06 November 2014

" မကျွတ်မလွတ်နိုင်တဲ့ တစ္ဆေ"

" မကျွတ်မလွတ်နိုင်တဲ့ တစ္ဆေ"

ဟေ့လူ...ကျုပ်တို့က မိုးလေ၀သနဲ့အလောင်းကစားလုပ်နေရတာ
ဟေ့လူ...ယာမြေပေါ်မှာ ချွေးစက်တွေ ထိုးကျွေးလိုက်ကြရ
ဟေ့လူ...မိုးဟာ ချဲထီလောက်တောင် တွက်ချက်ဖို့မလွယ်လှဘူး
ဟေ့လူ...တစ်မိုးကောင်း၊ တစ်ချောင်းစီး
ဟေ့လူ...တစ်သီးစား၊ နှစ်သီးစား
ဟေ့လူ...တစ်မိုးမှမကောင်းဘူး၊ ချွေးသမုဒ္ဒရာစီးတယ်၊ ဘယ်နှသီးစားလဲ
ဟေ့လူ...တစ်မိုးလုံးကောင်းတယ်၊ ရေသမုဒ္ဒရာစီးတယ်၊ ဘယ်နှသီးစားလဲ
ဟေ့လူ...သီးထပ် သီးညှပ်
ဟေ့လူ...မြေကြီးမှ ရွှေသီး
ဟေ့လူ...လက်မှုလယ်ယာမှ စက်မှုလယ်ယာ
ဟေ့လူ...စိုက်ပျိုးရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော
ဟေ့လူ...နိုင်ငံတော် အသစ်ကြီးဆီသို့
ဟေ့လူ...စိတ်ကူးလှလှ
ဟေ့လူ...အက္ခရာမပါဘဲ ရေးချင်နေတဲ့ဝါကျတွေ
ဟေ့လူ...ထမင်းအိုးကို စိတ်ကူးနဲ့တည်လို့မရဘူး
ဟေ့လူ...ခေါင်းပေါင်းတွေ တစ်ခုပြီးတစ်ခုပြောင်းတယ်
ဟေ့လူ…ကျုပ်တို့ကဖိနပ်အဟောင်းတွေပါ
ဟေ့လူ...မောင်ထင် သေပြီ
ဟေ့လူ...ငဘ မသေသေးဘူး
ဟေ့လူ...ယာလုပ်လို့ဖာရုပ်ပေါက်သတဲ့
ဟေ့လူ...ယာမလုပ်ရင် ဘာရုပ်ပေါက်မလဲ
ဟေ့လူ...သီတင်းကျွတ်ပြီ
ဟေ့လူ...၀ဋ်မကျွတ်ဘူး
ဟေ့လူ...တောင်သူရွင်ပြုံးတန်ဆောင်မုန်း
ဟေ့လူ...တန်ဆောင်မုန်းဟာ သေဆုံးခဲ့ပြီ
ဟေ့လူ… ဆင်းရဲမွဲတေမှုပပျောက်ရေးတဲ့
ဟေ့လူ… ကျုပ်တို့ အားလုံး သေပေးလိုက်ရမှာလား
ဟေ့လူ...နေဟာ ထန်းတစ်ဖျားရောက်နေပြီ
ဟေ့လူ...နေဟာ ထန်းတစ်ဖျားမှာရပ်နေတယ်၊ မဆင်းဘူး
ဟေ့လူ...ဆင်းရဲမွဲတေမှုမှာရော
ဟေ့လူ...သင်္ခါရမရှိဘူးလား
ဟေ့လူ...ထွန်ခြစ်ကြောင်းရာတွေဖြောင့်တန်းတယ်
ဟေ့လူ...စားဝတ်နေရေးမဖြောင့်တန်းဘူး
ဟေ့လူ...မိရိုးဖလာ
ဟေ့လူ...မိဘ လက်ငုတ်
ဟေ့လူ...လုပ်လုပ် ငတ်ငတ်
ဟေ့လူ...လက်လုပ် လက်စား
ဟေ့လူ...ဘ၀တစ်ထောက်စာ တူးဆွရတယ်
ဟေ့လူ...လက်တစ်ဖျားစာလေးတောင် မချိုရဘူး
ဟေ့လူ...ရိတ်သိမ်းချိန်မှာ
ဟေ့လူ...ကျုပ်တို့ ရိတ်တယ်
ဟေ့လူ...ကျုပ်တို့ မသိမ်းရဘူး
ဟေ့လူ...ခင်ဗျားချွန်နေတဲ့ထွန်သွားဟာ
ဟေ့လူ...ယာမြေအတွက်လား
ဟေ့လူ…ခင်ဗျားရင်ဘတ်အတွက်လား
ဟေ့လူ...စားစရာမရှိတဲ့ခင်ဗျားက
ဟေ့လူ...မြက်ခြောက်စားနေတဲ့ နွားပိန်မကိုသနားတယ်
ဟေ့လူ...ထမင်းတစ်လုတ် ထင်းခုတ်စားမယ်
ဟေ့လူ...ဘီအီးဒီ အောင်သိုက်က သေသွားပြီ
ဟေ့လူ...ငွေအတိုးနဲ့ဝယ်ပြီး ကြဲရတဲ့ မျိုးစေ့တွေဟာ
ဟေ့လူ...အထွက်နှုန်း နည်းတတ်သလား
ဟေ့လူ...လှည်းဟာ လှည်းလမ်းကြောင်းအတိုင်းလိုက်တယ်
ဟေ့လူ...လှည်းလမ်းကြောင်းဟာ လှည်းနောက်ကိုလိုက်တယ်
ဟေ့လူ...လှည်းဟာ လှည်းလမ်းကြောင်းထဲကရုန်းမထွက်နိုင်ဘူး
ဟေ့လူ...လှည်းဟာ  ဖုန်လုံးကြီးတွေကြားကပြေးမထွက်နိုင်ဘူး
ဟေ့လူ...ကျုပ်တို့ဘယ်လိုပဲ ရုန်းရုန်း
ဟေ့လူ…မနက်ဖြန်လှလှတွေဟာ ပခုံးပေါ်မှာပါမလာဘူး
ဟေ့လူ...မိုးခေါင်လို့ နွမ်းနေတဲ့ နှမ်းပင်လေးတွေ
ဟေ့လူ...မိုးများလို့ ၀ါနေတဲ့ နှမ်းပင်လေးတွေ
ဟေ့လူ...ပိုးကျနေတဲ့ နှမ်းပင်လေးတွေ
ဟေ့လူ...အဟာရချို့တဲ့နေတဲ့ နှမ်းပင်လေးတွေ
ဟေ့လူ...အနင်းချေခံလိုက်ရတဲ့ နှမ်းပင်လေးတွေ
ဟေ့လူ...ကြွေလွင့်သွားတဲ့ နှမ်းပင်ကလေးတွေ
ဟေ့လူ...ကြွေကျသွားတဲ့ နှမ်းပွင့်ကလေးတွေ
ဟေ့လူ...အခြေအနေက အဖိတ်အစင်သိပ်များတယ်
ဟေ့လူ...လှည်းဆီမထိုးနိုင်တဲ့ လှည်းအိုကြီးရဲ့
ဟေ့လူ...တအီအီ ငိုညည်းသံရှည်
ဟေ့လူ...ခရီးကဖင့်နေပြီ
ဟေ့လူ...တောင်သူယာလုပ် ဓားမခုတ်
ဟေ့လူ...ဆင်းရဲခြင်းဟာ ဓားမနဲ့ခုတ်လည်းမသေဘူး
ဟေ့လူ...သက်ရောက်မှုတိုင်းမှာ
ဟေ့လူ...တန်ပြန်သက်ရောက်မှုရှိသတဲ့
ဟေ့လူ...ထွန်ခြစ်ရာတွေနက်ရှိုင်းသလောက်
ဟေ့လူ...ဆန်တွင်းက နက်နေသလား
ဟေ့လူ...ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့
ဟေ့လူ...ခေါင်းဟာ မြောင်းထဲမှာ
ဟေ့လူ...ဒဏ်ရာတွေက သွေးမတိတ်ဘူး
ဟေ့လူ...နာကျင်ခြင်းကိုတော့သွေးတိတ်ထားရတယ်
ဟေ့လူ...ခေတ်ရဲ့ရိတ်သိမ်းခြင်းမှာ
ဟေ့လူ...ကျုပ်တို့လည်စင်းပေးနေရ
ဟေ့လူ...ဆင်းရဲခြင်းက မကျွတ်နိုင်တဲ့တစ္ဆေ
ဟေ့လူ...နေထွက် နေ၀င်
ဟေ့လူ...မိုးလင်း မိုးချုပ်
ဟေ့လူ...နေဟာ ပူတယ်
ဟေ့လူ...ငွေဟာ နေထက်ပိုပူတယ်
ဟေ့လူ...မြွေကိုက်မှာ မကြောက်ဘူး
ဟေ့လူ...ငွေကိုက်မှာ ကြောက်တယ်
ဟေ့လူ...နေလောင်ခံရတဲ့ အသားအရေ
ဟေ့လူ...ငွေလောင်ခံရတဲ့ ဘဝ
ဟေ့လူ...နောက်ကျောကို နေလှန်းပြီး
ဟေ့လူ...ဘ၀ကို နေခိုနေရ
ဟေ့လူ...ကျုပ်တို့ကလေးတွေကို ဆင်းရဲခြင်းပဲအမွေပေးရတော့မှာလား
ဟေ့လူ...ကျုပ်တို့ကလေးတွေဟာ တောင်သူလုပ်တမ်းမကစားဘူး
ဟေ့လူ...ကျုပ်တို့ကလေးတွေဟာ စစ်တိုက်တမ်းကစားတယ်
ဟေ့လူ...ကျုပ်တို့ကလေးတွေကို ခေတ်ကရေးသွားတာလား
ဟေ့လူ...နှင်တံတစ်ချောင်းက
ဟေ့လူ...နွားပဲမောင်းလို့ရတယ်
ဟေ့လူ...ငွေစက္ကူတစ်ရွက်နဲ့
ဟေ့လူ...ဘ၀တွေတစ်အုပ်ကြီးအမောင်းခံနေရ
ဟေ့လူ...ကျွဲနွားတွေကို ချည်တိုင်မှာ ချည်ထားတယ်
ဟေ့လူ...ကျုပ်တို့ကို ဘယ်မှာ ချည်ထားတာလဲ
ဟေ့လူ...ယမထာရွှေကြိမ်လုံးရယ်နဲ့
ဟေ့လူ...ထွန်တုံးကိုတဲ့ခြေတော်တင်
ဟေ့လူ...ပုံပြင်ဟာပုံပြင်ပဲ
ဟေ့လူ...မွဲတေမှုကြိမ်လုံးနဲ့
ဟေ့လူ...ကျုပ်တို့ကျောကုန်းကိုခြေတော်တင်
ဟေ့လူ...ကျုပ်သမီးလေးကို မြို့မှာ ကျောင်းထားချင်တယ်
ဟေ့လူ...နွားတစ်ရှဉ်း မရှိတော့ဘူး
ဟေ့လူ...ယာတစ်ကွက် မရှိတော့ဘူး
ဟေ့လူ...နှင်တံတစ်ချောင်းကိုပဲ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရတယ်
ဟေ့လူ...ကျုပ်ဟာ ဘာကောင်လဲ။        ။                                                                                                                            လင်းဝေအိမ်

No comments:

Post a Comment