနဲ့ပြန်ကပ်နေကြတုန်း 
မီးတောက်တွေက ဝုန်းခနဲလာဟပ်တယ်
သံကိုကြွက်စားနဲ့ သားကိုစွန်ချီကြားမှာ ငထွား ဘာတရားရလိုက်ပါသလဲ
မီးသတ်ကားတွေဟာ ကောလဟာလတွေကို မငြိမ်းသတ်နိုင်ကြဘူး
လက်ဖဝါးက စူးဝင်လာတဲ့ဆူးဟာ လက်ဖမိုးကိုပါ ဖောက်ထွက်သွားတယ်
အိမ်ဦးခန်းအသေ မီးဖိုချောင်အသေနဲ့ အိပ်ခန်းအသေ
ဘိုးဘိုးဘွားဘွားအသေ ဖေဖေမေမေအသေ သားသားမီးမီးအသေ
ရပ်နေတဲ့ခေတ်က ဘယ်တော့မှ အဖတ်မတင်ဘူး
ခေတ်အဆက်ဆက် လူငယ်တွေ အဖိတ်အစင်များခဲ့တယ်
သယံဇာတတွေ အဖိတ်အစင်များခဲ့တယ် 
သံသယတွေ အဖိတ်အစင်များခဲ့တယ်
မသန့် ရှင်းတဲ့ ဆေးထိုးအပ်တွေ အသုံးပြုနေရသလိုမျိုး 
လေထုကြီးကလည်း မသန့် ရှင်းတော့ လူထုကြီးကလည်း မသန့် ရှင်းတော့
မသန့် ရှင်းတဲ့လေထုကြီးကို မသန့် ရှင်းတဲ့ လူထုကြီးက ရှူရှိုက်နေရ
မသန့် ရှင်းတဲ့ စင်ပေါ်ကနေ လိမ့်ဆင်းလာတဲ့ မသန့် ရှင်းတဲ့ မိန့် ခွန်းတွေ
ဘယ်လောက်ပဲ လျှော်လျှော် သန့် ရှင်းစင်ကြယ်မလာတဲ့
နိုင်ငံတော်ကြီးကိုပဲ လိပ်ပြာသန့်သန့် နဲ့ ချစ်နေရ
အမှိုက်ဟာ မီးလောင်မှုကိုအားပေးတယ်
ခေါင်းပေါင်းအဖြူဟာ အမှိုက်၊ စာအုပ်အစိမ်းဟာ အမှိုက်၊ ကြီးလေ မှိုက်/မိုက် လေ
လှည်းကျင်းပစ်လိုက် ၀ိုင်ဝိုင်းရဲ့အမှိုက်မဟုတ်တဲ့ ပြည်ထောင်စုအမှိုက်တွေ
ပြသာဒ်တစ်ခုလုံးမီးလောင်နေချိန် အမှိုက်ဟာ မြို့ရိုးပေါ်မှာ တယောထိုင်ထိုးနေတယ်
အနက်ရောင်တွေဟာ အမှောင်ကို မကြောက်တော့ဘူး
လူမမာကို ဆေးခပ်ပြီး မုဒိန်းကျင့်ခံနေရသလို မသန့် ရှင်းတော့တဲ့ နိုင်ငံတော်ဟာ
အမှောင်ကို မျက်ရည်တွေဖယ်ပြီး စိုက်ကြည့်နေရှာတယ်
စိုက်ကြည့်သမျှတွေဟာလည်း ခုတ်လှဲခံလိုက်ရတယ်
တောက်ပလွန်းတဲ့ကြယ်တွေကိုလည်း အလုံပိတ်အခန်းထဲ ထည့်လိုက်ကြတယ်
ဟာသပဲ ' နောင်တစ်ခေတ်ရဲ့ အောင်ကြက်ဆူ' ဆိုလား
မီးမိုးတွေရွာနေတာကို ယမ်းထီးတွေနဲ့ ကာနေကြ
သေနင်္ဂဗျူဟာကျမ်းကို Update လုပ်တယ်ဆိုတာ
နိုင်ငံတော်မြေပုံပေါ်က လက္ခဏာတွေထဲ
အသက်လမ်းကြောင်းနဲ့ စီးပွားရေးလမ်းကြောင်းမှားဟောခြင်းပဲ
မြို့ပျောက် ရွာပျောက်တွေကြားက အလင်းရောင်ပျောက်နေတဲ့ ပန်းတွေ
အာမေဋိတ်ဒွန္နယာကြီးကို မျက်တောင်မခတ်တမ်းငေးကြည့်
အိုး! အား! အလို!
ခေတ်သစ်ကိုပြောင်းပြန် ခေတ်ဟောင်းကိုစီမံ
ညနေအပုပ်ချိန်တွင် စစ်သည်တေး စစ်ချီတေးကို ထုတ်လွှင့်မည်ဖြစ်ပါကြောင်း
အမှတ်တမဲ့ပုတ်နှိုးမိတဲ့ အာမေဋိတ်ဆွေးလုံးကြီးက ဆို့ဆို့တက်
တရုတ်ကဝင်လာတဲ့ ဆိုင်ကယ်တွေက လူဘယ်နှယောက်ကို စားပြီးပြီလဲ
တရုတ်ကဝင်လာတဲ့ စားသောက်ကုန်တွေက လူဘယ်နှယောက်ကို သုံးဆောင်မှီဝဲပြီးပြီလဲ
ပန်းဦးဆက်သလိုမျိုး ငါတို့ အမျိုးကောင်းသမီးတွေကို သူတို့ အပင်လိုက်ဝယ်တယ်
မြို့ခံတွေကို မြို့ပြင်ကန်ချပြီး မြို့လယ်ခေါင်ကို အနီရောင်တွေ ခြယ်တယ်
အဲဒီအနီရောင်တွေဟာ အိမ်ကြက်ချင်းအိုးမဲသုတ်ခွပ်ခိုင်းပြီး ပြုံးပြုံးကြီး ထိုင်ကြည့်တယ်
အဲဒီပိုက်လိုင်းကြီးက တိုင်းပြည်ရဲ့ ဗိုက်သားထဲကို တံစို့ တစ်ချောင်းလို ထိုးသွင်းထားတာ
မဟာတံတိုင်းပေါ်မှာ 'တိုင်းပြည်ကင်မွှေးမွှေးလေး' ကို အရက်နဲ့ ထိုင်မြည်းချင်မြည်းနေမှာ
မီးခိုးတွေအူနေတယ် မြေခွေးတွေအူနေတယ် ညှော်နံ့တွေကြားမှာ
တိုင်းပြည်ဟာ ကားကားကြီး၊ ပွင့်နေတဲ့ ၀မ်းဗိုက်ထဲကနေ ပြည်သူတွေ မီးပုံထဲကို ပြုတ်ပြုတ်ကျ
ဟနေတဲ့ ချုပ်ရိုးတွေကြားမှာ သက်တမ်းလေးဆယ်ကျော် အရိုးတွေဟာ ပြူထွက်နေတယ်
Silent အလုပ်ခံထားရတဲ့ ဖုန်းတစ်လုံးလို တိုင်းပြည်ဟာ အသံတိတ် တုန်ခါနေရ
ပေါင်သားလေးကို ဖဲ့စားသွားတယ် တောင်ပံလေးကို ဖြုတ်စားသွားတယ်
လိုင်းမမိတဲ့ရေဒီယိုနဲ့ ဒီမိုကရေစီဆိုတာကြီးကို ဖမ်းနားထောင်ကြည့်တော့ တဂျစ်ဂျစ်နဲ့
ပင်လယ်အော်ကြီးနဲ့ တောင်မဆံ့တော့တဲ့အာခေါင်ခြစ်အော်သံတွေ
လူ့ အဖြစ်ကနေ လျှောကျနေတာ ရေတံခွန်လိုပဲ တဝေါဝေါ
လူ့ အရင်းအမြစ်တွေ ပေါ်မှာ တော်လဲသံတွေ ပြိုကျနေတယ် တဝေါဝေါ
ခြင်္သေ့ တစ်ပိုင်းငါးတစ်ပိုင်းကျွန်းလေးပေါ်မှာ
အိမ်ဖော်မလေးတွေရဲ့ မျက်ရည်စက်လက်တွေပွင့်နေတယ်
ဘွဲ့ လက်မှတ်တွေဟာ ဗလာစာရွက်တွေနဲ့ ဘာများကွာလို့ လဲ
ငါတို့ မမွေးခင်ကတည်းက စွဲခဲ့တဲ့မီးဟာ ငါတို့ကြီးလာတော့ ငါတို့လိုပဲ ကြီးလာပြီး
ငါတို့ အရွယ်ရောက်လာတော့ ငါတို့နောက်ကလူတွေကိုပါ လှမ်းလှမ်းဟပ်နေပြီ
လမ်းတွေ အများကြီး ဖောက်ခဲ့ပေမယ့် ဘယ်ကိုမှမရောက်ခဲ့ဘူး
တံတားတွေအများကြီး ဆောက်ခဲ့ပေမယ့် ဘာကိုမှ မကျော်ဖြတ်နိုင်ခဲ့ဘူး
ယမ်းမီးခြစ်ဘူးတွေ ခေတ်ကုန်သွားတော့ ဂက်စ်မီးခြစ်တွေ ရောက်လာတယ်
ဘယ်အဆင်ပဲ ၀တ်ထားပါစေ မီးဟာလောင်တတ်တဲ့အကြောင်း ဆေးလိပ်တွေ တိုပြနေကြတယ်
အက္ခရာတွေဟာ ဟိုဝါကျထဲ ၀င်ရတော့မလိုလို ဒီဝါကျထဲ ၀င်ရတော့မလိုလို
ဓားအိမ်တွေက တိုတိုလာပြီး ဓားတွေက ရှည်ရှည်လာတော့ အထိအရှတွေ ပိုပိုများများလာ
လရောင်ကို အမှောင်ဓါတ်သားတွေနဲ့ တွဲပြီး စာသားတွေထဲ လျှိုထည့်ပေးလိုက်တယ်
ဒီချောက်ထဲကို ကျဖို့ ဟိုးအမြင့်ကြီးကို တက်ခဲ့ရတာ
ဂျူးမြစ်တွေကိုတောင် ဟင်းခါးထဲ ထည့်မသောက်ရက်ဘူး
'စင်္ကြာ' တံဆိပ်နဲ အရက်ပုလင်းကို အိမ်သာတိုင်နဲ့ ရိုက်ခွဲပစ်လိုက်တယ်
မုဆိုးမဟုတ်ဘာမဟုတ်နဲ့ လူမှုကွန်ယက်သားကောင်တွေကို တွေ့ တွေ့ နေမိ
စလစ်ဖြစ်လွန်းတဲ့ အာရုံမှောက်မှားမှုတွေ
ပန်းဆိုးတန်း ခုံးတံတားအောက်က အိတ်စ်ပရာဒိတ်ကုန်နေတဲ့ အိပ်မက်အဟောင်းတွေ
နေပြည်တော် သမ္မတ မှာ ဟာသတွေ ငိုရတယ် ၊ ရုပ်ရှင်ဟာ ရုပ်ရော စိတ်ရော သေလို့
သမ္မတကြီးရယ်တော့ ပြည်သူတွေ အားလုံးလိုက်ရယ်ကြတယ်
ပြည်သူတွေ အားလုံးငိုကြရတော့ သမ္မတကြီးက ရယ်တုန်းပဲ
"မိဘပြည်သူများခင်ဗျား......................................."
ဟုတ်ကဲ့ မိဘပြည်သူများကို အောက်ပါအတိုင်းပြင်ဆင်ရေးသားပေးပါ သမ္မတကြီး
မိ  ဘ 
ြ     ပ    ည် 
သူ    များ  
နာတာရှည်အိပ်မက်ဆိုးကြီးကို ဓာတ်ကြမ်းကုနေတာလား
ဘယ်ကအသံလဲမမေးပါနဲ့ ၊ လှုပ်လေမြုပ်လေနွံအိုင်ကြီးထဲမှာ
အနာမီးအနာလျှံတွေနဲ့ မံခြင်းခံထားရတဲ့ မိဘပြည်သူများဆီကအသံပါ
အစ္စရေးနဲ့ ဂါဇာကမ်းမြောင်က ကျည်တွေ မြောက်ကိုရီးယားဒုံးကျည်တွေ
လက်ဘနွန် ပါလက်စတိုင်းက အမြောက်ဆန်တွေနဲ့ ၈၂×၂၇လမ်းက ဓားတွေ
အာဏာရှင်စနစ်ရဲ့ နှလုံးသည်းပွတ်မှာတည်ပါစေ
ကျောက်ကိုခေတ်နဲ့ခတ်ပြီး မီးထပွင့်နေတဲ့ အလံတော်တလူလူ
ကြယ်ဖြူတွေကိုသတ် စပါးနှံကိုသတ် ခွေးသွားစိပ်တွေကိုသတ်
ကြွေးဟောင်းမဆပ်နိုင်သေးခင် ကြွေးသစ်တွေထပ်ချနေရ
ခရိုနီစပေ့ ကွင်းပြင်ကျယ်ကြီးထဲ နင်းပြားကော်ပီပေ့စ်တွေ လိုက်ထည့် နေတယ်
ဘရာဇီးကော်ဖီစေ့တွေလောက်တောင် ချစ်စရာမကောင်းတဲ့ အာရုံလွှဲ ဇာတ်ကွက်တွေ
ကြွေးမြီတွေနဲ့ တည်ဆောက်ထားတဲ့ လျှို့ဝှက်လိုဏ်ခေါင်းကြီး
အဲဒီ လိုဏ်ခေါင်းကြီးကို ဖုံးဖိပေးထားတဲ့ အသုံးချခံမြေကြီးနဲ့ သစ်ပင်တွေက
တစ်နေ့ ကို အခါ သုံးဆယ်လောက် ရယ်တယ်
Gallary ထဲမှာလည်း ငရဲခန်းတွေ တစ်ခန်းပြီးတစ်ခန်း
ဧည့်ခန်းထဲမှာလည်း သဘာဝဘေးန္တရာယ်တွေကို တိရိစ္ဆာန်ဦးခေါင်းလို ချိတ်ဆွဲထားတယ်
လွှတ်တော်ပန်းခင်းကြီးထဲမှာလည်း ပြက်လုံးတွေပွင့်နေလိုက်ပုံများ အဆုတ်လိုက်အခဲလိုက်
မြင်ကွင်းတွေက မျက်လုံးတွေကို မလွှတ်စတမ်း အသေကိုက်ခဲထားတယ်
လိုင်းပေါ်မှာ    တစ်      စ      စီ      ပြန့်       ကျဲ      နေ      တဲ့    လမ်းတွေ
လမ်းပေါ်မှာ    တစ်      စ      စီ      ကျဲ       ပြန့်     နေ      တဲ့    လိုင်းတွေ
               လူ
                          သား
ြ   ပ  တ်
                                                ေ  ရြ  ႕      ေ    တ  ြ
  တ
                     ေ   ရြ     ့
 ေ    ရြ       ့ ။           ။


                                               
လင်းလက်တာရာ ၊ လင်းဝေအိမ် ၊   သစ္စာမင်းအိမ် 
နှင်းဆီဖြူ မဂ္ဂဇင်း၊ နိုဝင်ဘာလ၊၂၀၁၄

No comments:

Post a Comment